Sunday, September 12, 2010

ဗီဇာလျှောက်ထားဖို့ နိုင်ငံကူးလက်မှတ် သက်တမ်းမလုံလောက်တဲ့ ပြဿနာများ

ခုတလောမေးကြတာတွေရှိတယ်ဗျ ။
- ပတ်စပို့က သက်တမ်း ၁၀ လလောက်ကျန်သေးတယ် ။ အဲဒါ ဗီဇာသွားတိုးရင် ပြဿနာဖြစ်နိုင် မဖြစ်နိုင် ။
- မြန်မာသံရုံးကထုတ်ပေးတဲ့ ပတ်စပို့စာအုပ်အသစ်မှာ ကိုရီးယား အဝင်ဗီဇာ မရှိတော့ ဗီဇာသွားတိုးရင် ပြဿနာမရှိနိုင်ဘူးလား ။
အတွေအကြုံလေး ပြောပါရစေဦး
အဲဒီမေးခွန်းတွေ မဖြေခင် ၊ ၂၀၀၄ ခုနှစ်က ကျနော့်အတွေ့အကြုံလေး အရင် မျှလိုက်ချင်ပါတယ် ။ ၂၀၀၄ ခုနှစ်မှာ ကိုရီးယားအစိုးရက ဗီဇာရက်ကျော်နေသူတွေကို တရားဝင်နေသူများအဖြစ်လုပ်ပေးခဲ့တဲ့ အစီအစဉ် (Legalization Program) တစ်ခု ရှိခဲ့ပါတယ် ။ အဲဒီမှာ ကျနော်လည်း တရားဝင်ဗီဇာ တိုးခွင့်ရခဲ့ပါတယ် ။ ဗီဇာလျှောက်ကြတဲ့သူတွေများလွန်းလို့ ကိုရီးယားလဝက က အထူးဌာနတွေဖွင့်ပြီး လုပ်ပေးခဲ့တာပါ ။ မနက် ၅နာရီလောက် အရောက်သွားပြီး တန်းစီကြရတာပါ ။ အဲဒါတောင် နေ့လည် ထမင်းစားပြီးချိန်လောက်မှ ကိုယ့်အလှည့်ရောက်တာပါ ။ နောက်ကျသူများကတော့ တစ်နေ့လုံး နေပူခံတန်းစီပြီး ၊ ရုံးချိန်ကုန်လို့ ဗီဇာမရပဲ နောက်နေ့ကူးပြီး ၊ မနက်စောစော ထပ်ပြီး တန်းစီကြရတဲ့အခြေအနေပါ ။
အဲဒီအတိုင်းပဲ မနက် ၅ နာရီလောက်သွားပြီး တန်းစီခဲ့တဲ့ ကျနော့်ခင်ဗျာ ၊ နေ့လည် ၂နာရီလောက်မှာ အလှည့် ရောက်ပါတယ် ။ လဝက အရာရှိက ကျနော့်စာအုပ်သက်တမ်းကို တွက်ကြည့်ပြီး ၊ သက်တမ်းလိုနေတယ် ၊ သက်တမ်းတိုးပြီးမှ ပြန်လာပါဆိုပြီး ၊ ပြန်လွှတ်ပါတယ် ။ ကျနော့် နိုင်ငံကူး လက်မှတ်သက်တမ်းက ၁၁ လ လောက်ကျန်နေပါသေးတယ် ။ ဘယ်လိုမှ အသနားခံလို့မရပါဘူး ၊ မနက် ၄နာရီလောက်က လာပြီးတန်းစီခဲ့တာပါလို့ ပြောလည်း မရပါဘူး ။ တန်းစီတာ မစီတာ ၊ သူ့ကိစ္စမဟုတ်ဘူးတဲ့ ။ ဗီဇာရပြီးရင် ချက်ချင်းသွားတိုးမှာပါလို့ ပြောလည်း မရပါဘူး ။ စာအုပ်သက်တမ်းရှိသလောက်ပဲပေးပါပြောလည်းမရပါဘူး ။ မြန်မြန်ထွက်သွားပါတဲ့ ၊ မင်းတစ်ယောက်တည်းမဟုတ်ဘူးတဲ့ ။ ကဲ ၊ ခံစားကြည့်ကြပေတော့ဗျာ ။
ကျနော်လည်း မကျေနပ်ပါဘူး ။ နောက်ထပ် ကောင်တာ ၄ ခုရှိပါသေးတယ် ။ ဒါနှင့် ကျနော်လည်း လဝက အရာရှိများသဘောထား လေ့လာရေး လုပ်ရပါတော့တယ် ။ အစစ်အဆေးအမေးမြန်းနည်းပြီး ၊ သွက်သွက် လက်လက် ပြုံးပြုံးရွှင်ရွှင် လုပ်နေတာတွေ့ရတဲ့ အရာရှိဆီမှာ ပြန်ပြီးတန်းစီဖို့ဆုံးဖြတ်လိုက်ပါတယ် ။ နောက်ဆုံးက တန်းပြန်စီရရင်တော့ အဲဒီနေ့ ကိုယ့်အလှည့်ရောက်ဖို့ မမြင်ပါ ။ ကြားဖြတ်တိုးပြီးတန်းစီရင်လည်း ဝိုင်းအော်ကြ ၊ ရန်ရှာကြလုပ်ကြမှာပါ ။ နောက် လုံခြုံရေးလည်း ရှိနေပါတယ် ။ အဲဒါနှင့် မြန်မာတစ်ယောက် ရှာပြီး ဘေးကနေ စကားတပြောပြောနှင့် မိတ်ဖွဲ့ရင်း ကပ်လိုက်ခဲ့ရပါတယ် ။ စိတ်ထဲကရော ပါးစပ်ကရော ဆိုလိုက် ရွတ်လိုက်ရတဲ့ ဘုရားတရားစာတွေလည်း အစုံအစေ့ပေါ့ဗျာ ။
အဲသလိုနှင့် ကျနော့် အလှည့်ရောက်တော့ ၊ လဝကအရာရှိက ပြီးရင်စာအုပ်သက်တမ်းအမြန်သွားတိုးပါလို့သာ မိန့်ခွန်းခြွေလိုက်ပြီး ၊ ဒုံးကနဲ ထု ၊ လက်မှတ်ထိုး ၊ ဘေးမသီရန်မခ ၊ ဗီဇာ ရလိုက်သဗျ ။
ဗီဇာလျှောက်ထားဖို့ နိုင်ငံကူးစာအုပ်သက်တမ်းဘယ်လောက်လိုသလဲဆိုတဲ့ ပြဿနာနှင့် ပတ်သက်ပြီး ကျနော် ပြောချင်တာက ၊ အဲဒါပါပဲခင်ဗျာ ။ ကိုယ်လျှောက်ထားမယ့် ဗီဇာသက်တမ်းနှင့် လုံလောက်တဲ့ နိုင်ငံကူးလက်မှတ် သက်တမ်း ရှိဖို့လိုပါတယ် ။ နိုင်ငံကူးလက်မှတ်သက်တမ်းထက်ပိုတဲ့ ဗီဇာကို ခြွင်းချက် အနေနှင့်ရနိုင်ပေမယ့် ၊ ရလိုရငြား မမျှော်လင့်ကောင်းပါဘူးလို့ ဆိုချင်ပါတယ် ။
ဗီဇာရှိမရှိ သူတို့သိ
မြန်မာသံရုံးကထုတ်ပေးတဲ့ ပတ်စပို့စာအုပ်အသစ်မှာ ကိုရီးယား အဝင်ဗီဇာ မရှိတော့ ဗီဇာသွားတိုးရင် ပြဿနာမရှိနိုင်ဘူးလား ။ ဘာပြဿမျှ မရှိပါ ။ မြန်မာသံရုံး (ဆိုးလ်) ဟာ ကိုရီးယားနိုင်ငံ အတွင်းမှာရှိနေတာမို့ ၊ ဒီသံရုံးမှာ စာအုပ်လျှောက်ထားဖို့ ကိုရီးယားနိုင်ငံအတွင်းဝင်လာပြီးမှ လျှောက်ထားလို့ ရမှာမဟုတ်ဘူးလား ။ လူကြီးမင်းဟာ ကိုရီးယားနိုင်ငံသို့ တရားဝင်ဝင်လာသလား ၊ ဗီဇာရှိသလားဆိုတာကိုတော့ လူကြီးမင်းရဲ့ အမည်နှင့် မွေးရက်ကို သက်ဆိုင်ရာအရာရှိက သက်ဆိုင်ရာ ကွန်ပြူတာမှာ ရိုက်ရှာ ကြည့်လိုက်တာနှင့် ချက်ချင်းသိနိုင်လို့ပဲ ဖြစ်ပါတယ် ။

No comments: