သူ့အမြင် ကိုယ့်အမြင် သူတို့အမြင်
ယခုဆိုလျင် ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သမားများအးလုံး လုပ်သက်ဆုကြေး (퇴직금) နှင့် ပတ်သက်ပြီး ၊ မသိသူမရှိသလောက်ဖြစ်မည်ထင်သည် ။ လွန်ခဲ့သော တနင်္ဂနွေက မြန်မာလူငယ်များ နှင့် ဆုံမိကြသဖြင့် လုပ်သက်ဆုကြေးနှင့် ပတ်သက်ပြီး ၊ အမြင်ခြင်းဖလှယ်ကြည့်ခဲ့ပါသည် ။
- ကိုရီးယားအစိုးရ လုပ်ထားပုံကောင်းတယ်လို့ ထင်တယ် ။ အစိုးရက ဥပဒေနှင့် လုပ်ထားပေးလို့ ၊ ကျနော်တို့ ဒီ လုပ်သက်ဆုကြေးကို ခံစားခွင့်ရကြတာ ။ ကျနော်တို့ မြန်မာပြည်မှာလည်း ဒီလိုစနစ်ရှိရင်ကောင်းမယ် ။
- အစိုးရက ဥပဒေနှင့် လုပ်ထားပေမယ့် ၊ သူဌေးက မပေးချင်တော့ နည်းအမျိုးမျိုးနှင့် ညစ်ပတ်လို့ ခံရတဲ့သူတွေလည်း ရှိနေတော့ ၊ သူဌေးလည်းကောင်းဖို့လိုမယ်လို့ ကျနော် ထင်တယ်ဗျ ။ ဥပဒေရှိနေပေမယ့် သူဌေးမကောင်းရင် မရဘူးပေါ့ဗျာ ။
- ဟား ၊ ဟား ခင်ဗျားတို့ မှားနေကြပြီ ၊ ကိုယ်လုပ်မှ ကိုယ်ရတာပါ ။ ဥပဒေရှိဦး ၊ သူဌေး ကောင်းဦး ၊ ခင်ဗျားတို့ မလုပ်ရင် ရမှာမဟုတ်ဘူးလေ ။ ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ဆိုရင်ကောင်းမယ် ။
- ကိုယ်လုပ်လို့ ကိုယ်မရတာတွေ အများကြီးရှိတယ်နော့ ၊ ဥပဒေက အဓိက ကျမယ် ။
အဲ ၊ အဲသလိုမျိုးတွေ ကြားရသပေါ့ခင်ဗျာ ။
အလုပ်သမားတွေ အလုပ်ရုံမြဲဖို့
ကျနော်ကတော့ ဒီလိုထင်သဗျ ။
အလုပ်သမားတွေ အလုပ်ခွင်မမြဲဘူးဆိုရင် ၊ ဒီနေ့ဒီအလုပ်ရုံ ၊ မနက်ဖြန် ဟိုအလုပ်ရုံ တစ်ရုံပြီးတစ်ရုံ ပြောင်းနေကြမယ်ဆိုရင် ဘယ်အလုပ်ကိုမှ ကောင်းကောင်းတတ်မှာမဟုတ်ဘဲ ၊ အလုပ်သမားအရည် အသွေး အရည်အချင်းတွေ ကျဆင်းနေပြီး ၊ အလုပ်သမားယောင်ဝါးဝါးတွေပဲ ဖြစ်နေလိမ့်မယ်ဗျ ။ နောက်ပြီး ဟိုအလုပ်သမားကို ဒီလူ(သူဌေး) ကဆွဲခေါ် နောက် ဒီအလုပ်သမား ဟိုသူဌေးကဆွဲခေါ် သူဌေးချင်းပြိုင်နေကြလို့ ၊ လုပ်အားခ ဈေးပြိုင်စနစ်ကြီး ဖြစ်နေလိမ့်မယ်ဗျ ။ ဒီတော့ အလုပ်သမားတွေ အလုပ်ခွင်တစ်ခုခုမှာ စွဲစွဲမြဲမြဲ လုပ်နိုင်ဖို့ စနစ်တစ်ခုလိုတယ်ဗျ ။ ဒီလိုဖြစ်အောင် အစိုးရက ဒီအလုပ်ခွင်မှာ ဒီအလုပ်သမား ဒီလောက်ကြာကြာလုပ်ရင် ဒီလိုပေးရမယ်ဆိုတာမျိုး ဖြစ်လာသပေါ့ဗျာ ။
အနားယူတဲ့အချိန်မှာ ငတ်မသွားဖို့
နောက်တစ်ခုက ၊ အလုပ်ခွင်တစ်ခုမှာ နှစ်အတော်ကြာကြာလုပ်ခဲ့တဲ့ အလုပ်သမားတစ်ဦး ၊ အကြောင်း တစ်ခုခုကြောင့် အလုပ်က အနားယူရပြီဆိုပါစို့ ၊ ကျနော်တို့ မြန်မာစကားပုံအရဆို ၊ တုံးလုံးစာ ဆိုတာ လိုတယ် ။ တုံးလုံးစာဆိုတာ မရှိရင် အဲဒီအလုပ်သမားကိုယ်တိုင် နှင့် သူ့ကိုမှီခိုပြီးနေကြရတဲ့ ၊ သူ့ရဲ့ မိသားစု ခလေးတွေရှိမယ် ၊ သက်ကြီးရွယ်အိုတွေရှိမယ် ၊ ဘယ်လိုနေထိုင်စားသောက်ကြမလဲ ။ သူတို့စားစရာမရှိရင် လူမှုရေးတည်ငြိမ်မှုပျက်သွားနိုင်တယ် ။ စားစရာ မရှိရင် ရှိအောင်ဖြေရှင်းရတော့မယ် ။ ဒါကြောင့် အဲသလိုမဖြစ်အောင် ၊ အော် အလုပ်သမားတစ်ယောက် အလုပ်ရုံတစ်ခုမှာ နှစ်ရှည်လများ လုပ်ခဲ့တယ်ဆိုရင်ဖြင့် သူအလုပ်ထွက်ရင် ဒီခံစားခွင့်ပေးလိုက်ဆိုပြီး အမျှော်အမြင်ရှိတဲ့ အစိုးရက လုပ်ထားပေးလိုက်သပေါ့ဗျာ ။
လုပ်သက်ဆုကြေးဘယ်ကလာ
အဲဒီ လုပ်သက်ဆုကြေးကဘယ်ကလာသလဲလို့ ကြည့်ကြရအောင် ။ အဲဒါ အစိုးရကစိုက်ပေးတာမဟုတ်သလို ၊ သူဌေးကသူ့အိတ်ထဲက စိုက်ပေးတာလည်းမဟုတ်ဘူးဗျ ။
အဲဒါ အလုပ်သမားရဲ့ လုပ်အားခထဲက ဖယ်ထားတဲ့ စုဆောင်းငွေတွေပေါ့ ။ နိုင်ငံရေးဘောဂဗေဒ (정치경제학) ဝေါဟာရနှင့်ဆို ကွယ်ဝှက်ထားသော လုပ်အားခများ (은폐된임금) လို့ခေါ်သတဲ့ဗျ ။ ဒီ လုပ်သက်ဆုကြေး တင်ဘယ်ကလိမ့်မတုံး ၊ ဟော ဘောနပ်စ်ဆိုတဲ့ ဆုကြေးတွေ ၊ အာမခံကြေးတွေ ဆိုတာတွေလည်း ရှိသေးတယ်လို့ ဆိုသဗျ ။ ကျနော်တို့ လုပ်ခတွေထဲက ကျနော်တို့ မသိအောင် ယူထား ၊ ဖယ်ထား ၊ ကဲ့ထားထားတဲ့ ဟာတွေပါ ။ ငါးကြင်းဆီနှင့် ငါးကြင်းကြော် တယ်ဆိုတာ အဲဒါမျိုးဖြစ်မပေါ့ဗျာ ။
ဒီတော့ ၊ အထက်က ညီလေးများဆွေးနွေးခဲ့ကြသလိုပါပဲ ။ ကိုယ်လုပ်လို့ကိုရတာဆိုတာလည်း မှန်မယ်ဗျ ။ အစိုးရက စီမံပေးထားလို့ ရတာလည်းမှန်သလို ၊ သူဌေးကောင်းလို့ ရတယ်ဆိုတာလည်း မှန်လိမ့်မယ်လို့ ထင်ပါသဗျ ။ဘာကြောင့် ဘယ်လိုဖြစ်တယ် ဆိုဆို လုပ်သက်ဆုကြေးကို ရသင့်ရထိုက်တဲ့ အလုပ်သမားမှန်သမျှ ရကို ရသင့်တယ်ဗျာ ။ မရရင် ရအောင်လုပ်ကြမှ ဖြစ်မယ် ။
ရထိုက်သူများ ရကြပါစေဗျာ ။
Friday, July 9, 2010
လုပ်သက်ဆုကြေးကို တူးဖော်ကြည့်ခြင်း
Labels:
အယူအဆ,
အလုပ်ခွင်ရေးရာ,
ဥပဒေနှင့်စည်းကမ်း,
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment