Saturday, August 20, 2011

ဓမ္မဒူတ (ကိုရီးယား) ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် ဆက်တိုက်ဖွင့်မည်ဟုဆို

ဓမ္မဒူတ(ကိုရီးယား) နှင့် ကိုရီးယားအပ်စိုက်ပညာရှင်များအသင်းတို့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိသော မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို နွေရာသီပိတ်ရက်ကာလအဖြစ် ရက်သတ္တ ၂ ပတ်ကြာမျှ ခေတ္တရပ်နားထားရာမှ လာမည့် သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့ မှစ၍ မူလအစီအစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါ မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား)တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဒါနပြု ကုသပေးလျက်ရှိကြောင်း ၊ ထိရောက်စွာကုသပေးနိုင်ရန် အပတ်စဉ် လူနာ (၃၀)ဦး အထိကိုသာ ဦးရာလူ စနစ်ဖြင့် လက်ခံကုသပေးလျက်ရှိကြောင်း ၊ ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးကူညီထားပြီး ဘာသာစကား အခက်အခဲရှိသူများအတွက်လည်း မြန်မာစေတနာ ဆရာမ ၂ ဦးက စကားပြန်များအဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။

No comments: