ကိုရီးယားလူမျိုးများသည် ရှေးယခင်ကတည်းက “လူသားတို့၏ အစွမ်းအစ၊ ကျန်းမာရေး၊ ရှင်သန်မှုနှင့် စွမ်းအား စသည်တို့သည် အကန့်အသတ် တစ်ခုအထိသာ ရှိနေသောကြောင့် အသက်ရှင်သန်မှု၌ အခက်အခဲ၊ အတားအဆီးများစွာ ရှိနေခြင်း”အပေါ် ယုံကြည်နားလည်ခဲ့ကြသည်။ ထို့ကြောင့် ဘ၀၏ အခက်အခဲ၊ အတားအဆီးများကို ဖြေရှင်းနိုင်ပြီး၊ အေးငြိမ်းစွာ ရှင်သန်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်မှု တစ်ခုအဖြစ်ဖြင့် နတ်နှင့် သဘာဝလွန် စွမ်းအားရှင်တို့ကို ယုံကြည် လက်ခံခဲ့ကြသည်။ ထိုသို့ ရိုးရာယုံကြည်မှု အစွဲအလမ်းများသည် ဟိုးရှေးယခင်ကတည်းက အစပြု၍ ကိုရီးယားလူမျိုးတို့၏ နေ့စဉ်ဘ၀နေထိုင်မှုအတွင်း၌ အသားကျစွဲမြဲလာခဲ့ကြလေသည်။
ရိုးရာယုံကြည်မှု အစွဲအလမ်းများအနက် မိမိတို့၏ နေအိမ်၌ နတ်များကို ပင့်ဖိတ်ပြီး ပူဇော်ပသထားကြသော အိမ်တွင်းနတ်ယုံကြည်မှုနှင့် မြို့၊ ရွာ၊ ရက်ကွက်တို့ကို စောင့်ရှောက်သော နတ်တို့ကို လူအများစုပေါင်းပြီး ပူဇော်ပသကြသည့် နတ်ကွန်းယုံကြည်မှု၊ နတ်ဆရာများနှင့် ဆက်သွယ်မှု ရှိသော ခေါင်းဆွဲနတ်ယုံကြည်မှု၊ အနာဂါတ်ကိစ္စများကို မှန်းဆရန်အတွက် နက္ခတ် ဗေဒင် ယုံကြည်မှု၊ လောကီပညာရပ်တစ်ခုဖြစ်သော ဖုန်းရွှေပညာရပ်အပေါ် ယုံကြည်မှု စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ရှိခဲ့ကြသည်။
ယခုအခါ ကိုရီးယားနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ စက်မှုနိုင်ငံအဖြစ်သို့ ကူးပြောင်းကာ လူနေမှုအဆင့်အတန်းမှာလည်း မြေစိုက်အိမ်မှသည် မိုးပျံတိုက်များ၊ အဆင့်မြင့် တိုက်ခန်းအိမ်ယာ၊ လုံးချင်းအိမ်ယာများသို့ ပြောင်းလဲသွားသော်လည်း ရိုးရာအစွဲအလမ်းဖြစ်သည့် နတ်ကိုးကွယ်ယုံကြည်မှုဓလေ့မှာမူ တိမ်ကော ပျောက်ကွယ်ခဲ့ခြင်း မရှိချေ။ ကိုရီးယားလူမျိုးများသည် ရိုးရာယုံကြည်မှု အစွဲအလမ်းများအပြင် ကိုရီးယားနိုင်ငံ၌ ပေါ်ထွန်းလာသော ဘာသာတရားများကိုလည်း ကိုးကွယ်ယုံကြည်ကြကာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာတို့ကဲ့သို့သော ကိုရီးယားနိုင်ငံပြင်ပမှ ၀င်ရောက်လာသည့် ဘာသာတရားများကိုလည်း ကိုးကွယ်ယုံကြည်လေ့ ရှိခဲ့ကြသည်။
အိမ်တွင်းနတ်များ(가신신앙)
ကိုရီးယားလူမျိုးတို့သည် ရှေးယခင်ကတည်းက မိမိတို့ နေထိုင်ကြသော အိမ်ဂေဟာ၏ နေရာအနှံ့တွင် အိမ်တွင်းကို စောင့်ရှောက်သော နတ်များ ရှိသည်ဟု ယုံကြည်ကြသည်။ ကိုရီးယားလူမျိုးတို့၏ အိမ်များတွင် နေရာလွတ် မကျန်အောင် အိမ်တွင်းနတ်များ ပင့်ဖိတ်ထားသော နေရာအမှတ်အသားများ ရှိကြသည်။ အိမ်ကြမ်းပြင်နှင့် အိမ်တွင်းခန်းတွင် ပင့်ဖိတ်ထားလေ့ရှိသော ဆောင်းဂျူနတ်၊ အိမ်တွင်းခန်းနှင့် အခြားအခန်းတွင် စမ်းရှင်းနတ်၊ ဂျိုဝှန်းနတ်တို့ကို ပင့်ဖိတ်လေ့ရှိကာ ပဲငပိနှင့် ပဲငန်ပြာရည်အိုးများထည့်ထားသော စဥ့်အိုးများ ထားသည့် နေရာတွင် ထောဂျူနတ်၊ တံခါးတွင် မွန်းရှင်းဟုခေါ်သော တံခါးစောင့်နတ်၊ အိမ်သာတွင် ချု့ရှင်ဟုခေါ်သည့် အိမ်သာနတ်၊ နွားတင်းကုပ်တွင် အူမာရှင်းဟုခေါ်သည့် တင်းကုပ်စောင့်နတ် စသည်ဖြင့် နတ်နှင့် လွတ်သော နေရာဟူ၍ မရှိချေ။
အထူးသဖြင့် အိမ်တွင်းနတ်များသည် မကောင်းဆိုးဝါးများ အိမ်တွင်းသို့ ၀င်ရောက်လာခြင်းကို တားဆီးပြီး အိမ်သူအိမ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ယင်းနတ်များကို အချိန်အခါအလိုက်၊ မိမိတို့ လိုအပ်ချက်အလိုက် ကန်တော့ပွဲများဖြင့် ပူဇော်ပသသော အလေ့အထ ရှိခဲ့ကြသည်။ ၎င်းနတ်များကို အိမ်တွင်းနတ်အဖြစ် ယုံကြည်ခဲ့ကြသည်။ အိမ်တွင်းနတ် အသီးသီးတို့၏ စောင့်ရှောက်မှုကို လိုက်၍ ယုံကြည်မှု တူညီကြသော်လည်း၊ ပင့်ဖိတ်ထားကြသည့် နေရာနှင့် အသုံးအဆောင်များမှာမူ ကွဲပြားမှု ရှိကြလေသည်။
လုပ်ငန်းသစ်များ လုပ်ကိုင်ကြသည့်အခါ ဤသို့ နတ်တင်ကြသည်။ |
အထူးသဖြင့် အိမ်တွင်းနတ်များသည် မကောင်းဆိုးဝါးများ အိမ်တွင်းသို့ ၀င်ရောက်လာခြင်းကို တားဆီးပြီး အိမ်သူအိမ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ယင်းနတ်များကို အချိန်အခါအလိုက်၊ မိမိတို့ လိုအပ်ချက်အလိုက် ကန်တော့ပွဲများဖြင့် ပူဇော်ပသသော အလေ့အထ ရှိခဲ့ကြသည်။ ၎င်းနတ်များကို အိမ်တွင်းနတ်အဖြစ် ယုံကြည်ခဲ့ကြသည်။ အိမ်တွင်းနတ် အသီးသီးတို့၏ စောင့်ရှောက်မှုကို လိုက်၍ ယုံကြည်မှု တူညီကြသော်လည်း၊ ပင့်ဖိတ်ထားကြသည့် နေရာနှင့် အသုံးအဆောင်များမှာမူ ကွဲပြားမှု ရှိကြလေသည်။
ဆောင်းဂျူနတ်(성주신)
ဆောင်းဂျူနတ်ကို အိမ်တွင်း၏ အရေးအပါဆုံး နတ်အဖြစ် ယုံကြည်ကြလျှက် အိမ်ဂေဟာ၏ ကောင်းခြင်း၊ ဆိုးခြင်း ကိစ္စများကို စောင့်ရှောက် ဖန်တီးပေးနေသော နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြသည်။ ဆောင်းဂျူနတ်သည် အိမ်ဂေဟာ၏ အေးငြိမ်းမှုနှင့် စည်းစိမ်ချမ်းသာအတွက် အကောင်းဆုံး နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြသည်။ ဆောင်းဂျူနတ်ကို ပင့်ဖိတ်ထားရာ နေရာမှာ အိမ်၏ အနေအထားကို လိုက်၍ ကွဲပြားခြားနားမှု ရှိသော်လည်း၊ အများအားဖြင့် အိမ်၏ ဗဟိုဖြစ်သော ထုပ်တန်း အောက်၊ ခေါင်တိုင် အထက်နား နေရာ ဖြစ်သည်။ အထူးသဖြင့် အိမ်တွင်းခန်း၏ သန့်ရှင်းတိတ်ဆိတ်သော နေရာတွင် ပင့်ဖိတ်ထားလေ့ ရှိကြသည်။
ဆောင်းဂျူနတ်အား အိမ်သစ်ဆောက်သော အခါ၌လည်းကောင်း၊ အိမ်သစ် ပြောင်းသောအခါ၌လည်းကောင်း နေရာရွေးချယ်၍ ဆောင်းဂျူနတ်၏ သင်္ကေတ ပစ္စည်းများဖြင့် ပင့်ဖိတ်လေ့ ရှိကြသည်။ ဆောင်းဂျူနတ်၏ အမှတ်သင်္ကေတပစ္စည်းမှာမူ အရပ်ဒေသကို လိုက်၍လည်းကောင်း၊ ပင့်ဖိတ်သည့် အိမ်၏ အနေအထားကို လိုက်၍လည်းကောင်း ကွဲပြားမှု ရှိလေသည်။ အချို့သော အိမ်များတွင် အိမ်ကြမ်းပြင်၏ အလယ်ဗဟိုရှိ ထုပ်တန်းအောက်နေရာ သို့မဟုတ် အချင်းတိုင် အထက်နား နေရာတွင် စက္ကူဖြူ သို့မဟုတ် အဖြူရောင် ပိတ်သားစကို ခေါက်ချိုးကာ လေးထောင့်ပုံစံ ပြုလုပ်၍ ချိတ်ဆွဲနိုင်စေရန် ကြိုးဖြင့် ရစ်ပတ် ချိတ်ဆွဲထားလေ့ ရှိကြသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ဆောင်းဂျူနတ်မင်းသည် ကောင်ကင်မှ ပင့်ဖိတ်သော အိမ်သို့ လမ်းပေါက်ကာ အိမ်သူအိမ်သားများကို စောင့်ရှောက်ရန် ထိုအိမ်တွင် အတူတကွ ရှိနေသည်ဟု စွဲလမ်းယုံကြည်ကြသည်။
အချို့သော အိမ်များတွင်မူ ဆန်အရက်နှင့် သစ်ခေါက်စက္ကူကို သော့၊က်၊ဟုခေါ်သော ရိုးရာဆန်မုန့်တစ်မျိုးနှင့်အတူ လက်ဖြင့် ထိတွေ့နိုင်စေရန် ဘေ့စ်ဘော ဘောလုံးကို ထက်ခြမ်းခြမ်း၍ တင်မြှောက် ပင့်ဖိတ်လေ့ ရှိကြသည်။ ဆန်ထည့်သော အိုးငယ်ကို အိမ်ကြမ်းပြင် တစ်နေရာ၌ ချထားလေ့ ရှိသော အိမ်များလည်း ရှိကြသည်။ အချို့ကလည်း ကြွေအိုးတွင် ကျောက်ခဲများ ထည့်ကာ အပေါ်မှ စက္ကူဖြင့် ခေါက်ချိုးပြီး အဖုံးလုပ်၍ ပင့်ဖိတ်ကိုးကွယ်သူများလည်း ရှိသည်။ အကယ်၍ ငွေကြေးများ ရရှိလာသောအခါ ဆောင်းဂျူနတ် ပင့်ဖိတ်ထားသော အိုး၌ ထည့်၍ ပူဇော်ပြီးမှ ပြန်လည် ထုတ်ယူ အသုံးပြုလျှင် ကောင်းကျိုးမင်္ဂလာ ဖြစ်စေသည်ဟု ယုံကြည်သူများလည်း ရှိကြသည်။
ကိုရီးယားမိသားစုများ၏ အိမ် အများစုတွင်မူ နွေဦးနှင့် ဆောင်းဦးအခါများ၌ နတ်တင်ခြင်းများ ပြုလုပ်လေ့ ရှိကြကာ၊ များသောအားဖြင့် ဆောင်းဂျူနတ်ကိုသာ ပူဇော်ပသလေ့ ရှိကြလေသည်။ ရိုးရာနှစ်သစ်ကူး၊ ကောက်သစ်စားပွဲစသော အခါကြီး ရက်ကြီး အချိန်အခါများနှင့် နတ်ကန္နားပွဲ ပြုလုပ်လေ့ ရှိသည့် အချိန်အခါများတွင်လည်း ဆောင်းဂျူနတ်ကို ပူဇော်ပသကာ မိမိတို့ လိုအင်ဆန္ဒများ ပြည့်ဝစေရန် ဆုတောင်းလေ့ ရှိကြသည်။
ဆောင်းဂျူနတ်စင်တွင် တင်မြှောက်သော ဆန်ကို အများအားဖြင့် လပြက္ခဒိန် ၁လပိုင်းနှင့် ၁၀လပိုင်းတို့၌ ကောက်သစ်ဆန်ဖြင့် လဲလှယ် တင်မြှောက်လေ့ ရှိကြသည်။ ထိုသို့ တင်မြှောက်ပြီးသော ဆန်ကိုမူ အခြားသူများအား ပေးကမ်းခြင်း မပြုလုပ်ကြပဲ ချက်ပြုတ်၍ မိသားစုဝင်များသာ စားသုံးလေ့ ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ နတ်စင်မှ ချသော ဆန်ကို အိမ်အပြင်သို့ ရောက်စေခြင်းသည် ကောင်းကျိုးမင်္ဂလာများကို အခြားသူများအား ပေးကမ်းခြင်းနှင့် တူသည်ဟု ယုံကြည်သော ထုံးတမ်းဓလေ့ကြောင့် ဖြစ်လေသည်။
ကိုရီးယား အမျိုးသားယဉ်ကျေးမှု သုတေသနအဖွဲ့က ၂၀၀၄ခုနှစ်မှ ၂၀၀၆ခုနှစ်အတွင်း ကိုရီးယားနိုင်ငံ အနှံ့အပြား မြို့ပေါင်း ၁၆၃ မြို့၊ ရွာပေါင်း ၄၈၉ ရွာ၌ နတ်ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံနှင့် အလေ့အထတို့ကို သုတေသန ပြုခဲ့ကြသည်။ သုတေသန ပြုလုပ်ချက်အရ ကိုရီးယားနိုင်ငံအတွင်း ဆောင်းဂျူနတ် ပင့်ဖိတ်ကိုးကွယ်မှု ဓလေ့မှာ အများအားဖြင့် ၃ မျိုး ရှိလေသည်။ ၎င်းတို့မှာ စက္ကူဖြင့် ပင့်ဖိတ်ကိုးကွယ်ခြင်းဓလေ့(한지형)နှင့် အိုးဖြင့် ပင့်ဖိတ်ကိုးကွယ်ခြင်းဓလေ့(단지형)့တို့အပြင် ထိုနည်းလမ်း ၂မျိုးစလုံး အသုံးပြု၍ ပင့်ဖိတ်ခြင်းတို့ ဖြစ်ကြသည်။ ဒေသအလိုက် ကိုးကွယ်သည့် ဓလေ့များကို အောက်တွင် မြေပုံအညွှန်းဖြင့် ပြထားသည်။ အဆင့်မြင့် တိုက်ခန်းအိမ်ယာတွင် နေထိုင်သူများတွင်ပင် ဆောင်းဂျူနတ် ပင့်ဖိတ်ကိုးကွယ်သည့်နေရာရှိ မျက်နှာကျက်ကို အပေါက်ဖောက်၍ ဆောင်းဂျူနတ် အသက်၀၀ ရှူနိုင်စေရန် ပြုလုပ်ထားတတ်ကြသေးသည်။ အကယ်၍ မိမိတို့ နေထိုင်သော အိမ်ယာ ပြောင်းရွှေ့ရသော အခါမျိုးတွင် ဆောင်းဂျူနတ် ပင့်ဖိတ်သည့် အိုးကို မြေတွင် မြှပ်နှံ၍ စက္ကူကိုမူ သစ်ပင်တွင် ချိတ်ထားခဲ့ကာ ပြောင်းရွှေ့သွားသော အိမ်အသစ်၌ ထပ်မံ ပင့်ဖိတ်လေ့ ရှိကြလေသည်။
ဂျိုစန်းနတ် (조상신)
ဂျိုစန်းနတ်သည် မျိုးနွယ်စုကို စောင့်ရှောက်သော နတ် ဖြစ်သည်။ ဂျိုစန်းနတ် ကိုးကွယ်ပုံ ၂ မျိုး ရှိလေသည်။ အခါကြီးရက်ကြီးများတွင် ပူဇော်ပသသော စားပွဲ၌ ပင့်ဖိတ်သော ဂျိုစန်းနတ်နှင့် အိမ်၌ အိမ်တွင်းနတ်အဖြစ် ကိုးကွယ်သော ဂျိုစန်းနတ်ဟူ၍ ဖြစ်သည်။ အခါကြီး ရက်ကြီးများတွင် ပူဇော်ပသသော ဂျိုစန်းနတ်မှာ ကွန်ဖြူးရှပ်ဓလေ့အရ ပူဇော် ပသရသော လူမျိုးစု ဂျိုစန်းနတ် ဖြစ်သည်။ အိမ်တွင်း ဂျိုစန်းနတ်မှာ မျိုးနွယ်စု၏ ဘိုးဘေးဘီဘင် အဆက်ဆက်ကို နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြခြင်းပင် ဖြစ်သည်။ မိသားစုတစ်စုရှိ အဘိုးအဘေးများသည် သားမြေးမြစ်များကို စောင့်ရှောက်လျှက် ရှိသည်ဟု ယုံကြည်ကြရာမှ ထိုသို့ ကွယ်လွန်သွားသော မိမိတို့ ဘိုးဘေးများ၏ ၀ိဉာဉ်ကို ပင့်ဖိတ်၍ ဂျိုစန်းနတ်ခေါ် ရိုးရာနတ်အဖြစ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုရိုးရာနတ်များကို ပင့်ဖိတ် ကိုးကွယ်သော နေရာမှာမူ အိမ်တွင်းခန်း၏ ကြမ်းပြင်တစ်နေရာရှိ နံရံအောက်နားနေရာ၌ ဖြစ်သည်။ အချို့မှာ မြေအိုး၊ ကြွေအိုး၊ အိတ်တို့ဖြင့် ပင့်ဖိတ်ပူဇော်လေ့ ရှိကြသော်လည်း ဂျိုစန်းနတ်၏ သင်္ကေတ အမှတ်အသားအဖြစ် သီးသန့် ထားရှိခြင်းမျိုး မရှိချေ။ မြေအိုးဖြင့် ပူဇော်သောအခါတွင် ဘာလီပေါ်ချိန်၌ ဘာလီစေ့များ ထည့်၍ ပူဇော်ကာ၊ စပါးပေါ်ချိန်၌ စပါးစေ့များဖြင့် ပြောင်းထည့်၍ ပူဇော်သော ဓလေ့လည်း ရှိကြသည်။ အချို့ကလည်း မိမိတို့ ဒေသထွက် သစ်သီးဝလံများဖြင့် ပူဇော်လေ့ ရှိကြသည်။
ကိုရီးယားနိုင်ငံရှိ အိမ်အများစု၌ ဂျိုစန်းနတ် ကွယ်လွန်သော နေ့၊ ရက်၌ အိပ်ခန်းတွင်း နံရံ တစ်နေရာတွင် မိမိတို့၏ မျိုးနွယ်မှာ မည်သူဖြစ်သည်ကို စက္ကူ၌ ရေးသား၍ နတ်တင်သည့် စားပွဲတွင် ကပ်ကာ ပူဇော်ပသလေ့ ရှိကြသည်။ ယင်းသို့ ပြုလုပ်ကြခြင်းမှာ ဂျိုစန်း၊င်၊နတ်သည် အိပ်ခန်းအတွင်းဘက် နံရံ တစ်နေရာ၌ စံပျော်သည်ဟု ယူဆခဲ့ကြသော ရိုးရာအစွဲအလမ်းကြောင့် ဖြစ်လေသည်။ ကိုရီးယားလူမျိုးတို့သည် မိမိတို့၏ အတွေးအခေါ်၊ အယူအဆ၊ ဗီဇ နှင့် ဓလေ့စရိုက်များသည် မိမိတို့၏ ဂျိုစန်းနတ်ဖြစ်သော ဘိုးဘေးဘီဘင်တို့မှ လက်ခံ ရရှိခဲ့သည်ဟု ယုံကြည်ကြရာ ဂျိုစန်းနတ်ကို အိမ်တွင်း၏ အရေးပါသော နတ်တစ်ပါးအဖြစ် ကိုးကွယ်ပူဇော်ကြလေသည်။
ဂျိုစန်းနတ်ကို အရပ်ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ချွန်းချောင်းနမ်ဒို၊ ဘိုလျောင်း(보령) အရပ်ဒေသ၌ ဂျိုစန်းနီးမ်(조상님)ဟူ၍ လည်းကောင်း၊ ဆိုးလ်၌ ဂျယ်ဆော့ဂ်(제석)ဟူ၍ လည်းကောင်း၊ ဂျော်လာနမ်ဒို၊ ဂွမ်ဂျူးအနီးရှိ ဂူလဲအရပ်(구례)နှင့် မူအန်းအရပ်(무안)၌ ဂျယ်ဆော့ဂ်အိုဂါရီ(제석오가리)ဟူ၍ လည်းကောင်း၊ ဟွာဆောင်းအရပ်(화성)၌ ဂျယ်ဆော့ဂ်ဂျူမောနီ(제석주머니)ဟူ၍ လည်းကောင်း၊ အရှေ့ပင်လယ်ရှိ ယောင်းဒေါ့ဂ်ကျွန်း(영덕도)၌ ဆယ်ဂျုန်ဒန်ဂျီ(세존단지)ဟူ၍ လည်းကောင်း၊ ဂယောင်းစန်းနမ်ဒို၊ ထုံးယောင်း(통영)အရပ်၌ ဘူရူဒို့ဂ်(부루독)ဟူ၍ လည်းကောင်း၊ ဂျော်လာဘုဂ်ဒို အင်၊မ်၊ရှီးလ်(임실)အရပ်၌ ဘူရုဒန်ဂျီ(부르단지)ဟူ၍လည်းကောင်း ခေါ်ဝေါ်လေ့ ရှိကြသည်။
ဂျိုစန်းနတ်အား ပူဇော်ပသသော အခါ၌ စားပွဲ သီးသန့် ပြင်ဆင် ပူဇော်လေ့ ရှိကြသည်။ ကောက်သစ်ပေါ်ချိန်၌ ဆောင်းဂျူနတ်နှင့် အတူတကွ ကောက်ပဲသီးနှံအသစ်များဖြင့် တင်မြှောက် ပူဇော်လေ့ ရှိကြသည်။ နတ်ကန္နားပွဲ ပြုလုပ်သည့် အခါများတွင်လည်း ဂျိုစန်းနတ်အား သီးသန့် စားပွဲနေရာ ပြုလုပ်ပေးကာ ပသလေ့ရှိပြီး၊ ထူးကဲသော အစားအသောက်များ ပြုလုပ်ကြသည့်အခါ၌လည်း တစ်ပန်းကန် ပူဇော်ပသလေ့ ရှိကြပေသည်။
ဆက်ပါဦးမည်... ...
1 comment:
ကိုရီးယားတွေ သင်္ချိုင်းကန်တော့တဲ့ ဓလေ့ကိုလည်း ရေးပါဦးဗျ...
Post a Comment