ကိုလူချစ်(ကိုရီးယား)
မြန်မာအသင်း ဥက္ကဋ္ဌဖလား ဘော်လုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေသည့် မြင်ကွင်းတခု
မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌဖလား (၁၀)ကြိမ်မြောက် ဘော်လုံးပြိုင်ပွဲကို ၂၀၁၀ခုနှစ် ဇူလိုင်လ (၄)ရက်နေမနက့်တွင် ဘူချွှန်းမြို့ အားကစားရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အားကစားသမားများနှင့် ပရိတ်သတ်များမှ မြန်မာနိုင်ငံတွင် ကွယ်လွန်ခဲ့ကြသည့် ဘော်လုံးသမားများ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် (၈)စက္ကန့် ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။ ဘော်လုံးပြိုင်ပွဲတွင် မိုးကြိုး၊ဂွမ်ဂျုး၊ဒေဂူး၊အန်ဆန်း၊ယော်ဂျုး၊အင်ချွှန်း၊ချင်း၊ဧရာဝတီ၊ဒေ၀ူး(မြန်မာ)နှင့် အောင်ဆန်းအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဘော်လုံးအသင်းများ အနက် ဒေဂူးအသင်း၊ဒေ၀ူး(မြန်မာ)အသင်း၊ယော်ဂျုးအသင်းတို့သည် ဘော်လုံးပြိုင်ပွဲ ကျင်းပသည့် ဘူချွှန်းမြို့နှင့် အလွန်ဝေးကွာသည့် နယ်မြို့များမှ လာရောက် ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်သည်။
ပထမဆု ရရှိသွားသည့် ဂွမ်ဂျုးဘော်လုံးအသင်းမှ ဆုလက်ခံရယူနေစဉ်
ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အန်ဆန်းအသင်းနှင့် ဂွမ်ဂျုးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဂွမ်ဂျုးအသင်းမှ အန်ဆန်းအသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ မြန်မာအသင်း ဥက္ကဋ္ဌဖလားအား ဆွတ်ခူးသွားခဲ့သည်။ ဒုတိယဆုအား အန်ဆန်းအသင်းမှ ရရှိပြီး အင်ချွှန်းအသင်းမှ တတိယဆု ရရှိသွားခဲ့သည်။ ထို့အပြင် ဘော်လုံးပြိုင်ပွဲတွင် ရှေ့တန်း အကောင်းဆုံးဆုကို အင်ချွှန်းအသင်းမှ ကျောနံပါတ်(၃၂) ဘိုဘိုမင်း၊အလယ်တန်း အကောင်းဆုံးဆုကို ဒေ၀ူး(မြန်မာ) အသင်းမှ ကျောနံပါတ်(၆) မောင်မောင်လွင်၊ နောက်တန်း အကောင်းဆုံးဆုကို အန်ဆန်းအသင်းမှ ကျောနံပါတ်(၄) ကျော်မိုး တို့မှ အသီးသီး ရရှိခဲ့ကြပြီး အကောင်းဆုံး ဂိုးသမားဆုကို ဆီမီးဖိုင်နယ်တွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကစားသည့်ပွဲတွင် အောင်ဆန်းအသင်း၏ ကန်သွင်းချက်အား ၂လုံး ပုတ်ထုတ်ကာကွယ်သွားခဲ့သည့် အန်ဆန်းအသင်းမှ ဂိုးသမား နိုင်ဝင်းမှ ရရှိသွားသည်။ အကောင်းဆုံး ဘော်လုံးသမားဆုကို အန်ဆန်းအသင်းမှ အလယ်တန်းလူ ကျောနံပါတ်(၆) အောင်သူဝင်းမှ ရရှိခဲ့သည်။ အကောင်းဆုံး ဘော်လုံးသမားဆု ရရှိခဲ့သည့် အောင်သူဝင်းမှ မိမိအနေဖြင့် မိမိအသင်း ပထမဆု ဆွတ်ခူးမည်ဆိုရင် အတိုင်းမသိ ၀မ်းမြောက်မည်ဖြစ်သော်လည်း ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွက် ၀မ်းနည်းကြောင်း သို့သော် မိမိအား အကောင်းဆုံး ဘော်လုံးသမားဆုကို ချီးမြှင့်ပေးသည့်အတွက် မြန်မာအသင်း(ကိုရီးယား)အား ကျေဇူးတင်ပါကြောင်း ပြောသွားခဲ့သည်။
အကောင်းဆုံးဘော်လုံးသမားဆုရ အန်ဆန်းအသင်းမှ နံပါတ်(၆) ကျော်သူဝင်းမှ ဆုလက်ခံရယူနေစဉ်
မြန်မာအသင်း(ကိုရီးယား)မှ ဘော်လုံးပြိင်ပွဲ ကျင်းပပေးရသည့် ရည်ရွယ်ချက်အား မေးမြန်းသည့် အခါတွင် မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ ကိုရီးယားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ လုပ်ငန်းခွင်များတွင်သာ မဟုတ်ပဲ အားကစားဖက်တွင်လည်း စိတ်ပါဝင်စားမှု ပိုမိုများပြား လာစေပြီး အားကစားမှ တဆင့် ကိုယ့်နိုင်ငံသားအချင်းချင်း စည်းလုံးချစ်ကြည်မှုများ ပိုမိုတိုးပွားလာစေပြီး အသင်းအဖွဲ့ စိတ်ဓါတ်များ ပိုမိုခိုင်မာလာစေသလို ကျန်းမာရေး အတွက်လည်း အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌ ဖလား ဘော်လုံးပြိုင်ပွဲသည် ကိုရီးယားနိုင်ငံတွင် ရောက်ရှိ နေထိုင် အလုပ်လုပ်ကိုင် နေကြသည့် နိုင်ငံခြားသားများအနက် မိမိနိုင်ငံသားများအတွက် ကျင်းပပေးသည့် တစ်ခုတည်းသော ဘော်လုံးပြိုင်ပွဲလည်းဖြစ်ပေသည်။ ဘော်လုံးပြိုင်ပွဲတွင် အားကစားသမားများနှင့် ဘော်လုံး ၀ါသနာရှင် ပရိတ်သတ် စုစုပေါင်း ၄၀၀ကျော် တက်ရောက် အားပေးခဲ့ကြလေသည်။
ဓါတ်ပုံများ ပေးပို့ပေးခဲ့သည့် ကိုဘော်ဘော်အား ကျေးဇူးအထူးတင်ရှိပါသည်။
ကိုလူချစ်(ကိုရီးယား)
Tuesday, July 6, 2010
မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌဖလား (၁၀)ကြိမ်မြောက် ဘော်လုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာပြီးစီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment