Sunday, September 12, 2010

အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) ကို ၂၀၁၀ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

ကမ္ဘာ့ဒေသ အသီးသီးမှ လူ့အခွင့်အရေး ကာကွယ်ပေးနေသူများ နှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသော လူ့အခွင့်အရေး၊ သည်းခံရေး နှင့် ဒီမိုကရေစီရေး အတွက်ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲကြီး (Second Geneva Summit for Human Rights, Tolerance and democracy) တွင်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တက်ရောက်ကြသော ကိုယ်စားလှယ်တော်ကြီးများသည် အင်တာနက် လွတ်လပ်ခွင့် နှင့်ပတ်သတ်၍ ဆွေးနွေးပြီး အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်သည့် ကြေညာချက် ကိုချမှတ်နိုင်ခဲ့သည်။

လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် နှင့် ထုတ်ဖော်ပိုင်ခွင့် ကိုပြဋ္ဌာန်းပေးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on the Civil and Political rights- ICCPR) တို့၏ လမ်းညွှန်ချက်အရ ဆောင်ရွတ်ခဲ့ကြသည်။ ယင်းစာချုပ်များတွင် လူတိုင်းသည် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိခြင်း၊ မီဒီယာများမှ သတင်းအချက်အလက်များ၊ အတွေးအခေါ်များ ကိုအတားအဆီးမရှိ ရှာဖွေနိုင်ခြင်း၊ ရယူနိုင်ခြင်း နှင့် ဖြန့်ဝေနိုင်ခြင်းတို့ ပါဝင်ပါသည်။

အင်တာနက် (Internet) ကိုအတွေးအခေါ်များဖလှယ်ရာ နှင့် ကူးလူးဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာ နေရာလေးတစ်ခု (a universal space) အဖြစ် အသိအမှတ်ပြုလာကြသည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီ အနေအထား နှင့် စီးပွားရေး အခြေအနေများကို ထောက်ထားစရာမလိုဘဲ လူအချင်းချင်း အပြန်အလှန် နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကို မြှင့်တင်ပေးနိုင်သည်။

အင်တာနက် (Internet) သည်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများရှိ လူမှုဘဝ အစိတ်အပိုင်း အားလုံး၏ ကူးလူးဆက်သွယ်ရေး အတွက် အရေးပါသော ယာဉ်တစ်မျိုး (a primary vehicle) ဖြစ်လာနေသည်။ အင်တာနက် ကိုအဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး နှင့် ပွင့်လင်းမှု လိုကြောင်းကိုလည်း သတိထားမိလာကြသည်။

အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင် ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟုလည်း ယုံကြည်လာကြသည်။

ကမ္ဘာ့ဒေသ အများစုတွင် အင်တာနက် (Internet) လွတ်လပ်ခွင့် အခြေအနေများသည် အန္တာရာယ်ရှိလာနေပြီး တားဆီးတိုက်ခိုက်မှုကို ခံနေကြရကြောင်း ကိုလည်း သတိပေးမှုများ ရှိလာကြသည်။

အင်တာနက် (Internet) ကိုထိန်းချုပ်ဖို့ နှင့် တားမြစ်ကန့်သတ်မှုများ လုပ်ရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်းနှင့် နည်းပညာများ အသုံးချခြင်းသည် အခြေအနေဆိုး ကိုသာ ဖန်တီးသလိုဖြစ်နေသည်ကို အသိအမှတ် ပြုလာကြသည်။

လူတစ်ဦးတယောက်၏ အတွေးအခေါ်ကို နှိပ်ကွပ်လိုသဖြင့် ဝက်စ်ဆိုက်များ (Websites)၊ အွန်လိုင်းစာများ (Online content)၊ ဘလော့ခ်များ (Blogs)၊ နှင့် မက်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) များကို ကန့်သတ်စီစစ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပိတ်ပင်ခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် ၁၉ ကိုချိုးဖောက်ရာ ရောက်နေသည်ဟုလည်း အခိုင်အမာ ဆိုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) ကို နိုင်ငံအားလုံးက လိုက်နာကျင့်သုံးရန် ဝတ္တရားရှိသည် ဟုလည်း အသိအမှတ်ပြုလာကြသည်။

အင်တာနက် နည်းပညာများ လုံခြုံစိတ်ချရပြီး လွတ်လပ်စွာ အသုံပြုနိုင်သော နိုင်ငံများ အနေနဲ့လည်း အင်တာနက်ကို ဖိနှိပ်လိုသော၊ တားမြစ်ပိတ်ပင်လိုသော သဘောရှိသည့် ဆက်သွယ်ရေး နည်းပညာများကိုလည်း တားဆီးပေးရန် ဝတ္တရားရှိသည်။ ထိုပြင် အင်တာနက် ကုမ္ပဏီများ (Internet companies) ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံဖော်ကြံဖက်လုပ်ခြင်း (Complicity) ၊ တာဝန်ယူပေးခြင်း (Liability) များမှ ရှောင်ရှားနိုင်ရန် သင့်တော်သော ခြေလှမ်းများကို ဆောင်ရွတ်ထားသင့်သည်ကို အလေးထားလာကြသည်။

ယနေ့အခါတွင် လွတ်လပ်စွာ ထုတ်ဖော်နိုင်ဖို့ ရုန်းကန်မှုသည် အင်တာနက် (Internet) အဖြစ် အွန်လိုင်းပေါ်သို့ ရွေ့ပြောင်းလာကြသည်။ အင်တာနက်သည် တကမ္ဘာလုံးရှိ နိုင်ငံရေး အတိုက်အခံများ၊ ဒီမိုကရေစီ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူများ နှင့် လွတ်လပ်သော ဂျာနယ်လစ်များ အတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနေသည်ကို အသိအမှတ် ပြုလာကြသည်။

အင်တာနက် လွတ်လပ်ခွင့် (Internet freedom) အခြေအနေများ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရသော နိုင်ငံများတွင် နိုင်ငံရေး အတိုက်အခံများ၊ ဂျာနယ်လစ်များ နှင့် ဘလော့ခ်ဂါများ (Bloggers) သည် အကျဉ်းကျခံနေကြရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကာကွယ်ပေးမှုကို အရေးတကြီး လိုအပ်နေသည်။

အီယူ (EU) ၏ ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်း လွတ်လပ်ခွင့် အက်ဥပဒေ (EU Global Online Freedom Act) နှင့်ဆက်စပ်သော ဥရောပ ပါလီမန်၏ ၂၀၀၈ ညွှန်ကြားချက် (2008 directive of the European Parliament) ကို သတိထားလာကြသည်။ ယင်းတွင် Belarus, Burma, China, Cuba, Egypt, Ethiopia, Iran, North Korea, Saudi Arabia, Syria, Tunisia, Turkmenistan, Uzbekistan and Vietnam နိုင်ငံများတွင် ဆိုက်ဘာ ရဲများ (cyber police) နှင့် မှတ်ပုံတင်ခြင်း (registration) များမှတဆင့် အင်တာနက် အသုံးပြုသူများကို ခြိမ်းခြောက်ခြင်း၊ စီစစ်ဟန့်တားခြင်း၊ ဝက်စ်ဆိုက်များ (websites) ကို ပိတ်ပစ်ခြင်းဖြင့် အင်တာနက်ကို ဆင်ဆာလုပ်နေကြောင်း ဖော်ပြလာကြသည်။

တရုတ်နိုင်ငံတွင် အာဏာပိုင်များက ကွန်ပြူတာများကို သိမ်းဆည်းခြင်း၊ အွန်လိုင်းများမှတဆင့် သတင်း အချက်အလက် ဖလှယ်သူများကို ထောင်ချနေခြင်း၊ ဘလော့ခ်များ (Blogs) နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများ (online service) ကို ပိတ်ပစ်ဖျောက်ဖျက်နေခြင်း၊ အွန်လိုင်း လှုပ်ရှားမှုများကြောင့် ဂျာနယ်လစ်များ နှင့် လူမှုရေးဆောင်ရွတ်နေသူများ ကို အကျဉ်းချခံနေရမှုများအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဖော်ပြလာကြသည်။

အီရန်နိုင်ငံတွင် အာဏာပိုင်များက အင်တာနက် လိုင်းကြောင်းများ (Internet traffic) ကို ဖြတ်တောက်ခြင်း၊ အီးလ်မေး လမ်းကြောင်းများ (Email providers) နှင့် မတ်ဆေ့စ် ဝန်ဆောင်မှုများ (Messaging service) ကို ရပ်ဆိုင်းပစ်ခြင်းဖြင့် လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုကို နှိပ်ကွပ်ဖို့ ဆောင်ရွတ်နေသည်။ ထိုပြင် အစိုးရကို ဆန့်ကျင်စော်ကားပြီး မုသား ဖြန့်ဖြူးနေသူများ (“insults and spreading of lies”) စွပ်စွဲချက်ဖြင့် အင်တာနက် အသုံးပြုသူများ (Internet users) ကို ခြေရာခံရန် အထူးရဲများ ထားရှိနေမှုအပေါ် သတိပေးလာကြသည်။

ကျုးဘားနိုင်ငံတွင် အာဏာပိုင်များက အင်တာနက် အသုံးပြုမှုအပေါ် အခွန်အခများ၊ အနည်းငယ်သော အများပြည်သူသုံးနေရာများသာ ပေးထားခြင်း၊ လိုင်းအားနှေးကွေးခြင်း နှင့် အင်တာနက် ဝန်ဆောင်မှုကို အစိုးရပိုင် လုပ်ထားခြင်းဖြင့် အလုံးစုံနီးပါး တင်းကြပ်ထားခြင်း (near-total restrictions) အတွက် အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြလာကြသည်။

ထိုထိုသော အကြောင်းရင်းများကြောင့် အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း (Declaration on Internet freedom) ကို ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ (Switzerland)၊ ဂျီနီဗာမြို့ (Geneva) တွင် အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ကုလသမဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council) ၏ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပွဲကြီးတွင် ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံ အားပေးရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း ယင်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ကြေငြာစာတမ်း ကို အတည်ပြုပေးရန်နှင့် အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး ကို ထောက်ခံအားပေးလိုစိတ် ရှိသူများကလည်း အင်တာနက် လွတ်လပ်ခွင့်ကို ထောက်ခံအားပေးရန် အလားတူ ကြေငြာချက်များ (Declarations)၊ ဆုံးဖြတ်ချက်များ (Resolutions) နှင့် ထုတ်ပြန်ချက်များ (Statements) များထုတ်ပြန်ကြရန် နှင့် ကုလသမဂ (United Nations) သို့တင်ပြကြရန်လည်း တိုက်တွန်းခဲ့သည်။


အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗာ ကြေငြာစာတမ်း (Geneva Declaration on Internet Freedom) တွင် အပိုဒ်ပေါင်း (၁၁) ပိုဒ် ပါဝင်ပါသည်။

အပိုဒ် (၁) လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု (သို့) ပထဝီဆိုင်ရာ အနေအထား ခွဲခြားမှုမရှိ အင်တာနက် (Internet) ကို ညီတူညီမျှ အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၂) လူတိုင်း ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် နှင့် သတင်းအချက်အလက်များ စီးဆင်းပိုင်ခွင့်ရှိသည်။

အပိုဒ် (၃) လူတိုင်း လိုင်စင်လုပ်ခြင်း (သို့) တားမြစ်ခြင်း နှင့် အခွန်အခများ အဆမတန်ကောက်ခံခြင်း စသည်ဖြင့် ခွဲခြားဆက်ဆံမှု မရှိဘဲ အင်တာနက်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အသုံးချပိုင်ခွင့်ရှိသည်။

အပိုဒ် (၄) လူတိုင်းတွင် သူတို့၏ အတတ်ပညာ ပိုင်ဆိုင်မှု (Intellectual property) ကို ထိန်းသိမ်း ကာကွယ်ပိုင်ခွင့်ရှိသည်။ ကျုးကျော်ခြင်း၊ သိမ်းဆီးခြင်း (သို့) ထိန်းချုပ်ခြင်းမှ ကင်းလွတ်နေရမည်။

အပိုဒ် (၅) လူတိုင်းတွင် အင်တာနက် အသုံးချခြင်း၊ အင်တာနက် အဆောက်အအုံများ နှင့် အင်တာနက် ကူးလူးဆက်သွယ်ချက်များကို အစိုးရမှ သိမ်းဆီး ထိန်းချုပ်ခြင်းမှ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် (၆) လူတိုင်းတွင် နိုင်ငံတော် (သို့) အခြားအဖွဲ့တခုခုမှ အတင်းဝင်ရောက် ထိန်းချုပ်ခြင်းမှ ကင်းလွတ်စေရန် နာမည်ဝှက် (Anonymity) (သို့) အွန်လိုင်း နာမည် (Online privacy) ပေးပိုင်ခွင့်ရှိသည်။

အပိုဒ် (၇) လူတိုင်းတွင် သူတို့၏ အမှတ်အသားများ (Identities) နှင့် အချက်အလက်များ လုံခြုံရေးအတွက် စာဝှက်သုံးခြင်း (Encryption) နှင့် ကာကွယ်ပိုင်ခွင့်များရှိသည်။

အပိုဒ် (၈) လူ့အခွင့်အရေး ချိုးဖောက်ရန် ရည်ရွယ်၍ အင်တာနက် အသုံးပြုခြင်း နှင့် အင်တာနက် ဆက်သွယ်ရေး များကို ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာများ (Technologies)၊ ပစ္စည်းများ (Equipments)၊ ဆော့လ်ဝဲလ် များ (Software) ကို တင်ပို့ရောင်းချခြင်းကို မည်သူကိုမျှ ခွင့်ပြုမထားသင့်ပေ။

အပိုဒ် (၉) အင်တာနက် ကုမ္ပဏီများ (Internet providers) ကလည်း အစိုးရများ၊ ကော်ပိုရေးရှင်းများ နှင့် တတိယအဖွဲ့အစည်းများ (Third parties) သို့ အင်တာနက် အသုံးပြုသူများ ၏ သတင်းအချက်အလက်များကို သူတို့၏ အလိုဆန္ဒမပါဘဲ မပေးပို့သင့်ပေ ။

အပိုဒ် (၁၀) ကန့်သတ်တားဆီးမှုများ (သို့မဟုတ်) ခြိမ်းခြောက် အကြပ်ကိုင်မှုများ မရှိဘဲ အင်တာနက်ကို ဆင်ဆာမရှိ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။

အပိုဒ် (၁၁) အင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များသည် အကျိုးအကြောင်းဆီလျှော်သော ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းတို့ကို လွတ်လပ်၍ ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းမှာသာ အထင်အရှား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည် ။ ယင်းအင်တာနက် လွတ်လပ်ခွင့် ကြေငြာစာတမ်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီးစေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မပါဝင်ပါ။

Adopted by consensus, Geneva, March 9, 2010

ဘာသာပြန်သူ…ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ
၉. သြဂုတ်လ.၂၀၁၀

Ref:
http://alinsek.blogspot.com/2010/09/blog-post_01.html

No comments: