Wednesday, September 1, 2010

အခွင့်အရေးတွေ များများရဖို့ ဆိုလျင်………

မနေ့က အလုပ်လုပ်ကောင်းတုန်း ၊ ညီငယ်တစ်ယောင်ဆီက ဖုန်းဝင်လာပါတယ် ။
ဖုန်းနံပါတ်ကြည့်လိုက်တော့ နံပါတ်က အသစ် ၊ တစ်ခါမှ မတွေ့ဖူးသေးတဲ့နံပါတ် ။
010 4966 0626
သိလိုက်ပြီ ။ ပြဿနာတစ်ခုတော့ တက်ပြန်ပြီလို့ ။ သူပြောတာ နားထောင်ကြည့်လိုက်တော့ ၊ သူဌေးက
အလုပ်စာချုပ်သက်တမ်းကုန်တော့မှာမို့ ၊ စာချုပ်အသစ် လက်မှတ်ထိုးဖို့ လာပြောသတဲ့ ။ ဒီတော့ ဒီစက်ရုံကထွက်တော့မှာမို့ ၊ လက်မှတ်မထိုးတော့ဘူးလို့ သူ ငြင်းလွတ်လိုက်သတဲ့ ။ အဲဒီအတွက်ကြောင့်ပဲ ၊ ဘယ်တုန်းကမှ စိတ်မဆိုးဖူးခဲ့တဲ့ သူဌေးက ၊ မင်းလက်မှတ်မထိုးရင် အခုထွက်တော့ဆိုပြီး ၊ သူ့ကိုမောင်းထုတ်သတဲ့ ၊ ပထမတော့ မထွက်ဘူး ၊ စာချုပ်ကုန်တော့မှာပဲ ၊ စာချုပ်ကုန်တဲ့အထိ လုပ်မယ်ဆိုပြီး ပေခံနေသေးသတဲ့ ၊ ဒါပေမယ့် သူဌေးက သူ့ကို ကိုင်ပြီး ၊ ဆွဲထုတ်သတဲ့ ။ နောက် အခန်းထဲက သူ့ပစ္စည်းတွေကိုလဲ ဆွဲထုတ်ယူလာသတဲ့ ။ ပစ္စည်းတွေ နောက်မှလာယူမယ် ၊ လူချည်းပဲ သွားမယ် ၊ သူဌေး ဒီလိုလုပ်လို့ မရဘူး ။ အခု အလုပ်သမားရုံး (နိုဒုံဘု ၊ ဂျိဝေါန်ဆင်ထော်) သွားမယ်ဆိုတော့ ။ ဘယ်သွားသွား ပစ္စည်းတွေပါ တစ်ခါတည်းယူသွားဆိုပြီး ၊ ပြောသတဲ့ ။ နောက်ပစ္စည်းတွေ ဒီအတိုင်းထားခဲ့ပြီး ၊ သူ့ နိုင်ငံခြားသားကတ်လေး ယူပြီး ၊ အလုပ်သမားကူညီရေးဆင်တာ တစ်ခုဆီ သွားခဲ့သတဲ့ ။ အဲဒီဆင်တာက ပြောပေမယ့် ၊ သူဌေးက လက်မခံတော့ ၊ သက်ဆိုင်ရာ အလုပ်သမားရုံးကို သွားဖို့ပြောသတဲ့ ။
အလုပ်သမားရုံးကို သွားဖို့ ကိုရီးယားစကားအခက်အခဲ ရှိနေတော့ ၊ မပိုးပိုး (အန်ဆန် ၊ ဘာသာပြန်ဆင်တာ) ဆီသွားခဲ့သတဲ့ ။ မပိုးပိုးကလည်း ခွင့်ယူထားတော့ ၊ မတွေ့ခဲ့ရဘူးတဲ့ ။
အခု သူငယ်ချင်းအခန်းရောက်နေသတဲ့ ။ သူငယ်ချင်းကပြောလို့ အခု အစ်ကိုယ့်ဆီ ဆက်ပြီး ၊ အကူအညီတောင်းရတာပါတဲ့ ။
ကျနော်ကလည်း ထုံးစံအတိုင်းပေါ့ ။ မသန့်ဆီ ဆက်ပြီးပြီလား ။ (မဆက်ရသေးဘူးအစ်ကို)
ညီလေး ၊ မင်း ကိုစိုးမိုးသူကို သိသလား ။ (မသိဘူးအစ်ကို)
အေးကွာ ၊ သူတို့ဆီ ဆက်ကြည့်လိုက်ဦး ၊ သူတို့ ဖုန်းနံပါတ်တွေ ၊ မက်ဆေ့ထိုးပေးလိုက်မယ် ။
မထူးရင်ထပ်ပြော ၊ အကူအညီလိုတာပြောဆိုတော့ ။ မနက်ဖြန် ကျနော် နိုဒုံဘု (အလုပ်သမားရုံး) သွားချင်တယ်အစ်ကို ၊ ကျနော် သူတို့ပြောတာ နားမလည်ရင် ကျနော့်ကို ကူညီပါအုံး ၊ ကျနော်ဖုန်းခေါ်ရင် ကိုင်ပေးပါနော် အစ်ကို ။
အေး ၊ အေး ရတယ် ။ ကြိုက်တဲ့အချိန် ခေါ် ။ မကိုင်ရင် မအားလို့ ၊ မကြားလို့ တစ်ခုခု ဖြစ်မယ် ။ ဆက်တိုက်သာခေါ် ၊ အားမနာနဲ့ ဆိုပြီး ၊ ဖြတ်လိုက်ရပါတယ် ။
ဒီညီငယ်နေရာမှာ ၊ ကိုရီးယားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုလျင် ၊ အဲဒီသူဌေး ၊ ဒီလိုလုပ်ရဲပါ့မလား ။
အဲဒီလိုမလုပ်တာ သေခြာတယ် ။
အဲဒီလိုလုပ်လို့ရမှာမဟုတ်လို့ ၊ သူကလည်း ကိုရီးယားသားတွေကို မခိုင်းတာဖြစ်မှာပေါ့နော် ။
ကိုရီးယားအလုပ်သမား ၊ မြန်မာအလုပ်သမား ၊ တရုတ်အလုပ်သမား စသည်ဖြင့် ခွဲခြားဆက်ဆံခြင်းမပြုရဘူး လို့ ဥပဒေက ဆိုထားတယ် ။ ဒီဥပဒေကို အလုပ်ရှင်က မသိတာလည်း ဖြစ်ချင်ဖြစ်မယ် ။ မသိချင်ယောင်ဆောင်ပြီး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ် ။
တကယ်တမ်းပြောကြစို့ ဆို ၊ (အဲဒီသူဌေး) သူဒီလိုလုပ်ရင် သူ့မှာ ဘာမှ နစ်နာစရာအကြောင်းမရှိဘူးဆိုတာ သူယုံကြည်လို့ အဲသလို လုပ်လိုက်တာပဲလို့ ကျနော်ယုံကြည်တယ် ။
အဲ ဒီလို ၊ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ။ နစ်နာမှုအမျိုးမျိုးတွေ မရှိရအောင် ၊ ကျနော်တို့ မြန်မာအလုပ်သမားတွေဟာ ကိုရီးယားအလုပ်သမားတွေနှင့်အတူတူ ၊ တူညီတဲ့ အခွင့်အရေးရှိတယ် ဆိုတာ ကျနော်တို့ သိနေဖို့လိုတယ် ။
ဘာတွေ ရှိလို့ ၊ ဘာတွေ သိဖို့ လိုသလဲဆိုတာ သိချင်ရင်တော့ …………
ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမား ညီငယ် မိတ်ဆွေအပေါင်းတို့ ခင်ဗျား ၊
လာမယ့် တနင်္ဂနွေ ၊ မြန်မာအသင်း(ကိုရီးယား)က ကြီးမှူးပြီး ၊ ဘူချောန်းမြို့မှာကျင်းပမယ့် ၊ ပြဿနာတွေရှင်းပေးမယ်ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ဖြစ်အောင်တက်ကြဖို့ လိုမယ်လို့ ၊ တိုက်တွန်းလိုက်ပါတယ်ဗျာ ။
အခွင့်အရေးလိုချင်ရင် ၊ အခွင့်အရေးရှိပါလားဆိုတာ အရင်သိအောင်လုပ်ဖို့လိုမယ် ။
နောက်တော့ အခွင့်အရေးရအောင် ဘယ်လိုလုပ်ရပါလားဆိုတာ သိဖို့လိုမယ် ၊ အဲဒီသိမှု မသိမှုအပေါ်မူတည်ပြီး ၊ လူတွေ ကွဲပြားခြားနားနေကြပါရော့လား ၊ ဒီတော့ ကျနော်တို့ မြန်မာများ များများရဖို့ဆိုလျင် သိမှုကို ချဲ့နိုင်သမျှ ချဲ့နေဖို့ လိုမယ်လို့ ယူဆကြောင်းပါခင်ဗျား ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: