ရေးသားသူ — အင်ကြင်း
သူငယ်ချင်းတယောက်က ကျမကို အချစ်အကြောင်း ရေးပါလား ဖတ်ချင်တယ်လို့ ပြောလာပါသည်။
ရုတ်တရက် အချစ်အကြောင်း ဆိုတော့ ကျမ ဘာရေးရမှန်းမသိ ...တခါမှရေးဖို့ စိတ်ကူးတောင် မရှိဖူးပါ။
အချစ်အကြောင်းနဲ့ ပါတ်သက်ပြီး လူတွေက အမျိုးမျိုး ယူဆဖွဲ့နွဲ့ပြီး ရေးတာတွေတော့ ဖတ်ခဲ့ သိခဲ့ဖူးပါသည်။ ကျမကိုယ်တိုင်ကော ပါတ်ဝန်းကျင်ရဲ့ အတွေ့အကြုံအရပါ အချစ်နဲ့ ပါတ်သက်ပြီး အကြောင်းအရာတွေ အများကြီး ရှိခဲ့ဖူးပေမယ့် အချစ်ဆိုတာ ဘာလဲလို့တော့ သိပ်မတွေးခဲ့ဖူးပါ။ ငယ်ငယ်ကထဲက ကျမက စိတ်ကူးယဉ် အချစ်ဝတ္တုတွေဆို သိပ်မဖတ်ပါ။ ကိုယ်မသိသေးတဲ့ အကြောင်းအရာမျိုး တွေသာ ရှာဖတ်ပြီး ၊ အချစ်ဝထ္တု စာအုပ်မျိုး ဖတ်မိလဲ တဝက်လောက်ကျ ပစ်ထားလိုက်ပြီး ကိုယ့်ဖာသာ စိတ်ကူးနဲ့ပဲ စဉ်းစားလိုက်တယ်.. ဒီလိုဖြစ်ရင် ကောင်းမှာပဲလို့..စိတ်ကူးလိုက်မိတယ်။ ကိုယ့်ဖာသာ တွေးယူလို့ရတဲ့ စာအုပ်မျိုး တွေဆို ခေါင်းမာမာနဲ့ မဖတ်ပါ။ ကဲ ခုတော့ ကျမအတွေးနဲ့ ချစ်ခြင်းအကြောင်း ပြောချင် ရေးချင်ပါသည်။
ကျမတွေးမိတဲ့ ချစ်ခြင်းဟာ ယဉ်ကျေးမူ့ ဖြစ်ပါသည်။ ကျမတို့ တွေဟာ ဒီလောကကြီးထဲမှာ ချစ်ခြင်းနဲ့ ကင်းကွာ၍ မရပါ။ မိသားစု မောင်နှမ မိတ်ဆွေ သူငယ်ချင်း ချစ်သူရည်းစား စသည်ဖြင့် တယောက်နဲ့ တယောက် ချစ်ကြခြင်းသည် နိုင်ငံတကာ လူမျိုးပေါင်းစုံ၏ တူညီသော ယဉ်ကျေးမှု ဖြစ်ပါသည်။ ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှု စာအုပ်မှာ ဆရာက ဒီလိုရေးထားပါသည်။ ယဉ်ကျေးမှုဟူသော စကားလုံးကို ငြိမ်းချမ်းရေး ဟူသော အဓိပါယ်ဖြင့် သုံးနှုန်းခဲ့သည်။ အဲဒီလို ရေးထားတာ ဖတ်ရလို့ ကျမ သဘောကျသည်။ ငြိမ်းချမ်းရေးဆိုတာ နေရာတိုင်းတွင် ကျမတို့အတွက် အရေးကြီးပါသည်။ ချစ်ခြင်းသည်လဲ ငြိမ်းချမ်းမှု တခုပဲ မဟုတ်ပါလား။
သို့သော် ချစ်ခြင်းတွင် လောဘတွေ ပါလာသည့်အခါ ဒေါသနဲ့ ပူလောင်မှုတွေပါ ရောပါလာတတ်သည်။ ဒါကို သီးခြား သတိထား သင့်သော်လည်း လောကီ လူသားတယောက် အနေနှင့် သတိမထားနိုင်ပဲ ဖြစ်ရပါသည်။ ငါ့ရဲ့ အချစ်ကို ငါ့ရဲ့စေတနာကို အသိအမှတ် မပြုဘူးဟူသော စိတ်၊ ငါသာလျှင် ပိုချစ်တာ ငါပဲ ပိုင်ဆိုင်ရမယ် ဆိုသောစိတ်ဖြင့် ငြိမ်းချမ်းမှုကို ပျက်စေပါသည်။
ချစ်ခြင်းသည် လူတိုင်းနှင့် ပါတ်သက်ပါသည်။ တချို့က ငါကတော့ တခါမှ မချစ်ဖူးပါ၊ မချစ်တတ်ပါ၊ ဘယ်သူ့ကိုမှ မချစ်ပါဟု ကြွှေးကြော်တာ ကြားဖူးပါသည်။ ကျမကတော့ ထူးဆန်းသည်လို့ပဲ ထင်ပါသည်။ ဘုရားဟောတဲ့ မေတ္တာ ထားပါဆိုတာ တဖက်လူ အပေါ်မှာထားတဲ့ ယဉ်ကျေးမှု တခုပဲ ဖြစ်ပါသည်။ ကိုရီးယား မှာဆိုလျှင် ယခုချိန်မှာ လွန်စာ ခေတ်စားနေသော ဆာရန်းဟယ်ယိုး ဆိုသည့်စကားဖြင့် ခေါင်းပေါ် လက်နှစ်ဖက်ယှက်ကာ အသဲပုံ လုပ်ပြတတ်သည့် ယဉ်ကျေးမှု အသစ်တခုပင်ရှိသည်။
ကျမတို့တွေဟာ လူအချင်းချင်းသာ မဟုတ်ပါ ချစ်စရာကောင်းသည့် အရာတွေ့လျှင် စိတ်ထဲမှာ ကြည်နူးစိတ် ဖြစ်ကြရပါသည်။ တိရိစ္ဆာန်လေးတွေ ခွေးလေး ကြောင်လေးတွေနဲ့ ကလေးများရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို တွေ့ရင်တောင် အလိုလို ပြုံးသွားတတ်ကြသည်။ သူတို့လေးတွေက ဖြူစင်သဖြင့် ဟန်မဆောင်ပဲ ချစ်သည့်အခါ ပျော်ရွှင်ပြီး နေတတ်ကြတာကို တွေ့ရသည်။ ဘယ်သူဖြစ်ဖြစ် တယောက်နဲ့ တယောက် ချစ်ခြင်းသည် ငြိမ်းချမ်း ကြည်နှုးခြင်း ဖြစ်ပါသည်။
ဒဂုန်တာရာ၏ စာထဲမှာ ယဉ်ကျေးမှုဆိုတာ ရိုင်းရာမှ ယဉ်လာသည်အထိ တိုးတက်လာခြင်း ဟူသော အနက်ဟုပါ ပါသည်။ ချစ်နေသည့်အခါ ယဉ်ကျေးနူးညံ့ နေသည်ဟု ထင်ပါသည်။ မေတ္တာဖြင့် ခွင့်လွှတ်လိုက်သဖြင့် ငြိမ်းချမ်းမှုကို ရပါသည်။ ကိုယ်တိုင် လုပ်ကြည့်သောအခါ သိလာရသည်။ သို့သော် ခက်သည်။ လူတယောက်ကို မုန်းရန် သူ့အပြစ်ကို ရှာကြံတွေးကာ မုန်းစိတ်ထားဖို့ လွယ်ပါသည်။ ချစ်စိတ်ထားဖို့ ခက်ပါသည်။ ဘာကြောင့် ချစ်တာလဲဟု မေးလျှင် ပညာတတ်လို့ ရုပ်ချောလို့ဟု ဖြေလျှင် ဒီလောကကြီးမှာ ပညာတတ်သူ ရုပ်ချောသူတွေ အလွန်ပေါပါသည်။ သို့သော် သူတို့ကို အကုန်မချစ်နိုင်ပါ။
ချစ်တယ်ဆိုတာ ဘာကြောင့်ဟု အစရှာပြောဖို့ ခက်သည်လို့ ကျမထင်ပါသည်။ တဖက်လူက ကိုယ့်ကို မုန်းအောင်လုပ်ရန် အလွန်လွယ်ပါသည်။ ကိုယ့်ကို ချစ်လာအောင် လုပ်ဖို့တော့ အလွန်ခက်ပါသည်။ ကိုယ့်ဖက်က တခုခုတော့ ပေးရပါမည်။ သူ့ဆီသွားရတာ အချိန်ကုန်တယ်။ ဖုံးဆက်ရတာ ပိုက်ဆံကုန်တယ်လို့ တွေးမိပေမယ့် သူနဲ့ စကားပြောရတာ တွေ့ရတာ ကြည်နှုးစရာ ကောင်းပြီး စိတ်ပျော်ရွှင်မှု အလိုလို ရှိလာသည်ဆိုလျှင် ကိုယ်က သူ့ဆီက ရခြင်းဖြစ်ပါသည်။ ချစ်ခြင်းကို တိုင်းတာ တန်ဖိုးဖြတ်လို့မရပါ။ စိတ်ကျေနပ်ခြင်းသည် ချစ်ခြင်း၏ အစဖြစ်ပါလိမ့်မည်။
မနက်ဖြန်ဆိုလျှင် မတ်လ ၁၄ရက်နေ့ဟာ အဖြူရောင် အချစ်နေ့လို့ ခေါ်ရမယ့် ဝှိုက်ဒေးနေ့ (White Day )့ ဖြစ်ပါသည်။ သူတို့ အယူအဆက Valentine Day မှာ မိန်းကလေးတွေက လက်ဆောင် ပေးခဲ့တာကို White Day ကျတော့ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို ပြန်ပြီး လက်ဆောင်ပေးတဲ့ နေ့ပေါ့။ မြန်မာပြည်မှာတော့ သိရသလောက် ခုချိန်ထိ ဒီယဉ်ကျေးမှု မပေါ်လာသေးပါ။ အဲဒီနေ့အတွက် ကျမတို့ ကျောင်းရှေ့မှာ သောကြာနေ့ ကထဲက လက်ဆောင်လေးတွေ စရောင်းနေပါပြီ။ ဝှိုက်ဒေးက ဂျပန်နဲ့ ကိုရီးယားမှာသာ ခေတ်စားပြီး လူငယ်တွေက ကျင်းပကြခြင်း ဖြစ်ပါသည်။ ဒီဝှိုက်ဒေးရဲ့ အစကတော့ ၁၉၇၈ခုနှစ်မှာ ဂျပန်နိုင်ငံက စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံက အချို ချောကလက်တွေ( Confectionery ) ထုတ်လုပ်တဲ့ အဖွဲ့အစည်းက အဖြေ ပြန်ပေးတဲ့နေ့ အနေနဲ့ အမျိုးသမီးတွေကို ချောကလက် ပြန်ပေးဖို့ဆို သတ်မှတ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ကို စတင်ခဲ့ပြီး ယနေ့အချိန်ထိ ဂျပန်နဲ့ ကိုရီးယားတွင် အလွန် ခေတ်စားပါသည်။ ထိုနေ့ ကျင်းပခြင်းသည်လဲ ချစ်ခြင်း၏ ယဉ်ကျေးမှု အသစ်တခုပင် မဟုတ်ပါလား။
ဒီနှစ်အဖို့တော့ ဂျပန်မှာ ငလျင်ဒဏ်ကြောင့် မည်သူမှ ဝှိုက်ဒေးကို ကျင်းပနေနိုင်မယ် မထင်ပါ။ ကျမတို့တွေ ချစ်ခြင်းမေတ္တာဖြင့် ဂျပန်ပြည်သူများ ငြိမ်းချမ်းမှုရှိဖို့ ဝှိုက်ဒေးမှာ အတူဆုတောင်းကြပါစို့။
ချစ်ခြင်းဖြင့်
အင်ကြင်း (Incheon)
Sunday, March 13, 2011
ချစ်ခြင်း၏ ယဉ်ကျေးမူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment