ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
၄၀ကျော်အတွေးတွေကို ပြန်မကောက်ချင်တော့လို့ နေခဲ့တာကြာပါပြီ၊ စခဲ့မိမှတော့ အဆုံးသတ်ရမဲ့ တာဝန်ကရှိသေးတယ်။
၅၀ပြည့်လာတဲ့အချိန်မှာ ဒီအတွေးတွေကနေ ရလာတဲ့ အယူအဆ၊ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေကို ၀မ်းမြောက်စကားဆိုချင်တာနဲ့ ဒီအတွေးစကို ပြန်ဆွဲမိတယ်။
ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို တစေ့တစောင်းတော့ စဉ်းစားကြည့်ဖို့ကောင်းတယ်။ ဒါတောင် ဒီဘ၀မှာ လူဖြစ်လို့တာ စဉ်းစားနိုင်တာပါ၊ လူ့ဘ၀ကို မရောက်ခင်က ဘယ်ဘ၀မှာ အနေကြာခဲ့သလဲပေါ့၊ ဘုရားတွေ အဆူဆူပွင့်ခဲ့ပေမဲ့ အခုထိအောင်မကျွတ်ဘဲ နေလာခဲ့ရတာ ဘယ်ဘုရားသာသနာနဲ့မှ မကြုံခဲ့ရသေးလို့ပေါ့။ ဒီလို သာသနာနဲ့လွဲနေခဲ့ရတာ လူမဖြစ်နတ်မဖြစ်ဘဲ အောက်ထစ်ဆုံး ငရဲဘ၀က ပြန်မတက်လို့လား၊ အပါယ်ဘုံမှာပဲ စုန်ကာဆန်ကာ အနေကြာခဲ့လို့လား စဉ်းစားစရာပါ။
ခုဘ၀ကျမှသာ လူ့ရွာလူ့ဘ၀ကိုရောက်လာ၊ ဘုရားသာသနာနဲ့လည်းကြုံ၊ ကိုယ်တိုင်ကလည်း နှလုံးကပ် သုံးသပ်ပြီး စဉ်းစားဆုံးဖြတ်နိုင်လို့ ကိုယ့်ဘ၀ ကိုယ့်ဖြစ်အင်ကို တွေးမြင်ကြည့်လိုက်တာ…… အော် မိုက်မှားခဲ့လေသမျှ အသဲမှာ နာကျင်မိတယ်၊ ကြောက်စရာကောင်းလွန်းတဲ့ သံသရာမှာ ၀ဋ်ဒုက္ခရှည်ခဲ့ပြီ၊ ဒီဘ၀မှာတော့ ဘ၀ အရှိကို သိဖို့သင့်ပြီလေ။
ပုထုဇဉ်ရဲ့သဘော စောကြောကြည့်မိတယ်၊ မျက်ကန်းဘ၀နဲ့ သံသရာအဆင်းလမ်းမှာ စမ်းတ၀ါးဝါးနဲ့ လျှောက်သွားနေလိုက်တာ ရှေ့မှာ မတ်စောက်တဲ့ ဘ၀ချောက်ကမ်းပါးကြီးရှိနေပေမဲ့ သူကမှမမြင်တော့ ချောက်ထဲကျတာ ဘာဆန်းမလဲ၊ မချိမဆန့် အထိနာမှ ထိတ်ထိတ်လန့်လန့်နဲ့ လူးလွန့်ထူထ လာနိုင်ပြန်တော့လဲ မှုန်ပျပျ အဆင်းလမ်းကိုပဲ အတက်လမ်းထင်ပြီး မှန်းဆလျှောက်တော့ နောက်တခါချောက်ကျရပြန်တာပေါ့။ ဒီလိုနဲ့ပဲ ပုထုဇဉ်တွေဟာ တစ်ဘ၀ပြီး တစ်ဘ၀ ချောက်ကျနေခဲ့တာ ကာလများစွာ ကြာခဲ့ပြီလေ။
လူ့ပြည်မှာ လူ့ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ကံကြွေး ၀ဋ်ကြွေးပေါင်းများစွာကို ဘ၀ပေါင်းများစွာမှာ အသွေး၊ အသား၊ အရေပါမကျန်ပေးဆပ်၊ ပခုံးထမ်းတုံးထမ်း ကုန်းရုံးဆပ်ခဲ့ကြရတယ်။ ဒီလို ကံကြွေးဟောင်းအလီလီကို ကြေလည်အောင်ပေးဆပ်ပြီးမှသာ လူ့ဘ၀လူ့ရွာကို တစ်ခါတစ်ခေါက် ရောက်ခွင့်ရတာပါ။ ရောက်လာတဲ့ လူ့ဘ၀တစ်ခေါက်မှာ ဘုရားသာသနာနဲ့ကြုံရတယ်။ ဒါကို အခွင့်ကောင်းလို့မထင် မဆင်မခြင်ဘဲ၊ အပါယ်မကြောက်၊ သံသရာမကြောက် မိုက်မိုက်မဲမဲ အလေလိုက်ပြီး အနေလွဲလိုက်ရင်တော့ ငါ့လောက်မိုက်သူ ဤဇမ္ဗူမှာ ရှိမယ်မထင်။
သုဂတိမှာလူဖြစ်နေတဲ့ အခုဘ၀ကိုပြန်ကြည့်တော့လဲ အနှစ် ၅၀ အနေကြာခဲ့တာ ဘာအဓိပ္ပာယ်ရှိသလဲ။ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ထိုင်ဖို့ မချို့တဲ့ရအောင် ရုန်းလိုက်ရတာ၊ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဝမ်းကိုကျောင်းနေရတာတောင် ပေါ့တယ်ထင်လို့ ထပ်တင်လာလိုက်တာ ဇနီးမယား၊ သမီး၊ သားပါစုံနေပြီ ၁၀၈ ပင်လိမ်ကြိုးနဲ့ တုတ်ထားတော့ ဘယ်လွယ်လွယ်နဲ့ချလို့ရမလဲ။ ဘ၀လမ်းတစ်လျှောက်မှာ ငါထမ်းခဲ့ရတဲ့ ၀န်ထုပ်ပမာဏက ကြီးလွန်းလှပါလား။
မိုးသောက်က နေ၀င် ပူပင်ကြောင့်ကြ တောင့်တမှုတွေနဲ့ အလုပ်နဲ့လက်မပြတ်အောင် ကြိုးစားခဲ့ရတယ်။
စားဝတ်နေရေးအတွက် တွေးပူရင်လေးပြီး တွေးတောကြံဆလုပ်နေတာကိုပဲ ဘ၀က မပြည့်စုံ မဖူလုံခဲ့ဘူး။ ဒီခန္ဓာ ကို စားကောင်းသောက်ဖွယ်တွေကြွေး၊ အဖိုးတန်အ၀တ်အစားတွေဆင်နဲ့ ဘယ်လောက်ပဲ အကြင်နာ အယုယတွေနဲ့ ဂရုတစိုက် ပြုစုလုပ်ကြွေးနေပေမဲ့ ဒီခန္ဓာကတော့ ငါ့ကို မညှာမတာ အိုမင်းရင့်ရော်မှုဆီ ဆွဲခေါ်နေပြီ။ သံယောဇဉ် အမျှင်တန်းက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး ငါ့မှာ ဒိဋ္ဌိ ခံနေတယ်။
ပြန်စဉ်းစားကြည့်တယ် ဒီခန္ဓာမှာ ဘာကိုငါက ချစ်နေရတာလဲ၊ အထင်ကြီးစရာ ဘာတွေတန်ဖိုးရှိသလဲ၊ ဖရိုဖရဲနဲ့ ဖောက်ပြန်နေတဲ့ ရုပ်အလောင်းကို သုဿန်ထုတ် မီးဖုတ်ဖျက်ဆီးခံရပြီး အချည်းနှီးနဲ့ တစ်ဘ၀ အဆုံးသတ်ရရင်တော့ ပါယ်ရွာလားမှာသေချာတယ်။ သံသရာ ချောက်ကမ်းပါးမှာ ဇောက်ထိုးမိုးမျှော်နဲ့ ကျရင်းပျော်နေရင်တော့ ငါဟာလူမိုက် ဒုက္ခကြိုက်ဖြစ်တော့မယ်။
လူဖြစ်နေတာ ခန္ဓာလား ငါလား ဆိုတာ ကွဲကွဲပြားပြားနားမလည်ခဲ့ဘူး။ ခန္ဓာငါးပါး သဘာဝကိုက အနိစ္စမို့ တားမရ ဆီးမရ ဖောက်ပြန်ပြနေတာတောင် ငါ့မှာ တပ်မက်ခဲ့ရ၊ စွဲလမ်းခဲ့ရတယ်၊ တကယ်တော့ အမှန်မသိတာ၊ ဥာဏ်မရှိတာ ငါပါလား၊ တရားမသိတာလည်း ငါ၊ အမှားမသိတာလည်း ငါပဲ။ ဘ၀ရဲ့ ဆည်းဆာချိန်ရောက်မှ ဖောက်ပြန်တဲ့ ရုပ်နာမ်ကို ဆင်ခြင်ဥာဏ်ရောက်တော့တယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို နှလုံးကပ်ပြီး သမ္မာ ဒိဋ္ဌိ ဥာဏ်မျက်စိနဲ့ ဘ၀ကိုလှန် ရေဆန်ခရီးကို မဂ္ဂင်ဖောင်ကြီး အပိုင်စီးပြီး အပြီးသွားရန်အတွက် ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရကို ငါပဲ ငါ့ဟာ ငါ့ဥစ္စာ လို့ စွဲမှတ်ထင်နေတဲ ဒိဋ္ဌိ စုကို အခုဘ၀ ပယ်သတ်နိုင်မှသာ သံသရာဝဋ်က အပြီးကျွတ်ပြီး ဒုက္ခချုပ်ငြိမ်းကြတဲ့ ခပ်သိမ်းသောအရိယာတို့လို အောင်မြင်ထွန်းပေါက် ပန်းတိုင်ရောက်လိမ့်မယ်။
သံဝေဂနဲ့ ဘ၀အသိက နောက်ကျသွားပြီလို့ မဆိုနိုင်ပေမဲ့ တရားကိုသိတော့ ဘ၀က လက်ချည်းကျန်ဖြစ်တော့မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမစကား နှလုံးသားမှာထားပြီး အသေမဦးမီ ဥာဏ်ဦးအောင်လုပ်ရမယ်။ ကျန်နေတဲ့ ဘ၀ အစိတ်အပိုင်းကို အကာနဲ့ အနှစ် ဘာဖြစ်လို့မလဲနိုင်ရမှာလဲ၊ ဘ၀ အဆက်ဆက်က ညစ်မည်းလာတဲ့ အသဲကို ပြောင်အောင်တိုက်၊ မိုက်မှောင်နေတဲ့ ဘ၀ထဲကထွက် ပန်းတိုင်ဆီဦးတည်တဲ့ အဆန်လမ်းကို လျှောက်တော့မယ်။ ဆုံးဖြတ်ပြီးသား လူတစ်ယောက်အဖို့ ဒီဘ၀ ဒီခန္ဓာနဲ့ ခရီးတစ်ထောက်တော့ ရောက်ဦးမှာပါ၊ ရောက်မှာပါ။
Friday, June 25, 2010
၄၀ကျော်အတွေးများမှ ရွှေရတု ဥဒါန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment