ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးငယ်ရေ
ဟိုး… လွန်ခဲ့တဲ့ ၂၂နှစ်၊ သမီးလူ့ပြည်ကို မရောက်ခင်ကာလက အဖေ ပြည်ပကိုတစ်ကြိမ် ရောက်ခဲ့ရသေးတယ်၊ အဲ့ဒီတုန်းက သမီးအကိုကြီးကို ၅နှစ်သားနဲ့ အဖေခွဲခဲ့ရတယ်။ အဲ့ဒီခေတ်က ဆက်သွယ်ရေးတွေကလည်းမကောင်း၊ အဖေကိုယ်တိုင်ကလည်း ဆက်သွယ်မှုဧရိယာ ပြင်ပကိုရောက်နေတော့ သမီးအကိုကြီးနဲ့ ၃နှစ်ကျော်လောက် စကားမပြောခဲ့ရဘူး။ အဖေအိမ်ကိုပြန်ရောက်တော့ သမီးအကိုကြီးက အဖေ့ကိုနဲနဲစိမ်းနေတယ်၊ အဖေသွားလေရာကိုခေါ်ပြီး ရင်းနှီးအောင် အတော်ကြိုးစားခဲ့ရတယ်။ အဖေ့မှာ အဲ့ဒီခံစားမှုရှိခဲ့တယ်သမီး။
အခုတစ်ခေါက် ပြည်ပခရီးထွက်လာရတော့ သမီးလေးက ၈ နှစ်ရှိပြီ အဖေ့ကိုလည်း အမေ့ထက်ပိုပြီးခင်တွယ်နေတာ တွေ့ရတယ်။ အဲ့ဒီတွယ်တာမှုလေးပျက်သွားမှာ အဖေအရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့်လည်း တစ်ပတ်ကို ၂ ခါလောက် သမီးနဲ့စကားပြောခွင့်ရအောင် ကြိုးစားခဲ့ရတယ်သမီး။ တယ်လီဖုန်းဖိုးကာမိအောင် အချိန်ပိုအလုပ်တွေကို အဖေပျော်ပျော်ကြီးလုပ်ခဲ့တယ်သမီး။ သမီးအမေက သမီးအိပ်ပျော်နေလို့ မနှိုးရင် သမီးကို ဘာဖြစ်လို့ မနှိုးရတာလဲ သမီးအဖေနဲ့ပြောစရာရှိတယ်ဆိုပြိး ဆူဆူအောင့်အောင့်လုပ်တာတွေ၊ အဖေဆီက ဖုန်းလာလို့သမီးကို ခေါ်လိုက်တဲ့အခါ ကစားနေရာက အတင်းပြေးလာတာတွေ၊ အိပ်ပျော်နေလို့ နှိုးလိုက်ရင်လည်း ကြည်ကြည်ဖြူဖြူထလာတာတွေ ပြန်သိရတော့ အဖေမှာ အရမ်းပီတိဖြစ်ရတယ်။ အင်တာနက်တွေ ခေတ်စားလာတော့ အဖေနဲ့အင်တာနက်က စကားပြောနိုင်အောင် ကွန်ပျူတာ အမြန်သင်တာ၊ စာရိုက်တတ်အောင်မအိပ်ပဲလေ့ကျင့်တာ၊ အပတ်စဉ်ချိန်းထားတဲ့အချိန်ကို မပျက်ကွက်အောင် ဂရုတစိုက်ရှိတာတွေဟာ အဖေ့အတွက်တော့ ပိတိဖြစ်စရာတွေပါပဲ။ အားလုံးအားလုံးထဲမှာ အဖေ့အတွက် ပိတိအဖြစ်ဆုံး အကြေနပ်ဆုံးကတော့ ဒီကနေ့မေးလိုက်တဲ့ သမီးရဲ့ အမေးစကားပဲ။ ဘာတဲ့ အဖေ ဘာသာရေးဆိုတာဘာလဲဟင်…. ဗုဒ္ဓဘာသာ သဘောကိုလည်း သမီးကောင်းကောင်းမသိဘူး၊ အဖေသိသလောက် သမီးကိုရှင်းပြပေးပါ… ဟုတ်လား။ ၀မ်းသာလိုက်တာ သမီး ဒါအဖေပေးချင်နေတဲ့ အမွေကို သမီးကတောင်းလိုက်တာပဲ။ အဖေ အပတ်စဉ် စာရေးပြီးရှင်းပြမယ်နော်။
သမီးက ဘာသာရေးနဲ့ပတ်သက်ပြီး လေ့လာချင်တယ်၊ သိချင်တယ်ဆိုတော့ ဘယ်ကစပြီး ပြောရမလဲလို့ စဉ်းစားတယ်။ ဘာသာရေးသဘောက ကျယ်ပြန့်နက်နဲလှတယ်သမီး၊ ကျမ်းတစ်စောင် စာတစ်အုပ်လောက်နဲ့တော့ မပြည့်စုံနိုင်ဘူး။ အဖေ ဖတ်မှတ် လေ့လာထားခဲ့သလောက် အမှားအယွင်း မရှိရအောင် ကျမ်းကိုးကျမ်းကား နဲ့တကွ တိုတိုရှင်းရှင်းနဲ့ လိုရင်းမိအောင်တော့ ကြိုးစားရှင်းပြပေးမယ်။
ဘာသာရေးဆိုတာ ဒီသတ္တလောကမှာ အဓိကအကျဆုံးဖြစ်တဲ့ လူကြောင့်ဖြစ်လာရတာဆိုတော့ လူ့ဘ၀အခြေခံသဘောကစပြီး အကျဉ်းချုပ်ပြောပြမယ်နော်။
လူရယ်လို့ ဖြစ်တည်လာပြီဆိုတာနဲ့ အဓိကကျတဲ့ လူ့ဘ၀လိုအင်တွေကို မလွှဲမသွေ ဖြည့်ဆည်းရတော့မယ်၊ ဒီလိုအပ်ချက်တွေကတော့ (၁)စားသောက်ရေး၊ (၂)၀တ်စဉ်ရေး၊ (၃)နေထိုင်ရေး။ (၄)စိတ်ဖြေရေးတို့ပဲ ဖြစ်တယ်။ စားရေး၊ ၀တ်ရေး၊ နေရေးဆိုတဲ့ သုံးချက်ကတော့ရှင်းပါတယ်။ စိတ်ဖြေရေးဆိုတာကတော့ မိမိရဲ့စိတ်အလိုဆန္ဒရှိရာနောက်ကို လိုက်ပါဆောင်ရွက်နေရတဲ့ကိစ္စတွေကို ဆိုလိုတယ်။ (ဥပမာ-ရုပ်ရှင်ကြည့်မယ်၊ ပျော်ပွဲစားထွက်မယ်၊ အလည်အပတ်သွားမယ်၊ သီချင်းဆိုမယ်၊ အားကစားလုပ်မယ်၊ အစရှိတာတွေနဲ့ မြင်မြင်သမျှလိုချင်တာတွေ၊ ကြံစည်တွေးတောသမျှ ဖြစ်ချင်တာတွေအားလုံးဟာ စိတ်ဖြေရေးတွေပါပဲ။
အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် စီးပွားဥစ္စာဆိုတာ ရှာဖွေကြရတယ်။ စီးပွားဥစ္စာပြည့်စုံမှ ဒီအရေး(၄)ပါးကို လွယ်ကူစွာဖြေရှင်းနိုင်ကြမယ်။
သမိုင်းစဉ်ဆက် လူသားတို့ဟာ ဒီအရေး(၄)ပါး ပြည့်ဝရေးအတွက် နည်းလမ်းမျိုးစုံနဲ့ လှူပ်ရှားနေခဲ့ကြ ရတယ်၊ ရုန်းကန်နေကြရတယ်၊ လူ့သမိုင်းကြီးတည်ရှိနေသမျှ လှူပ်ရှားရုန်းကန်နေကြရလိမ့်ဦးမယ်။ ဘယ်လိုပင် ကြိုးစားရုန်းကန်နေကြပေမဲ့ လူဘ၀ လိုအင်ဆန္ဒဆိုတာ ပြည့်ဝနိုင်တယ်မရှိဘူး၊ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေလိုချင်တယ်၊ ရပြီးရင်လည်း ထပ်ခါထပ်ခါလိုချင်တယ်၊ အဲ့ဒီလို, လိုအင်ဆန္ဒတွေနဲ့အတူ စိုးရိမ်ကြောက်ရွံ့မှုတွေလည်းရှိနေကြတယ်၊ မရသေးတာကို မရမှာစိုးရိမ်တယ်၊ ရပြီးတာကို ဆုံးရုံးရမှာ စိုးရိမ်တယ်၊ ရရှိထားတဲ့ဘ၀ကို လက်လွှတ်ဆုံးရှုံးရမှာစိုးရိမ်တယ်၊ ကြောက်ရွံ့တယ်၊ ဆင်းရဲဒုက္ခမှန်သမျှကို စိုးရိမ်ကြောက်ရွံ့တယ်၊ အဲ့ဒီလို စိုးရိမ်ကြောက်ရွံ့မှုကြောင့် လူသားတွေဟာ မိမိတို့ရဲ့ဒုက္ခအပေါင်းမှ ကယ်တင်နိုင်မဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အားကိုးရာ၊ ကိုးကွယ်ရာကို ရှာဖွေခဲ့ကြတယ်။
ဒီကနေ့ခေတ်မှာတော့ လူတို့ဟာ မိမိတို့ယုံကြည်ရာ ဒါမှမဟုတ် မိဘဘိုးဘွားတို့ရဲ့ ကိုးကွယ်မှုကိုလိုက်ပြီးတော့လည်း ကိုးကွယ်ခဲ့ကြတယ်၊ မြန်မာလူမျိုးအများစုကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေများပါတယ်။ အဖေတို့မိသားစုလည်း မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်ခဲ့ကြတယ်။ အဲ့ဒီတော့ မိမိတို့ကိုးကွယ်တဲ့ဘာသာရဲ့ ဘာသာရှင်နဲ့တကွ ဘာသာရဲ့အခြေအမြစ်တရားတွေကို သိဖို့လိုအပ်တာပေါ့၊ ဒီလိုသိမှ မိမိတို့ကိုးကွယ်နေတဲ့ဘာသာဟာ ဘ၀ကောင်းစားရေး၊ ဘ၀ချမ်းသာရေး၊ ဘ၀လွတ်မြောက်ရေးကို ဘယ်အဆင့်ထိပို့ဆောင်ပေးနိုင်သလဲ၊ ကိုးကွယ်ရာအမှန်၊ အားကိုးရာအမှန်ဖြစ်ရဲ့လားဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ ပိုင်းဖြတ်နိုင်လိမ့်မယ်၊ အဲ့ဒါမှ မျက်ကန်းယုံကြည်ကိုးကွယ်မှုကလွတ်လိမ့်မယ်။
ဒီတော့… ဗုဒ္ဓဘာသာရဲ့ဘာသာရှင်ကဘယ်သူလဲ…
ဗုဒ္ဓဘာသာရဲ့တရားတွေကဘာတွေလဲ…
ဗုဒ္ဓဘာသာရဲ့လမ်းစဉ်ကဘာလဲ…
ဗုဒ္ဓဘာသာရဲ့ခရီးဆုံးပန်းတိုင်ကဘာလဲ…
ဒါတွေကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိဖို့လိုတယ်၊ ဒါမှ မိရိုးဖလာကိုးကွယ်မှုကကျော်လွန်ပြီး မိမိကိုယ်တိုင် ယုံကြည်လို့ကိုးကွယ်တဲ့အဆင့်ကို ရောက်လာမယ်၊ ဒီတော့မှ ဘ၀အဓိပ္ပါယ်နဲ့ ဘ၀သစ္စာကို နားလည်လာနိုင်မယ်။
ဒီအကြောင်းတွေမပြောခင် ဘာသာဝါဒတွေပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကိုလည်း အကျဉ်းချုပ်လောက်တော့ သိထားဖို့လိုသေးတယ်။
ကမ္ဘာ့သမိုင်းတလျှောက်မှာ လူတို့ကိုးကွယ်ခဲ့ကြတဲ့ ဘာသာဝါဒတွေကလည်း များပြားလှတယ်၊ သမိုင်းဦးဘာသာရေးဟာ လူတို့ရဲ့အယူအဆအရ ပေါ်ပေါက်လာရတဲ့ ဘာသာအယူဝါဒတွေပဲဖြစ်တယ်၊ နောက်ပိုင်းကျတော့ ဘာသာဝါဒတွေထူထောင်တဲ့ လူသားတွေပေါ်ပေါက်လာတယ်၊ ဘာသာဝါဒကို ဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာ ဘာသာရှင်တွေဖြစ်လာကြတယ်။
ဘာသာဝါဒကို ထူထောင်ဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာ သာမန်လူတွေတော့ မဟုတ်ကြဘူး၊ သဘာဝကို လေ့လာပြီး အတွေးသစ် အသိသစ်တွေကို ရှာဖွေကြသူတွေဖြစ်တယ်၊ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ ခံယူနေကြတဲ့ ယုံကြည်ချက်တွေကို အသိသစ်တွေနဲ့ချေဖျက်ပြီး ဟောပြောကြတယ်။ အဲ့ဒီ ဟောပြောချက်တွေကို နှောင်းလူတို့က မှတ်တမ်းတင်ခဲ့ကြတယ်၊ ဒီမှတ်တမ်းတွေဟာ ဘာသာရှင်တို့ရဲ့ ဓမ္မစာပေတွေအနေနဲ့ တည်ရှိနေခဲ့ကြတယ်။
ဘာသာဝါဒတွေကိုလေ့လာတဲ့အခါ အချို့ဘာသာရှင်တို့က မိမိတို့ရဲ့ဓမ္မသစ်တွေကို ရိုးရာယဉ်ကျေးမှု တွေနဲ့ချဉ်းကပ်ပြီး ဟောပြောကြတယ်၊ ဓလေ့ဟောင်းယဉ်ကျေးမှုကိုမှီပြီး ဘာသာဝါဒထူထောင်ကြတယ်၊ အဲ့ဒီဝါဒတွေက… (၁)ဟိန္ဒူဘာသာ၊ (၂)ခရစ်ယန်ဘာသာ၊ (၃)အစ္စလာမ်ဘာသာတွေပဲဖြစ်တယ်။ ကမ္ဘာမှာထင်ရှားတဲ့ ဒီဘာသာကြီး၃ခုက ရှေးဟောင်းယဉ်ကျေးမှုအယူဝါဒတွေမှာ ပါဝင်နေတဲ့ ထာဝရဘုရားကိုအခြေခံထားတဲ့ ဘာသာအယူဝါဒဘဲဖြစ်တယ်။
ထာဝရဘုရားဆိုတာ ကမ္ဘာလောကကြီးနဲ့တကွ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းပေးတဲ့ အနန္တတန်ခိုးရှင်လို့ဆိုတယ်၊ အလုံးစုံကိုသိသော ဥာဏ်တော်ရှင်လည်းဖြစ်တယ်တဲ့၊ မေတ္တာရှင်လည်း ဖြစ်တယ်တဲ့၊ ဒီအရှင်ဟာ စကြာဝဠာအနန္တ၌ အစဉ်ထာဝရတည်ရှိနေတယ်တဲ့၊ ဖြစ်ခြင်းပျက်ခြင်းမရှိသော တန်ခိုးရှင်ကြီးဖြစ်တယ်တဲ့၊ လူတိရစ္ဆာန် မည်သည့်အရာဝထ္ထုမဆို ထာဝရဘုရားရှင်၏ဆန္ဒအတိုင်းသာ ဖြစ်ပေါ်လာရတယ်၊ ပျက်စီးသွားရတယ်တဲ့၊ စကြ၀ဠာလောကဓာတ်ကြီးမရှိမှီကပင် ထာဝရဘုရားရှင်က ရှိနှင့်ပြီးဖြစ်တယ်၊ စကြာဝဠာကြီးပျက်စီးသွားသော်လည်း ထာဝရဘုရားရှင်ကား ပျက်စီးခြင်းမရှိ ဆက်လက် တည်ရှိနေဦးမည်တဲ့။ ဒါက ထာဝရဘုရားရှင်ရဲ့သဘော ဆိုလိုရင်းကို အကျဉ်းချုပ်ပြီးရှင်းပြတာပါ။
ဒီထာဝရဘုရားကိုငြင်းပယ်ပြီး သဘာဝတရားကိုဖော်ပြတဲ့ဘာသာကတော့ ဗုဒ္ဓဘာသာဖြစ်တယ်။
ဗုဒ္ဓဘာသာက… ထာဝရဘုရားကိုငြင်းပယ်တယ်။
အတ္တတရားကိုလက်မခံဘူး။
ကယ်တင်ရှင်ဆိုတာမရှိဘူး။
ဖန်ဆင်းမှုကိုလည်းအတည်မပြုဘူး။
မိမိကိုယ်ကို မိမိသာဖန်တီးသည်ဆိုတဲ့ အဆိုအမိန့်နဲ့ ဓမ္မဒေသနာသစ်ကို ဟောကြားပြီး ဘာသာဝါဒကို ထူထောင်ခဲ့သူက ဂေါတမဗုဒ္ဓပါ။
ဂေါတမဗုဒ္ဓဆိုတာ လူသားဘုရားပါ၊ ၄သင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘ၀ပေါင်းများစွာ ကျင်လည်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ရာက နောက်ဆုံးလူ့ဘ၀ကနေ ကျင့်ကြံအားထုတ်ပြီးတော့မှ သဗ္ဗညုတဥာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်ကို ရောက်ရှိတော်မှုခဲ့တာဖြစ်တယ်။
ဒီတော့ ဗုဒ္ဓဖြစ်တော်စဉ်ကိုလည်း အကျဉ်းမျှလောက်တော့ သိထားဖို့လိုတယ်။
“ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကပိလ၀တ်ပြည် ဘုရင်သုဒ္ဓေါဒနမဟာရာဇာ၏ မိဖုရားကြီး သီရိမဟာမာယာဒေ၀ီမှ မဟာသက္ကရာဇ်၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် လုမ္ဗနီမည်သော အင်ကြင်းတော၌ ဖွားမြင်တော်မူသည်။ အလောင်းတော်သည် အသက်၁၆နှစ်အရွယ်တွင် ယသော်ဓရာဒေ၀ီနှင့်အတူ နန်းမ၃ဆောင်၌ မင်းစည်းစိမ်ကို ၂၉နှစ်အရွယ်ထိ ခံစားခဲ့သည်။ ထို့နောက် နိမိတ်ကြီး၎ပါးကိုမြင်တော်မူ၍ သံဝေဂရတော်မူသဖြင့် တောဝနာသို့ထွက်ခါ တရားဓမ္မကျင့်ကြံခဲ့၏။ ဒုက္ခစရိယာဟုဆိုသောအကျင့်မျိုးကို ပင်ပန်းကြီးစွာ ၆နှစ်တိုင်အောင်ကျင့်သုံးခဲ့၏။ တရားမှန်ကိုမရသဖြင့် မဇ္ဖျိမပဋ္ဋိပဒါကျင့်ထုံးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဂေါတမအမည်နှင့် ဘုရားအဖြစ်ကိုရောက်တော်မူလေသည်။ ဘုရားအဖြစ်ကိုရောက်တော်မူပြီးနောက် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါ လူ နတ် ဗြဟ္မာတို့အား တရားရေအေးအမြိုက်ဆေးကို တိုက်ကြွေးတော် မူခဲ့သည်။ ၄၅နှစ်ကာလပတ်လုံး ဓမ္မဒေသနာတို့ကို ဟောကြားခဲ့သည်။ သက်တော် ၈၀ ပြည့်သောအခါ မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဟေမာ ဥယဉ်သာဝယ် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။”
ဒါဗုဒ္ဓဖြစ်တော်စဉ်အကျဉ်းပဲ။
ဗုဒ္ဓဘုရားရှင်ဟာ ဓမ္မသစ်ဒေသနာတို့ကို ၄၅နှစ်ပတ်လုံး ကောသလတိုင်း၊ မဂဓတိုင်းနဲ့ ဂင်္ဂါမြစ်ဝှမ်းမြောက်ဘက်ရှိဒေသအနှံ့အပြားကို ဟောပြခဲ့တယ်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝါဒပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းကိုထူထောင်ပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တယ်။
ဒီတော့ ဗုဒ္ဓဘာသာရဲ့ဘာသာရှင်ဟာ သိဒ္ဓတ္ထမင်းသားဘ၀မှတောထွက်ပြီး ကျင့်ကြံအားထုတ်လို့ ဘုရားဖြစ်တော်မူခဲ့တဲ့ “ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဖြစ်တယ်။ ဘုရားရှင်၄၅နှစ်ပတ်လုံး ဟောကြားခဲ့တဲ့ ဓမ္မဒေသနာတွေဟာ ဗုဒ္ဓရဲ့တရားတော်များဖြစ်တယ်။
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ သုတ္တန်ဒေသနာတော်၊ ၀ိနည်းဒေသနာတော်၊ အဘိဓမ္မာ ဒေသနာတော်တို့ကို ဗုဒ္ဓရဲ့တပည့် သံဃာတော်အရှင်သူမြတ်များက စုပေါင်းပြီး သံဂါယနာတင် ထိန်းသိမ်းတော်မူခဲ့ကြတယ်။
ဗုဒ္ဓဘုရားရဲ့ ဓမ္မဒေသနာတွေဟာ လူသားတွေအတွက် လက်ငင်းလက်တွေ့ အကျိုးဖြစ်စေမဲ့ ဓမ္မဒေသနာတွေ ပေါကြွယ်လှပါတယ်။ ဗုဒ္ဓဘုရားက သူ၏ ဓမ္မဒေသနာတို့မှာ လက်ငင်းချမ်းသာကိုရရှိစေရမယ်၊ အခါမဆိုင်းအကျိုးရှိစေရမယ်၊ စမ်းသပ်ခံနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို အတိအလင်းဟောကြားခဲ့တယ်။
ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေထဲက ဒီနေ့လူငယ်တွေလိုလားတဲ့၊ အောင်မြင်ရေး၊ ကြီးပွားချမ်းသာရေး၊ လူမှုဆက်ဆံရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနဲ့ လူ့အဖွဲ့အစည်းအတွက် လက်တွေ့ အသုံးချရမဲ့တရားတွေကို တစ်ဆင့်ခြင်းရှင်းပြပေးပါမယ်၊ အဲ့ဒီကမှတဆင့် ဘ၀လွတ်မြောက်ရေးအတွက် လက်ကိုင်ထားကျင့်သုံးရမဲ့တရားတွေကို လမ်းညွှန်ပေးပါ့မယ်။
ဒီတစ်ပတ်တော့တော်လောက်ပြီနော်
Thursday, July 8, 2010
သမီးထံသို့ပေးစာများ(၁)
Subscribe to:
Post Comments (Atom)
1 comment:
အင်မတန်ကို တန်ဘိုးရှိတဲ့
အမွေပါဘဲ၊ညီမငယ်လေး..
လေးနက်စွာခံယူနိုင်ပါစေဗျာ.....
ဦးဇေလည်းစာတွေများများရေးနိုင်
ပါစေ...
Post a Comment