Thursday, September 2, 2010

ပိတ်ရက်ကြီးအတွင်း ဗီဇာကုန်လျင် ၊ ဘယ်လိုလုပ်ရမလဲ

အခုလာမယ့် ချူးဆောက် ပိတ်ရက်ကြီး (စက်တင်္ဘာ ၂၁ ၊ ၂၂ ၊ ၂၃ ရက်များ) အတွင်း ဗီဇာကုန်မယ့် ညီငယ်တွေ အတော်များများရှိမယ့်ပုံရတယ် ။ ပိတ်ရက်ကြီးအတွင်း ဗီဇာကုန်လျင် ၊ ဘယ်လိုလုပ်ရမလဲ ။
အဲဒီနေ့မှာ အလုပ်သမားရုံး (ဂိုယုံဂျိဝေါန်ဆင်ထော်) ဖွင့်ပါ့မလား ၊ လဝကရုံးဖွင့်ပါ့မလား ဆိုပြီး မေးကြတဲ့ ညီငယ်တွေ မနည်းမနော ပါပဲဗျာ ။
ချူးဆောက်အတွင်း စာချုပ်သက်တမ်းကုန်မှာမို့ ၊ စာချုပ် သက်တမ်းပြည့်အောင် ၊ ပိတ်ရက် ပြီးမှ အစားပြန်ဆင်းပေးရမှာလားဆိုပြီး မေးတဲ့ညီငယ်လည်း ရှိရဲ့ ။
ချူးဆောက်အတွင်း စာချုပ်သက်တမ်းကုန်မယ့်ညီငယ်များ ၊ ပိတ်ရက်မတိုင်ခင် နောက်ဆုံးရုံး (အလုပ်) ဖွင့်ရက် (စက်တင်္ဘာ၂၀)မှာ စာချုပ်ပြည့်တယ်လို့ ဥပဒေအရ မှတ်ယူရပြီး ၊ လုပ်ခလစာနှင့် လုပ်သက်ဆုကြေးတို့ကိုပါ အဲသည်နေ့မှာ တစ်ပါတည်း ရရှိခံစားခွင့်ရှိပါတယ် ။
ပိတ်ရက်ခံနေတဲ့အတွက် ၁နှစ် ပြည့်ဖို့လိုနေတဲ့ ရက်ကို အစားပြန်ဆင်းပေးဖို့ လိုမည်မဟုတ်ပါ ။
ပိတ်ရက် (စနေ ၊ တနင်္ဂနွေနှင့် နိုင်ငံတော်ပြန်တမ်းဝင်ပိတ်ရက်များ) အတွင်း ဗီဇာကုန်ရင် ပထမဆုံး ရုံးပြန်ဖွင့်သည့်ရက်မှာ ဗီဇာသက်တမ်းတိုးလို့ ရပါတယ် ။ ဗီဇာကုန်ရက် ကျော်နေသော်လည်း အိုဗာစတေး ဖြစ်မသွားပါ ။ အခု လာမယ့် ချူးဆောက်ပိတ်ရက်မှာ ဗီဇာကုန်မယ့်သူများအဖို့တော့ စက်တင်္ဘာလ ၂၄ ရက်နေ့မှာမှ ဗီဇာတိုးလို့ရသပေါ့ခင်ဗျာ ။
အားလုံး အဆင်ပြေကြပါစေဗျာ ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)

No comments: