Friday, December 3, 2010

လမ်း

ရေးသားသူ — အင်ကြင်း

ဟိုတလောက ကျမ ခရီးသွားတုန်း ဒီက လမ်းတွေကို ငေးကြည့်ရင်း မြန်မာပြည်ကို သတိရမိပါတယ်။ ဒီက အဝေးပြေး လမ်းတွေက ကောင်းတာမှ ဖြူးနေတာပါပဲ။ ကိုရီးယားမှာက အဝေးပြေး လမ်းပေါ်ကနေ ဘေးပါတ်ဝန်းကျင်ကို ကြည့်ရင် တောင်တွေကလွဲလို့ လှပတဲ့ ရှုခင်း သိပ်မရှိပါဘူး။ ကျမတို့နိုင်ငံက ပိုပြီးတော့လှပါတယ်။ ကျမတို့ဆီမှာ ဆိုရင် တောင်ကုန်း၊ တောင်တန်းတွေပေါ်မှာ စေတီလေးတွေကို ဘယ်နေရာမှာ ဖြစ်ဖြစ် တွေ့ရတာပါ။ ကိုရီးယားမှာက တောင်ပေါတော့ တောင်တွေကို ဖြတ်ပြီးဖောက်ထားတဲ့ လှိုင်ခေါင်းလမ်းတွေကလဲ အများကြီးပါပဲ။ လှိုင်ခေါင်းထဲမှာလဲ မီးတွေအမြဲ ထွန်းထားလို့ လင်းထိန်နေပါတယ်။ မြို့အဝင်ဆိုလဲ တံတိုင်းအမြင့်ကြီးတွေ လမ်းနဲ့ အဆောက်အဦးတွေ ကြားမှာ ကာရံထားပါတယ်။ အဝေးပြေးလမ်း တလျှောက်မှာတော့ တလမ်းမောင်း စနစ်ဆိုတော့ ဟိုဘက်ဒီဘက် ဂငယ်ကွေ့(U-turn)လုပ်လို့ မရအောင် တောက်လျှောက် ကာရံထားပါတယ်။ ဒီကကားလမ်းတွေက ကောင်းတော့ ကားစီးရတာ မြို့တွင်းဖြစ်ဖြစ် မြို့ပြင်ဖြစ်ဖြစ် သက်တောင့်သက်သာ ရှိပါတယ်။ နောက်တခုက ရေဆင်းစနစ် ကောင်းပြီး ပလက်ဖောင်းတွေကလဲ ကောင်းတော့ မိုးများတဲ့အခါတောင်မှ လမ်းလျှောက်သွားရင် ခြေထောက်ကို သိပ်မညစ်ပါတ် သွားစေပါဘူး။

တောင်ကိုရီးယားနိုင်ငံ၏ အဝေးပြေးလမ်း တစ်နေရာ မြင်ကွင်း

ကျမက ခရီးသွားတိုင်း ညပိုင်း ဖြစ်ရင်တောင် အိပ်တတ်တဲ့ အကျင့်မရှိပဲ အပြင်ကို ငေးကြည့်ရတာ သဘောကျပါတယ်။ ကြည့်စရာမရှိရင် လမ်းတွေကို ငေးနေမိတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ လမ်းဖောက် တံတားဆောက်တာ အင်မတန် ကုသိုလ်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တာရှည်ခံအောင် မဆောက်ရင်တော့ ကုသိုလ်အကျိုးက လမ်းတာရှည် ခံသလောက်ပဲ ရမလားလို့တောင် တွေးမိပါတယ်။ လမ်းဖောက်လုပ်ရေးဟာ တကယ်တော့ မလွယ်ကူပါဘူး၊ လမ်းပြုပြင်တဲ့ လုပ်သားတွေဟာလဲ အင်မတန် ပင်ပမ်းပါတယ်။ သူတို့ဆိုရင် အမြဲကုသိုလ်တွေ ရနေမယ်ထင်ပါရဲ့..

နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုကို ကြည့်ရင် လမ်းပန်းဆက်သွယ်ရေးဟာ အင်မတန် အရေးကြီးပါတယ်။ အဆောက်အဦး မြင့်မြင့်ကြီးတွေထက် ကောင်းမွန်တဲ့ လမ်းတွေလိုအပ်ပါတယ်။ ကျမ နိုင်ငံခြားကို ရောက်တိုင်း အရင်ဆုံး သတိထားကြည့်တာ လမ်းတွေကိုပါပဲ။ ဘန်ကောက်ကို ရောက်တုန်းက ၂ထပ်လမ်းကျယ် ကြီးတွေကို ကြည့်ပြီး အရမ်း သဘောကျ ခဲ့ပါတယ်။ လမ်းတွေက သူတို့ တိုင်းပြည်ရဲ့ တိုးတက်မှုကို ပြောပြနေပါတယ်။ ၁၇ရာစုနှစ်တုန်းက ဘုရင့်နောင် လက်ထက်မှာ ကျမတို့ တိုင်းပြည်ဟာ အရှေ့တောင်အာရှမှာ ဘုန်းတန်ခိုး အင်အားကြီးမားတဲ့ တိုင်းပြည်တခု ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က အိမ်နီးချင်း ယိုးဒယားနိုင်ငံကို မကြာခဏ သွားရောက် တိုက်ခိုက်ခဲ့ပြီး အနိုင်ယူ ခဲ့ပါတယ်။ ဒါကြောင့် ကိုလိုနီလက်အောက်ခံ မဖြစ်ဘူးတဲ့ ယိုးဒယားတွေဟာ ဗမာတွေကိုဆို ယနေ့ထိ အလွန်မုန်းပါတယ်။ ခုချိန်မှာ ရန်ကုန်မြို့နဲ့ ဘန်ကောက်ကို နှိုင်းယှဉ်ကြည့်ရင် လမ်းတွေကိုပဲ ကြည့်လိုက်တာနဲ့ တိုးတက်မူမှာ ကွာခြား သွားတာ သိသာနိုင်ပါတယ်။

အဲဒီ လမ်းတွေကို သဘောကျတဲ့ ကျမက လမ်းတွေကို ကျတော့ ဘယ်သောအခါမှ မမှတ်မိတတ်ပါဘူး။ သတိရလို့ ကျမ ငယ်ငယ်က အဖြစ်လေးကို ပြောပြချင်ပါတယ်။ ကျမငယ်ငယ်က ၁ဝတန်းထိ ကျူရှင်ဆို မတက်ချင်ပါဘူး၊ အိမ်က ချော့ပြီး ခြောက်ပြီး တက်ခိုင်းလို့ ၁ဝတန်းဖြေခါနီးတော့ အနီးကပ် အထူးကျူရှင်ကို သွားတက်ရပါတယ်။ ဒါတောင် မသွားတတ်ဘူးဆို အကြောင်းပြပါတယ်။ တကယ်လဲ ဘယ်မှ မသွားတတ်တာပါ။ ကျူရှင်ကလဲ မြို့ထဲမှာပါ။ မြို့ထဲဆို အိမ်က တယောက်ယောက်က လိုက်ပို့မှ လာခေါ်ပေးမှ ပြန်တတ်ပါတယ်။ ဒါနဲ့ အမတယောက်နဲ့ အတူသွားပြီး သူကအပြန်ကို အမြဲတမ်း ဝင်ခေါ်ရပါတယ်။ တရက်တော့ သူကလာမခေါ်ဘူး ဘယ်လိုပြန် ကားဘယ်လိုစီးဆို သင်ပေးပါတယ်။

ကျမရဲ့ မဟုတ်တဲ့အကျင့်က လမ်းတွေကိုမှတ်ရင် ဒီလမ်းထိပ်မှာ ဒီဆိုင်းဘုတ်ရှိတယ်။ ဘာဆိုင်လေး ရှိတယ်ဆိုပဲ မှတ်တတ်တယ်။ ဒါပေမယ့် မှတ်ထားတဲ့ ဟာတွေ ပြောင်းသွားရင် မသိတော့ဘူး။ တကယ်ပြောတာပါ။ နောက်တော့ ဆူးလေဘုရားကို မှတ်ထားတယ်။ ဒါဆို အိမ်ပြန်တတ်တယ်ပေါ့။ ဆူးလေထိ ရောက်အောင်သွားပြီး ဘုရားနားက မှတ်တိုင်က ကားစီးတာပေါ့။ အမ မပါတော့ ဆူးလေကနေ ကားတက်စီးတာ မှားပြီး တရုတ်တန်းဘက် ရောက်သွားတယ်။ ဘယ်လို မှားသွားတာလဲတော့ သိပ်မမှတ်မိဘူး။ အဲဒါနဲ့ ဒါလဲမြို့ထဲပဲပေါ့ဆိုပြီး လမ်းပြန်လျှောက်တယ် ။ ဘယ်ရောက် နေမှန်းတော့ သေခြာမသိပါဘူး။ ဒါပေမယ့် ဆူးလေဘုရားကို ရှာမတွေ့ဘူး။ မတွေ့တော့ အိမ်မပြန်တတ်ဘူးလေ။ ကားလဲမစီးရဲ မေးလဲမမေးပဲ ငိုမဲ့မဲ့နဲ့ ဘုရားကိုရှာနေတာ။ ဒါတောင်ရန်ကုန်သူ အစစ်နော်။ နောက်တော့ တစ်ခြားသူ တစ်ယောက်ကို မေးပြီးတော့ ဆူးလေထိ ပြန်လျှောက်ပြီး ကားပြန်စီးတယ်။ ကဲ ဘယ်လောက်ချာလဲဆို။ ကိုယ့်ကို လမ်းမေးလဲ ဘယ်တော့မှ မဖြေနိုင်ဘူး။ လမ်းကလဲ အမြဲမှားတာ။ ကိုယ်မှတ်ထားတဲ့ သစ်ပင်တို့ ဆိုင်းဘုတ်တို့ မရှိတော့ရင် မှားပြီပဲ။ အဲဒါတကယ်အမှန်ပါ။

ရန်ကုန်က လမ်းတွေအကြောင်းကို သူငယ်ချင်းရဲ့ အဖေကပြောပြတယ်။ အထက်လမ်း အလယ်လမ်း အောက်လမ်း ဘလောက်(bloc) ခွဲထားတာကို ဘယ်ကသွားရင် ဘယ်လိုရောက်တယ် ဆိုတာကို ရှင်းပြပါတယ်။ အဲဒါကိုမသိရင် ရန်ကုန်သူ/သား အစစ်မပီသဘူးတဲ့။ ကျမကတော့ ရန်ကုန်သူပေမယ့် ခုထိ ဘယ်လမ်းက ဘယ်မှာဆိုတာ သေခြာကို မသိသေးတာပါ။ ကလေးတုန်းကမို့ ထားပါတော့။ ပြောရမှာတော့ ရှက်ပေမယ့် အလုပ်ထဲ ရောက်တဲ့ထိ လမ်းတွေ မှားပုံကို ပြောပြပါမယ်။ တရက်တော့ ဌာနမှာ တခြား အကြောင်းတခုကြောင့် ဒရိုင်ဘာက မရှိဘူး ဖြစ်နေပါတယ်။ အစိုးရရုံး တခုကို သွားဖို့ ချိန်းထားတော့ မသွားမဖြစ် သွားရပါတော့တယ်။ ရုံးက တခြား ကားမောင်းမယ့် သူကလဲ အဆင်မပြေတော့ ကျမဆရာ ကိုယ်တိုင်က သူ့ဖာသာ မောင်းမယ်ပေါ့ နင်က လမ်းပြဆိုပြီး မောင်းထွက် လာကြပါတယ်။ သူက သွားတတ်တော့ ရောက်ခါနီးထိ သူ့ဖာသာ မောင်းသွားတာ ဟုတ်နေတယ်။ ရောက်ခါနီးတော့ ဘယ်လမ်းလဲလို့ မေးရော အဲ..ထုံးစံအတိုင်းလေ ဟိုကြည့်ဒီကြည့်နဲ့ ဆိုင်းဘုတ်တို့ ဆိုင်တို့ လိုက်ရှာတာ သွားမယ့် နေရာကို ကျော်သွားရော။ ဒါနဲ့ ဆရာ ဆရာ ကျော်သွားပြီ နောက်မှာကျန်ခဲ့ပြီ ဆိုတော့ သူကလဲ စိတ်တိုတိုနဲ့ ပြန်ကွေ့ချပြီး လမ်းပြောင်းပြန်ကြီး လှည့်မောင်းလာရော၊ အမလေး… အဖမ်းခံရရင် ဒုက္ခဆိုပြီး လန့်နေမိတယ်၊ လမ်းကလဲ ရှင်းနေပြီး သိပ်အဝေးကြီး မကျော်သွားလို့သာ တော်သေးတာပါ။ နောက်ပြန် ကွေ့မောင်းဖို့ ဆိုတာ တလမ်းမောင်းက အဝေးကြီး သွားမှာဆိုတော့ သူကလဲ မမောင်းဖူးတော့ ဒီတိုင်း ကွေ့ချလိုက်တယ်နဲ့ တူပါတယ်။ ကွေ့ဝင်လိုက်တဲ့ လမ်းထဲရောက်တော့လဲ တခြားလမ်းသွယ်က ရှိသေးတော့ ရှုပ်နေပြန်ရော၊ ဒါနဲ့ဆရာက ဆူပါလေရော နင် ခဏခဏ သွားနေတာ ဘာလို့ မမှတ်ထားတာလဲ ဆိုပီးတော့လေ။ နောက်တော့မှ သူ့ဖာသာသူ ရှာလို့တွေ့သွားတယ်။ အဲဒီလောက် ချာတာ။ နောက်ထပ်လဲ အဲလိုပဲအများကြီး ခဏခဏ လမ်းမှားဖူးတယ် ပြောရင် ပြောလို့ဆုံးမှာ မဟုတ်တော့ဘူး။

ပြောချင်တာတွေက ဘယ်ရောက် သွားပြီလဲတောင် မသိတော့ဘူး။ လမ်းကျယ်ကြီးတွေကို မြင်ရင် သဘောကျပေမယ့် လမ်းကူးရမှာတော့ ကြောက်တတ်ပါတယ်။ လမ်းကူးတိုင်း သူများဘေးကပ်သွားပြီး ကူးတတ်ပါတယ်။ ဒီမှာ ကျမ သဘောကျတာက လမ်းဘယ်လောက် ရှင်းနေနေ လူကူးမျဉ်းကြား ကနေ မီးနီကို စောင့်ပြီး ကူးတတ်ကြတဲ့ အကျင့်ကောင်း ကိုပါပဲ။ မီးနီကို မစောင့်ပဲ ကူးတဲ့လူ အနည်းအကျဉ်းတော့ ရှိမှာပေါ့လေ။ အများစုကတော့ မီးနီကိုစောင့်ပြီး ကူးတတ်ကြပါတယ်။ ကားရှင်းရင်တောင် မဖြတ်ကြပါဘူး။ ကျမတို့ ဆီက အထူးသဖြင့် ဆူးလေမီးပွိုင့်မှာ ကတော့ လူတွေက မီးနီနီ မီးစိမ်းစိမ်း ကူးနေတာပါပဲ။ သွားနေတဲ့ ကားတွေကြားမှာ ရပ်နေရတာ မကြောက်ကြဘူးလား မသိပါဘူး ၊မောင်းတဲ့သူရော ဖြတ်တဲ့သူရော အတွက် အလွန် အန္တရာယ်များတာ မတွေးမိကြဘူးလား မသိပါဘူး။ ခဏလေးစောင့်ရတာ ဘာမှ ဖြစ်မသွားဘူးလို့ ထင်ပါတယ်။ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်ကြတဲ့ မြန်မာလူမျိုးတွေ ဒီနေရာမှာတော့ သူတို့ကို အတုယူ သင့်ပါတယ်။

လမ်းတွေအကြောင်း ပြန်ပြောချင်ပါတယ်။ ကျမတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အရင်ဆုံး လမ်းတွေကို ပြုပြင်ရပါမယ်။ အားလုံးမှာလဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ မြန်မာပြည်ဟာ မိုးများတဲ့ တိုင်းပြည်ဆိုတော့ လမ်းတွေက မကောင်းတော့ တာရှည်မခံပဲ ပိုပြီး ပျက်စီးလွယ်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် နေရာတိုင်း လမ်းတိုင်း လိုလိုဟာ ချိုင့်ကြီး ချိုင့်ငယ်တွေနဲ့၊ မြို့လယ်ခေါင်က လမ်းတောင် ချိုင့်တွေ လှိုင်းတွေ ရှိနေပါတယ်။ ပလက်ဖောင်းတွေ ကလဲ ပလက်ဖောင်းမှန်း မသိအောင်ကို ဆိုးဝါးစွာ ပျက်စီးနေပါတယ်။ ရန်ကုန်မှာ မတင့်တယ်ဆုံး လမ်းကိုပြပါဆိုရင် ရွှေတောင်ကြားထဲက လမ်းတွေကိုပြချင်ပါတယ်။ သူဌေးတွေ နေတဲ့နေရာမို့ နယ်ကလူတွေကတော့ လမ်းတွေက ပျံနေတယ်လို့ မထင်ပါနဲ့ရှင်။ အတော်ကိုဆိုးပါတယ်။ ကျမ အလုပ်သွားရင် ဖြစ်ဖြစ် ကျောင်း(UFL)သွားရင် ဖြစ်ဖြစ် တက္ကသိုလ်ရိပ်သာလမ်းကို ဖြတ်ပိတ်ထားတော့ အဲဒီလမ်းက အတိုဆုံး ဆိုတော့ မဖြစ်မနေ ဖြတ်ရပါတယ်။ ကိုယ်ပိုင်ကားတွေကော လည်းတန်းကိုသွားတဲ့ လိုင်းကား အသေးလေးတွေကော အဲဒီလမ်းက ဖြတ်ပါတယ်။ လိုင်းကားတွေရဲ့ ဒလကြမ်း မောင်းတာကြောင့်လဲ လမ်းတွေ ပျက်စီးတာ ပါမယထင်ပါတယ်။ အမြင် မသင့်တော်ဘူး ပြောရတာက အဲဒီမှာနေကြတဲ့ သူတွေဟာ ပိုက်ဆံချမ်းသာတဲ့ စီးပွားရေးသမားတွေ၊ ရုပ်ရှင်မင်းသား၊မင်းသမီးတွေ အရာရှိ အကြီးအကဲတွေ နေတာများပါတယ်။ အဲဒီလိုနေရာမျိုးမှာ အိမ်ကြီး တော်တော်များများက ခုနောက်ပိုင်းမှာ နန်းတော်ကြီးတွေလိုပဲ အပြိုင်အဆိုင် ဆောက်ထားကြတာပါ။ တချို့အိမ်တွေဆို ဝင်းတံတိုင်းမှာတောင် ကြွေပြားတွေကပ်ပြီး အလှဆင်ထားကြတာ တန်ဖိုးနည်းမယ် မထင်ပါဘူး။ ဒါပေမယ့် ခြံဝင်း အပြင်ကလမ်းကတော့ ကျဉ်းမြောင်းပြီး ချိုင့်တွေနဲ့ အတော်ကို ပျက်စီးနေပါတယ်။ ကားနဲ့ဘယ်လိုပဲ ထွက်ထွက် ကိုယ့်အိမ်ဝန်း ဝရံတာက ထွက်ပြီး ရပ်ကြည့်မယ် ဆိုရင်တောင် ဒီလိုစုတ်ချာနေတဲ့ သနားစရာ လမ်းကိုတော့ မြင်ရမှာပါ(ခုတော့ မသိပါဘူး)။

တကယ်ဆို ကိုယ့်ခြံရှေ့က ကိုယ်ရော အများပါသုံးနေတဲ့လမ်းကို ပြုပြင်သင့်တယ်ထင်ပါတယ်။ ကိုယ့်ပါတ်ဝန်းကျင်က သာယာနေမှ ကိုယ်နေရတာ စိတ်ကြည်နူးစရာ ကောင်းမှာပါ။ ကျမတွေ့ဖူးတဲ့ လမ်းထဲက(ရန်ကုန်) တနေရာမှာတော့ ဆောက်ထားတဲ့ အိမ်ကြီးက လှလှပပနဲ့ အကြီးကြီးပါပဲ မြက်ခင်းတွေနဲ့ ကောင်းမွန်စွာ လုပ်ထားတယ်။ သူ့ခြံရှေ့ လမ်းကတော့ ချိုင့်ခွက်တွေနဲ့ တဖက်မှာ မြက်ပင်ရှည်တွေတောင် ပေါက်ပြီး ခြံရှေ့ကမြောင်းကလဲ တိမ်တိမ်လေးမို့ ရေကြီးရင် ရေတွေလျှံနိုင်ပါတယ်။ နိုင်ငံခြားသား ဧည့်သည်ကိုသာ အလည်ဖိတ်ရင် ဘာပြောမယ်တော့မသိဘူး။ မိုးရွာရင် အဲဒီလမ်းက ရေတွေလျှံပြီး စိတ်ပျက်စရာ အင်မတန် ကောင်းပါတယ်။ စုပေါင်း ပါဝင်ပြီး သက်ဆိုင်ရာနဲ့ ပြုပြင်လိုက်မယ်ဆို အားလုံးအတွက် အကျိုးရှိမှာပါ။ တကယ်တော့ ကျမတို့ တွေရဲ့ စိတ်ထားတွေကို လမ်းတွေက ပြောပြနေပါတယ်။

ကိုရီးယားမှာတော့ အဲဒီလို ခြံဝန်းကျယ်နဲ့ အိမ်တွေရှိတဲ့ နေရာမျိုးမဆိုနဲ့ အိမ်သေးသေး လေးတွေနဲ့ ရပ်ကွက်လေးတွေတောင် လမ်းတွေက အတော် ကောင်းပါတယ်။ ဒီကလမ်းတွေက ကျဥ်းပါတယ် နောက်ပြီး တောင်ကုန်းပေါတော့ ကုန်းတက် ကုန်းဆင်းနဲ့ လမ်းကျဉ်းလေးတွေ သိပ်ပေါပါတယ်။ ကျမ မြန်မာပြည် ပြန်တုန်းက တချို့ လမ်းတွေကို ပြင်ထားတာ တွေလို့ မေးကြည့်တော့ မဲဆွယ်ထားတာလို့ ရီစရာအနေနဲ့ ပြောကြပါတယ်။ ဒါပေမယ့် အကုန်မဟုတ်ပဲ တဝက်ပဲ ပြင်ထားတာ တွေ့ရပါတယ်၊ ပလက်ဖောင်းတွေကတော့ ဒီအတိုင်းပါပဲ။ လမ်းလျှောက်လို့ မရအောင် ပျက်စီးနေတယ်။ ကျမတို့လို မိန်းကလေး အများစုကတော့ ဒေါက်ဖိနပ် လှလှလေးကို ကြွကြွလေးစီးပြီး လမ်းကောင်းလေးမှာ လျှောက်ချင်ကြပါတယ်။ အပြင်ထွက်လိုက်တာနဲ့ မြောင်းရေတွေ လျှံပြီး ဆိုးဝါးတဲ့ ချိုင့်တွေနဲ့ လမ်းကို ဘယ်သူမှ မလျှောက်ချင်ကြပါဘူး။ အဲဒီအတွက် ကိုယ်တိုင်ကလဲ မြောင်းတွေထဲကို အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ မပစ်မိအောင် သတိထားဖို့တော့ လိုမယ်ထင်ပါတယ်။

ကျမရောက်ဖူးတဲ့ ဆင်းရဲသားရပ်ကွက်တခုက လမ်းလေးကတော့ ကွန်ကရစ် လမ်းလေးနဲ့ ဖြောင့်နေတာပါပဲ။ ကိုယ်ထူကိုယ်ထ လမ်းလို့ ရေးထားပါတယ်။ သတင်းစာထဲမှာ တခါတွေ့ဖူးတာ ကိုယ့်အားကိုယ်ကိုး လမ်းဆိုပြီး ယူနီဖောင်းနဲ့ အရာရြှိကီးက လမ်းဖွင့်ပေးတာ ရီစရာကြီးလိုပဲ၊ တကယ်ဆို လမ်းသူ လမ်းသားတွေ ဖွင့်ပါစေလားနော်။ ဒီမှာတော့ လမ်းဖွင့်ပွဲဆိုပြီး တခါမှ လာဖွင့်ပြီး သတင်းစာတွေထဲ ထည့်တာ မတွေ့ဖူးပါဘူး။ သူ့အလုပ်သူ လုပ်သွားကြတာပါပဲ။ ကျမတို့ တွေဟာ ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ လိုရာ ခရီးရောက်ဖို့ လမ်းတွေကို လျှောက်နေ ကြရပါတယ်။ ကျမတို့ လျှောက်တဲ့ လမ်းတွေတိုင်းဟာ အနာဂါတ်မှာ ကောင်းမွန် ဖြောင့်ဖြူးနေတာကို အမြဲမြင်ရရင် ကောင်းမယ် မဟုတ်ပါလားရှင်။ ဆရာဇော်ဂျီရဲ့ "သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ "ဆိုတဲ့ကစာလေးကိုလဲ သတိရမိပါတယ်။

ကျမခုလို ရေးသားခြင်းဟာ မည်သူ တဦးတယောက်ကိုမှ ထိခိုက် ဝေဖန်ဖို့ မရည်ရွယ်ပါ။ စိတ်ထဲက ပြောပြချင်တဲ့ ဆန္ဒဖြင့်သာ ရေးသားခြင်းဖြစ်ပါတယ်။

အင်ကြင်း
2:10 am.
Incheon, Korea

3 comments:

ဇေဇော် said...

မအင်ကြင်းရေ… စာရေးမယ့်သူတစ်ယောက်တိုးလာပြီဆိုပြီး ၀မ်းသာနေပါတယ်…။ “ကျမခုလို ရေးသားခြင်းဟာ မည်သူ တဦးတယောက်ကိုမှ ထိခိုက် ဝေဖန်ဖို့ မရည်ရွယ်ပါ။ စိတ်ထဲက ပြောပြချင်တဲ့ ဆန္ဒဖြင့်သာ ရေးသားခြင်းဖြစ်ပါတယ် …” ဆိုတဲ့ နောက်ဆုံးက စာသားလေးက တကယ်စိတ်မကောင်းစရာပါပဲ။ ကိုယ့်အတွေးအမြင်၊ ကိုယ့်သဘောထားကို လွတ်လွတ်လပ်လပ် ရေးသားပြောဆိုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ…။

Unknown said...

နိုင်ငံအတွင်းမှာနေထိုင်ကြတဲ.ပြည်သူတွေစိတ်ဓာတ်ပြည်.၀ဖို.အရင်ကြိုးစားကြရမယ်။ နိုင်ငံရပ်ခြားမှာနေကြပြီး
တစ်ယောက်နဲ.တစ်ယောက်ကိုယ်ချင်းစာတရားမရှိကြဘူးဆိုရင်အမိနိုင်ငံရောက်ရင်မတွေးရဲစရာပဲ။ ပထမဆုံးမိမိတို.ရဲ.စိတ်ဓာတ်တွေကိုတိုးတက်အောင်ကြိုးစားကြပါလို.။

သခင်ပြေငြိမ်းအေး said...

ဆ၇ာမမအင်ကြင်း၇ဲ့ လမ်းကဗျာ၇ှည်ကြီးက ၇ဟန်း၇ှင်လူပြည်သူတွေ ဖတ်ပြီး ကဗျာလား ဆောင်းပါးလား သတင်းလား ခွဲခြား နားမလည်နိုင်တဲ့ ခလမသမကြာမကြာေ၇းနေတဲ့ ကာ၇ံမ၇ှိတဲ့ မော်ဒန် ကဗျာဆိုတာ ထက် ပိုပြီး ဖတ်လို့ကောင်းပါတယ်ဗျာ။ ဆ၇ာမမအင်ကြင်းဆက်ေ၇းပါလို့ အားပေးနေပါတယ်ဗျာ။