Saturday, November 13, 2010

အလုပ်စာချုပ်သက်တမ်း အငြင်းပွါးသည့် ပြဿနာကို တူးဖော်ကြည့်ခြင်း (၁)

မရှင်းမရှင်း အငြင်းပွါးနေကြသူများ
အသိ အီးပီတစ်ယောက် လာပြီး ရင်ဖွင့်ပြန်တယ် ။ ကျနော် အရင်တင်ထားတဲ့ ဆောင်းပါး ကို သူဖတ်ဖြစ်သတဲ့ ။ အစ်ကို ပြောသလို အလုပ်စာချုပ်သက်တမ်း ကုန်မကုန် သက်ဆိုင်ရာ အလုပ်သမားရုံး (고용지원센터) ကို သွားပြီး မေးမြန်းဖို့ရာလည်း ကြားရက်မှာသွားရမှာမို့ ၊ စက်ရုံက ခွင့်ယူရတာ အခက်အခဲရှိနေပြန်သတဲ့ ။ ဒီတော့ တနင်္ဂနွေနေ့ဖွင့်တဲ့ အလုပ်သမားကူညီရေးဆင်တာ တစ်ခုဆီသွားပြီး အကူအညီတောင်းခဲ့သတဲ့ ။ အဲဒီရုံးက တာဝန်ရှိသူများက “သူဌေးကျေနပ်အောင် သူပြောတဲ့ ရက်အထိ လုပ်ပေးလိုက်ပါ” လို့ အကြံပြုလိုက်သတဲ့ ။ လုပ်သက်ဆုကြေး ရချင်တော့ အကျယ်အကျယ်မငြိမ်းဖွယ်မဖြစ်ချင်လို့ သူဌေးပြောတဲ့ ရက်အထိ မကျေမနပ် လုပ်ပေးလိုက်ရသတဲ့ ။

မရှင်းမရှင်း အငြင်းပွါးနေကြရသည့်အချက်
အဓိကအားဖြင့် စာချုပ်သက်တမ်းနှင့် ပတ်သက်ပြီး မရှင်းမရှင်း အငြင်းပွါးကြရတဲ့သူတွေကတော့ ၊ မြန်မာပြည်မှာ ချုပ်လာကြတဲ့ စာချုပ်တွေပါ ။ အငြင်းပွါးကြရတဲ့ အချက်ကဘာလဲဆိုတော့ -
အလုပ်စာချုပ်သက်တမ်း
• ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ အလုပ်စာချုပ်သက်တမ်း စတင် တွက်ချက် (အသက်ဝင်) သည့်နေ့သည် ပြည်ဝင်နေ့ဖြစ်ပြီး ၊ အလုပ်စာချုပ်သက်တမ်းမှာ ကိုရီးယားသို့ ဆိုက်ရောက်သည့် နေ့မှ စ၍ ၁ နှစ်ဖြစ်သည် ။
• 최초 입국자의 경우 근로계약기간의 기산일은 입국일 이며 근로계약기간은 입국일부터 1 연임.
အဲသည် စာပိုဒ်အရ ၊ ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာသူများ (မြန်မာပြည်မှာ အလုပ်စာချုပ်ချုပ်လာကြသူများ) ရဲ့ အလုပ်စာချုပ်ဟာ ဘယ်ရက်မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်နေပါစေ ကိုရီးယားသို့ရောက်လာတဲ့ရက် (ပြည်ဝင်ရက်) မှာမှ အသက်ဝင်လာပါတယ် ။ စာချုပ်သက်တမ်းကိုလည်း (ပြည်ဝင်ရက်မှ) ၁ နှစ် သတ်မှတ်ထားတာ ကို တွေ့ရပါတယ် ။

အဲဒီစည်းကမ်း ဘယ်ဥပဒေကို အခြေခံပြီး ရေးထားသလဲ
အဲဒီစည်းကမ်းချက်ဟာ ဥပဒေနှင့် ညီသလား ။ အဲဒီစည်းကမ်း ဘယ်ဥပဒေကို အခြေခံပြီး ရေးထားသလဲ ခြေရာခံကြည့်တော့ ၊ အီးပီဥပဒေ ဆောင်ရွက်ခြင်းဆိုင်ရာ အမိန့်ဒီကရီ (Enforcement Decree of the Act on Foreign Workers' Employment, etc) (Presidential Decree No. 18314, Mar. 17, 2004) ပုဒ်မ ၁၇ ပုဒ်မခွဲ (၁) အရ အဲဒီစည်းကမ်းချက်ကို ရေးထားတယ်ဆိုတာ တွေ့ရပါတယ် ။ ဒီလိုပါ -
Article 17 (Effective Period of Labor Contract, etc)
(1) The effective period of a labor contract prescribed in Article 9 (1) of the Act shall begin from the foreign worker's entry date.
(ပုဒ်မ ၁၉(၁)တွင်ဖော်ပြထားသည့် အလုပ်စာချုပ် စတင်အသက်ဝင်သည့် ကာလသည် နိုင်ငံခြားသား အလုပ်သမား၏ ပြည်ဝင်ရက်မှ စတင်ရမည်။)

နောက် ၊ ပုဒ်မ ၁၉ (၁) ကိုပြန်ကြည့်လိုက်တော့ ၊
Article 9 (Labor Contract)
① In case an employer intends to employ the foreign worker selected pursuant to Article 8 ③, the employer shall sign a labor contract with the foreign worker by using the standard labor contract form prescribed by the Ordinance of the Ministry of Labor. In this case, the Presidential Decree shall determine other necessary matters concerning the procedures for and effective date of the labor contract.
( အလုပ်ရှင်သည် ပုဒ်မ ၈(၃)အရ ရွေးချယ်ခြင်းခံရသည့် နိုင်ငံခြားသားအလုပ်သမားကို ငှားရမ်းရန် ရည်ရွယ်သည့် ကိစ္စတွင် ၊ ၄င်းအလုပ်ရှင်သည် အလုပ်သမားဝန်ကြီးဌာန၏ ထောက်ပံ့ရေးဌာနခွဲက သတ်မှတ်ထားသော စံပြုအလုပ်သမားစာချုပ် ကို အသုံးပြုလျက် နိုင်ငံခြားသား အလုပ်သမားနှင့် အလုပ်စာချုပ် ၁-ခု လက်မှတ်ရေးထိုးရမည် ။ ဤ ကိစ္စနှင့်ပတ်သက်၍ အခြားလိုအပ်သော ကိစ္စများနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ နှင့် အလုပ်စာချုပ် စတင် အသက်ဝင်မည့်ရက်ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဒီကရီဖြင့် သတ်မှတ် ပြဋ္ဌာန်းပေးရမည် ။)
ပြည်ဝင်ရက်မှ ၁ နှစ်ပြည့်လျင် မူလကနဦးစာချုပ်သက်တမ်းကုန်၏
ဒီတော့ ကျနော်တို့ အီးပီညီငယ်များ“ မြန်မာပြည်မှာ ချုပ်ဆိုလာခဲ့ရတဲ့ အလုပ်စာချုပ်ဟာ ၊ ကိုရီးယားသို့ စတင်ရောက်ရှိတဲ့နေ့မှာ စတင် အသက်ဝင်ပြီး ၊ စာချုပ်သက်တမ်းဟာလည်း (ပြည်ဝင်ရက်မှ) ၁ နှစ် ဖြစ်တယ်” လို့ အခိုင်အမာ မှတ်ယူထားကြဖို့ လိုပါမယ် ။
ရက်အပို လုပ်ပေးဖို့မလိုပါ
စက်ရုံရောက်တာ ၁ နှစ်မပြည့်သေးလို့ ၊ သင်တန်းမှာကြာနေလို့ ၊ သူဌေးခေါ်လာတာနောက်ကျလို့ ၊ စက်ရုံရောက် ရောက်ချင်း အလုပ်မခိုင်းဘဲ အနားပေးထားလို့ စသဖြင့် ၁ နှစ်မပြည့်ဘူး ၊ စာချုပ်မပြည့်ဘူးဆိုပြီး လုပ်လို့မရပါ ။ ကိုရီးယားရောက်တာ ၁ နှစ်ပြည့်တဲ့နေ့မှာ ဥပဒေအတိုင်း စာချုပ် ၁ နှစ်ပြည့်တယ်လို့ မှတ်သားထားကြရမှာ ဖြစ်ပါတယ် ။ စာချုပ်အသစ် ထပ်မချုပ်ဘဲ ၁ နှစ်မပြည့်လို့ဆိုပြီး ရက်ပိုခိုင်းလို့မရပါ ။ ခိုင်းသူလည်း ဥပဒေချိုးဖောက်ရာ ရောက်သလို ၊ အလုပ်လုပ်ပေးသူလည်း ဥပဒေ ချိုးဖောက်ရာရောက်နေပါတယ် ။
ကိုရီးယားလိုတော့ “ဘူးလ်ပေါ့ဗ်- ဂိုယုံ” ပေါ့ခင်ဗျာ ။
ဂယောင်ကျတဲ့ ဝန်ထမ်းတွေ အလုပ်သမားဝန်ကြီးဌာနမှာရှိသလို ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှာလည်း ရှိတတ်တယ် ။ ဘဏ်တွေမှာလည်း ကြုံခဲ့ရတာတွေရှိတယ် ။ နောက်ကြုံရင် ရေးပါဦးမယ် ။
လူပြောတာ မယုံနှင့် ဥပဒေပြောတာကိုယုံ
ဒီတော့ အလုပ်သမားထောက်ကပံ့ရေးဌာန(ဂိုယုံဂျီဝေါန် ဆင်ထော်)ကပြောလို့ ၊ အတိုင်ပင်ခံဆင်တာကပြောလို့ဆိုပြီး (စာချုပ် ၁နှစ်ပြည့်ပြီးပါက) ရက်ပို လုပ်ပေးစရာမလိုကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ ။
အလုပ်ချိန်ဆိုတာ ဘာလဲ ဆိုတာနှင့် ၊ စာချုပ် ၁နှစ် ပြည့်မပြည့်ကိစ္စ အလုပ်ရှင်နှင့် အတိုက်အခံဖြစ်နေရင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ အပိုင်း(၂)မှာ ဆက်လက်တင်ပြသွားပါ့မယ် ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: