Saturday, October 1, 2011

EPS ကိုရီးယားအလုပ်အကိုင် နယ်လူငယ် သောင်းချီလျှောက်

ရန်ကုန်၊ စက်တင်ဘာ ၂၆
ကိုရီးယားနိုငံသံသို့ Employment Permit System (EPS) စနစ် သွားရောက်အပ် ကိုင်နိုင်ရန် မြန်မာလူငယ် အလုပ်သမားသောင်းချီ ကြိုးစားလျက်ရှိပြီး လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် (ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ) KLT သို့ဝင်ရောက်ဖြေဆိုရန် လူငယ် ၁၂,ဝဝဝ ကျော် လျှောက်လွှာတင်ထားကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီ ထံမှ စုံစမ်းသိရှိရသည်။
EPS စနစ်နှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရာတွင် KLTစာမေးပွဲမဖြစ်မနေဖြေဆိုရပြီး KLTစာမေးပွဲဖြေဆိုရန် မြန်မာလူငယ်အများစု စိတ်ဝင်စားလျက် ရှိရာ နယ်ဒေသများမှလူငယ်အများအပြား ပါဝင်ကြောင်း၊ အခြေခံ ပညာအထက်တန်း အဆင့်အောင်မြင်ထားသော လူငယ်များပါဝင်သကဲ့သို့ ဘွဲ့ရလူငယ်အများစုကလည်း ကိုရီးယားအလုပ်အကိုင်ကို ဘဝရည်မှန်းချက်ပန်းတိုင်တစ်ခုသဖွယ် သဘောထားလာကြကြောင်း အစိုးရပြည်ပအလုပ်အကိုင် လာရောက်လျှောက်ထားကြသည့် လူငယ် ၅ဝ ကျော်က The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောဆိုကြသည်။

''ဘဝမှာ အဖြစ်ချင်ဆုံးအရာကို ပြောပါဆိုရင် ကိုရီးယားသွားဖို့ပဲ။ ပိုက်ဆံ ရတာ မရတာထက် ကိုရီးယားကို သွားချင်တယ်။ ကိုရီးယားအလုပ်အကိုင် လျှောက်တဲ့သူတွေမှာ စစ်ကိုင်း၊ မန္တလေး၊
မကွေးက လူတွေ တော်တော် များများပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဆွေက ပြောကြားသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကမူ လာမည့်အောက်တိုဘာလအတွင်း ကျင်းပမည့်တတိယအကြိမ်မြောက် KLTစာမေးပွဲသို့ လူငယ် ၁၂,ဝဝဝ ကျော် လျှောက်လွှာတင်ခဲ့ကြပြီး ထိုအထဲမှ ၃၅ဝဝ ကိုသာကိုရီးယားအလုပ်အကိုင်အတွက် ခေါ်ယူသွားမည်ဖြစ်ကြောင်း The Voice Weekly သို့ ရှင်းပြသည်။

ပြည်ပအလုပ်အကိုင် ဈေးကွက်တွင်ဝန်ဆောင်ခသက်သာပြီး လစာများပြားသော ကိုရီးယား အလုပ်အကိုင်ကသာ မြန်မာလူငယ်များကို အဓိကဆွဲဆောင်နေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည် ။ ''ကိုရီးယား EPS အလုပ်အကိုင်ကတစ်လကို လစာ ၁ဝ သိန်းလောက်ရနိုင်တယ်။ ဝန်ဆောင်ခကလည်း ရှစ်သိန်းပဲဆိုတော့ ဝန်ဆောင်ခနည်းနည်းနဲ့ လစာများများရနိုင်တယ် ။ ကိုရီးယားအစိုးရနဲ့မြန်မာအစိုးရ နားလည်မှုစာချွန်လွှာ ထိုးပြီး အလုပ်သမားစေလွှတ်တာဖြစ်လို့ ပိုပြီးလုံခြုံတယ်။ ဒါကြောင့် သွားချင်တာပါ'' ဟုတောင်ကိုရီးယားသွားရန် KLTစာမေးပွဲ အောင်မြင်ပြီးသူ ပဲခူးတိုင်းဒေသကြီးဖဒိုကျေးရွာမှ အသက် ၂၁ နှစ်အရွယ်ကိုစိုးမင်းချစ်က ဆိုသည်။

တောင်ကိုရီးယားနိုင်ငံက EPS စနစ်ဖြင့် မြန်မာအလုပ်သမား ငါးထောင်ကျော်ခေါ်ယူမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက တရားဝင်ထုတ်ပြန်ထားသည်။

ရည်ညွှန်းသတင်း-
- The Voice (7-42)

1 comment:

ကိုလူချစ်(ကိုရီးယား) said...

၂ဝ၁၁ ကစပြီး စာမေးပွဲစစ်တဲ့ဌာန ပြောင်းသွားတဲ့အတွက် EPS(KLT) မဟုတ်တော့ပါဘူး။ EPS(Topik) ဖြစ်သွားပါပြီခင်ဗျာ။