Friday, September 30, 2011

၂၁ရာစု ဖောရှော နဲ့ အဆိပ်ခွက်ဇာတ်လမ်း



ဝင်ခွင့်ပြုပါလို့ ရိုရိုသေသေ ပြောတယ်…။
တအောင့်လောက်ကြာတော့
ဟိုဘက်ကလေး နည်းနည်း တိုးတိုးပေးပါတဲ့…၊ ဖောရှောက ပြောတယ်…။
ကြည့်နေရင်းက ဖောရှောဟာ ဘယ်သူ ဘာပြောပြော လက်ခုပ်လက်ဝါးတီးတယ်…။
လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတယ်…။
ဒီလိုနဲ့ ဖောရှောဟာ တော်တယ်လို့ လူပြောသူပြော များလာတယ်…။
ဖောရှောဟာ လူတော်လေး ဖြစ်လာတာနဲ့အမျှ ဘာမဆို အကောင်းမြင်တယ်…။
ကြိုက်ကြိုက် မကြိုက်ကြိုက်၊
နားလည်လည် မလည်လည် ဖောရှောဟာ ဘာမဆို
ယို့ယို့ကျိုးကျိုး ကောင်းပါတယ်လို့ ပြောတယ်…။
ဒါကြောင့်လည်း ဖောရှောဟာ ဖောရှော ဖြစ်မှန်းမသိ ဖြစ်လာတယ်…။
လူတွေကလည်း
ကိုယ်ပြောတာကို အသိအမှတ်အပြုခံရဖို့ ဖောရှောကို ပို လိုအပ်လာကြတယ်…။
ဖောရှောဟာ ဘယ်သူ့အတွက်မဆို အရေးပါလာတယ်…။
ဟိုလူကလည်း ဖောရှော၊ ဒီလူကလည်း ဖောရှောနဲ့
ဖောရှော… ဖောရှောဆိုပြီး ဖြစ်လာတယ်…။
ဖောရှောဟာ ဖောရှောအဖြစ် ထင်ပေါ်ကျော်ကြားလာတယ်ပေါ့…။
ဖောရှောဟာ ထင်ပေါ်ကျော်ကြား လူသိများလာတော့
ဖောရှောလို ထင်ပေါ်ကျော်ကြားချင်လာတဲ့သူတွေအတွက်
ဖောရှောဟာ စံနမူနာ ဖြစ်လာတယ်…။
အားလုံးဟာ
ဖောရှောဖြစ်ဖို့အတွက် ဖောရှောလို ကျင့်ကြတယ်…။
ဖောရှောကျင့် ဖောရှောကြံ ကြံကြတယ်…။
တဖြည်းဖြည်းနဲ့
ဖောရှောတွေဟာ အုံနဲ့ကျင်းနဲ့ ဖြစ်လာတယ်…။
ဘယ်နေရာ ကြည့်ကြည့်
ဖောရှောဟာ တစ်ယောက်မဟုတ်တစ်ယောက် ရှိနေတယ်…။
နေရာစုံ ရောက်နေတဲ့ ဖောရှောဟာ
သတင်းအချက်အလက်လည်း စုံလာတယ်…။
ဒါကြောင့်လည်း ဖောရှောအဖို့
ဘယ်အရာကိုမဆို ဖောဖို့ ရှောဖို့ လွယ်ကူလာတယ်…။
ဖောဖို့ ရှောဖို့ လွယ်ကူလာတော့
အထင်ကြီးတဲ့သူ များလာပြီး အင်အားလည်း တောင့်လာတယ်…။
အင်နဲ့ အားနဲ့ ဖြစ်လာတဲ့ ဖောရှောဟာ သူ့ကိုယ်သူ
အရင်တုန်းက ဖောရှော မဟုတ်တော့ဘူးလို့ ထင်လာတယ်…။
ဖောရှောဟာ သွေးနားထင် ရောက်လာတယ်…။
မြောက်ကြွမြောက်ကြွလည်း ဖြစ်လာတယ်။
ဖောရှောဟာ ဖောရှောအင်အားကို ခြေကုပ်ယူပြီး အသင်းအဖွဲ့တွေ ဖွဲ့တယ်…။
အစည်းအဝေးတွေ ကျင်းပတယ်…။ ကြေငြာချက်တွေ ထုတ်တယ်…။
တဖြည်းဖြည်း ဖောရှောဟာ
အများက အသိအမှတ်ပြုထားတဲ့ ဖောရှောဖြစ်လာတော့တာပေါ့…။
အသိအမှတ်ပြုခံရတဲ့ ဖောရှောဆိုတော့လည့်း
အားလုံးက တစ်ခဲနက် ထောက်ခံကြတယ်လေ…။
ဒါပေမယ့်လည်း အင်မတန် ပါးနပ်တဲ့ ဖောရှောဟာ
ဟိုးတုန်းကတည်းက သူ့ကိုယ်သူ ဖောရှော မဖြစ်ချင်ခဲ့ဘူးတဲ့…။
ဒါကြောင့်၊
အများရဲ့ထောက်ခံမှုနဲ့ ဖောရှောဟာ
သူသာလျှင် အမှန်တရားဖြစ်ဖို့ အမှန်တရားကို အဆိပ်ခွက် ကမ်းလိုက်တယ်…။
အမှန်တရားကတော့ သူ့ရဲ့ အမှန်တရားကို သက်သေပြဖို့အတွက်
ဒုတိယမြောက် အဆိပ်ခွက်ကို မြှောက်လိုက်တဲ့အချိန်
မျက်နှာပေါ်က တောက်ပတဲ့ အပြုံးဟာ
အားလုံးရဲ့ နှလုံးသားထဲမှာ ပဲ့တင်ထပ်သွားတော့တယ်…။ ။

4 comments:

AH said...

၂၁ ရာစုရဲ့ ဖောရှာကို ကျွန်တော် မောင်ဖောရှောဖတ်ပြီး အမှန်တရားက ဒုတိယမြောက် အဆိပ်ခွက် မြှောက်လိုက်တဲ့အချိန်မှာ သူ့မျက်နှာက တောက်ပတဲ့အပြုံးသည် ကျွန်တော့်ရင့်ထဲကို အလင်းတန်းတစ်ခုအဖြစ် ၀င်ရောက်စီးဆင်းခဲ့ပါတယ်။

ကိုလူချစ်(ကိုရီးယား) said...

စာတွေ မကြာမကြာ ရေးပါလို့ တိုက်တွန်းပါရစေ ကိုညီဇေ။

ညီဇေ said...

လူတိုင်း လူတိုင်း တချိန်ချိန် တနေရာရာမှာ ဖောရှောဖြစ်တတ်သလို အမှန်တရားလည်း ဖြစ်နေကြရတာပါ…၊ ကိုAKရေ…။

အကိုကိုလူချစ်ရေ…
အကိုလည်း မကြာမကြာ စာတွေ ရေးပေးပါလို့ တိုက်တွန်းပါရစေ…။

rapperlay said...

၂၁ ရာစု ဖောရှော ဖတ်ပြီး မရှေးမနှောင်းပဲ (စဉ်းစားပါ)လင်းလင်း က (အမှန်တရား)ဆိုတဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထွက်လာတယ်။ သုည....ဆိုတဲ့ နောက်ဆုံးအပုဒ်လေးနားထောင်ပြီး ကိုယ့်ကိုကိုယ်ဖောရှော..လို့ သိတဲ့သူရှိသလို၊ ကိုယ့်ကိုကိုယ် သုည...ပါလားလို့ သိတဲ့သူတွေလဲ ရှိနေသေးတဲ့အကြောင်း ဆရာညီဇေ နဲ့စကားတွေအများကြီး ပြောချင်သေးတယ်ဗျာ။