Friday, March 11, 2011

ရွှေ့ပြောင်းသူများအသံလွင့်ဌာန နှစ်ပတ်လည်အစည်းအဝေး နှင့်ရွေးချယ်တင်မြောက်ပွဲ(၂၀၁၁) ကျင်းပပြီးစီး

လွန်ခဲ့သော မတ်လ ၆ ရက် ၊ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီမှအချိန်က ရွှေ့ပြောင်းသူများ အသံလွင့်ဌာန တည်ရှိရာ ဆောအူးလ်မြို့ ယုံဆန်မြို့နယ်ရှိ ဆုယူနောမ်မော (수유너머) အဆောက်အဦးတွင် ၂၀၁၁ခုနှစ် ရွှေ့ပြောင်းသူများအသံလွင့်ဌာန နှစ်ပတ်လည် အစည်းအဝေးနှင့်အထွေထွေ ရွေးချယ်တင်မြောက်ပွဲကို ကျင်းပခဲ့ရာ ဆန္ဒမေးပေးခွင့်ရှိသူ ၂၉ ဦးတက်ရောက်ခဲ့ကြောင်း နှင့် အစည်းအဝေးကို ညနေ ၇နာရီခွဲအချိန်တွင် ဂုဏ်ပြုညစာစားပွဲဖြင့် အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည် ။အစည်းအဝေးတွင် ၂၀၁၀ ခုနှစ်ဆောင်ရွက်မှုအစီရင်ခံစာတင်သွင်းခြင်း ၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း ၊ စာရင်းစစ်အစီရင်ခံစာတင်သွင်းခြင်း ၊ ဖွဲ့စည်းပုံဖြင်ဆင်ရန် တင်ပြခြင်းနှင့်ဆွေးနွေးခြင်းများ ၊ အစီရင်ခံစာအပေါ် အစည်းအဝေး တက်ရောက်သူများက မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့ (이사회) နှင့် လုပ်ငန်းကော်မတီ (운영윔원회) အမှုဆောင်အသစ်များ ရွေးကောက်တင်မြောက်ခြင်း ၊ ၂၀၁၁ ခုနှစ်လုပ်ငန်းစီမံချက်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း အမှုဆောင် ဒါရိုက်တာအဖွဲ့ သစ်တွင် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ (공동대표) အဖြစ် ကိုရီးယားလူမျိုး မစ္စတာ လီဗြောင်းဟန်နှင့်အတူ ပူးတွဲ ရွေးကောက်တင်မြောက်ခံရသည့် မြန်မာနိုင်ငံသား ကိုအောင်တင်ထွန်းက ဟန်းဂုရွာသို့ပြောသည် ။


ဖွဲ့စည်းပုံပြင်ဆင်ခြင်းအစီအစဉ်တွင် အသံလွင့်ဌာနအမည် ပြောင်းလဲပြင်ဆင်ရန် တင်ပြဆွေးနွေးမဲပေးရွေးချယ်ခဲ့ကြရာ အသံလွင့်ဌာနအမည်ကို ယခင်ကိုရီးယားဘာသာဖြင့် 이주노동자의방송 အင်္ဂလိပ်ဘာသာဖြင့်Migrant Worker Television: MWTV မြန်မာဘာသာဖြင့် ရွှေ့ပြောင်းအလုပ်သမားအသံလွင့်ဌာန ဟုခေါ်တွင်ခဲ့ရာမှ ယခုအခါ ကိုရီးယားဘာသာဖြင့်이주민방송 အင်္ဂလိပ်ဘာသာဖြင့် Migrant World TV: MWTV မြန်မာဘာသာဖြင့် ရွှေ့ပြောင်းသူများအသံလွင့်ဌာန အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ရန် ညှိနှိုင်းဆွေးနွေး မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည် ။

အဆိုပါ အသံလွင့်ဌာနကို ၂၀၀၅ ခုနှစ်မှ စတင်ခဲ့ကြောင်းနှင့် ရွှေ့ပြောင်းသူများကိုယ်တိုင် ပါဝင်ထုတ်လွင့်နေကြောင်း ၊ ၄င်းအသံလွင့် ဌာနအနေဖြင့် သတင်းအစီအစဉ် ၊ ပညာပေးအစီအစဉ် ၊ ဖျော်ဖြေရေးအစီအစဉ် ၊ စသည့် ဗဟုမီဒီယာအစီအစဉ်များဖြင့် ရွှေ့ပြောင်းသူတို့အား အဓိကပရိသတ်များ (Target Audience) အဖြစ်ဦးတည်ကာ စီစဉ်ထုတ်လွင့် တင်ပြပေးနေသည်ဟု ဆိုပါသည် ။

No comments: