Saturday, October 15, 2011

မေ့၍မရ လပြည့်ည (အပိုင်း ၁)

"ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင် ကျဉ်း ကျယ်ထွင်းဖောက် ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏ "
ညတစ်ည...လှလွန်းတဲ့ည သာတဲ့လက ပြည့်ပြည့်ဝ သီတင်းကျွတ်လပြည့်ည။ ဒီညကိုတော့ ဘယ်သောအခါမှ
မမေ့နိုင် ၊လမင်းနဲ့အလှပြိုင် ၊နိုင်ဖို့မဟုတ် ၊ ပို၍တောက်ပ အလင်းမျှဖို့ဆိုတော့ လမင်းကြီးက တအားပြုံး ၊
ပုန်းနေတဲ့နေမင်းကြီးလည်း နံနက်ခင်းမှာ အလင်းဝေဖြာပြီး သတင်းကြေညာ သြဘာပေးဦးမှာဆိုတော့
ဒီည ဒီအလှကို ဒီဘဝ မမေ့နိုင် ၊ မှတ်တိုင်တစ်ခု စိုက်ထူပြုလိုက်ပြီ...
"ပညာပြည့်ဝ နှလုံးလှ စီမံကိန်း " တဲ့ ။
သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ ခရစ်နှစ် ၂၀၁၁ ခုနှစ် ၊အောက်တိုဘာလ ၁၂ ရက်၊
ဗုဒ္ဓဟူးနေ့ည (ကျွန်ုပ်အထူးမေ့မရတဲ့ ညပေါ့) အချိန်ကား ည ၈ နာရီခန့် ၊နေရာကတော့ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့
ဘူဖြောင်းအရပ်မှာရှိတဲ့ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးရဲ့ ဘုရားခန်းမဆောင်၊ စုံညီစွာ ရောက်ရှိတော်မူနေကြသော
ထေရဝါဒ ဗုဒ္ဓသာသနာပြု သူရဲကောင်း သံဃာတော်များ... ဓမ္မဒူတ ဒေါက်တာအရှင်နန္ဒက ၊ ဘူဆန် ပြည်တော်ဦး
ဆရာတော်အရှင်ပဏ္ဍိစ္စ ၊ ဒယ်ဂူး စိတ္တသုခ ဆရာတော်အရှင်ဝိစိတ္တ ၊ ဓမ္မဒူတ အရှင်ကိတ္တိသာရ၊မြန်မာကျောင်းဆရာတော်များ
- အရှင်သုမင်္ဂလ၊( ဆိုးလ်)အရှင်သုဝဏ္ဏ၊ အရှင်ဥတ္တရ စုစုပေါင်း သံဃာတော် ၇ ပါး ၊ မကြွရောက်နိုင်သည့် ဆရာတော်များက
တူညီဆန္ဒ မဲပေးတော်မူကြ၏ ။ ကိစ္စကား သီတင်းကျွတ်လပြည့် သံဃမဟာပဝါရဏာပြုတော်မူကြရန်ဖြစ်၏ ။

ထုံးစံအတိုင်း ပဝါရဏာပြုတော်မူကြပြီးနောက် ကြည်ညိုဖွယ်ရာ ထေရ်သံဃာတို့၏ မျက်နှာစုံညီ ရွှင်ကြည်မနော ခီရောဒကီဘူတာ
နို့နှင့်ရေရောသည့်ပမာ ပေါင်းကာစုဝေး ဆွေးနွေးကြသည့်ကိစ္စကား ပရဟိတ ပညာဒါန ကိစ္စပင်ဖြစ်ပါသည် ။
စာရေးသူမိမိကား အမျိုးသားတို့ အကျိုးများဖို့ ကိုရီးယားသို့ ရောက်ရှိ သာသနာပြုနေသည်မှာ မကြာသေး။ သို့သော်
အချိန်တိုအတွင်းမှာပင် ကိုရီးယားနိုင်ငံရောက် ထေရဝါဒ မြန်မာရဟန်းတော်တို့၏ သာသနာပြုစိတ်ဓာတ် မြင့်မြတ်သော
လုပ်ရပ်တို့ကို သိရှိပူဇော် ဖူးမျှော်လိုက်ရပါ၏ ။ ရရှိလာသည့် လာဘ်လာဘကို ကိုယ်ကျိုးမငဲ့ မဖဲ့မစောင်း ပရဟိတ
လမ်းကြောင်းပေါ် ထာဝစဉ် လျှောက်လှမ်းတော်မူနေကြသော သံဃာတော်တို့ကား အာဟုနေယျ စသည်လွှမ်းခြုံ
ဂုဏ်ပေါင်းထုံသည့် အရိယာအကျော် ထေရ်မဟော်တို့နောက် တကောက်ကောက်လိုက်ပါနေကြသော သံဃာတော်များ
ဖြစ်ကြပါ၏ ။
ပရဟိတသခင် ဘုရားရှင်၏ ရင်သွေးရင်နှစ် အလွန်စစ်သည့် မြတ်သံဃာတို့သည် သယာလှပ လပြည့်ည၌
ပြည့်ဝစိတ်ဓာတ် ဝင်းပမျက်နှာ တောက်ပဥာဏ်တော် ပေါင်းဖော်စပ်ငြား မြတ်ခွန်အားတို့ဖြင့် ကိုရီးယားနိုင်ငံရှိ
ထေရဝါဒသာသနာပြုရဟန်းတော်များစုပေါင်း၍ အမိမြန်မာနိုင်ငံတော်၏ ပညာရေးကဏ္ဍကို ဦးစာပေးလျက်
ထက်မြက်ထူးချွန်ကာ အမျိုးဘာသာ သာသနာနှင့် အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် လောကုတ်
လောကီ နှစ်လီသောနယ်ပယ်ရှိ မျိုးဆက်သစ်များကို ရွေးချယ်ပြီး ပညာပါရမီ ပညာဒါနအလှူကို ထိုက်ထိုက်တန်တန်
ပေးလှူထောက်ပံ့ကြရန် ဆွေးနွေးတော်မူကြ၏ ။ ပညာဒါယီ = ပညာအလှူပေးလှူလိုက်သဖြင့် ပညာ ဥဒပါဒိ=
အသိဥာဏ်အလင်းဖြစ်ပေါ်ကာ လောက သာသနာ နှစ်ဖြာအကျိုး သယ်ပိုးနိုင်မည့်သူ ဖြစ်လာစေရန် ရည်ရွယ်၏ ။
မှန်၏ ။ ပညာ ပသတ္ထာ လောကသ္မိံ= လောက၌ ပညာသည် ချီးမွမ်းအပ် မြတ်သောအရာဖြစ်ပြီး၊
ပညာ ကတာ သဒ္ဓမ္မဋ္ဌိတိယာ = သူတော်ကောင်းတရား တည်တံ့အောင် ပြုစွမ်းနိုင်၏ ။ မြတ်ဗုဒ္ဓသည်
တုနှိုင်းမရသော သဗ္ဗညုတဥာဏ်တော်ကြီးကို ရရှိတော်မူခဲ့သဖြင့် သတ္တဝါ အားလုံးတို့၏ အကျိုးကို တုနှိုင်းမရ
သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့၏ ။
မိမိအကျိုးကို သယ်ပိုးဆောင်ရွက်လိုပါကလည်း ပညာရှိမှဖြစ်၏ ။ သူတပါးအကျိုးကို သယ်ပိုးဆောင်ရွက်လိုပါကလည်း
ပညာရှိမှဖြစ်၏ ။ မိမိသူတပါး နှစ်ဦးသားအကျိုးကို သယ်ပိုးဆောင်ရွက်လိုပါကလည်း ပညာရှိမှဖြစ်၏ ။
သတ္တဝါအားလုံးတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လိုပါကလည်း ပညာရှိမှဖြစ်၏ ။ ထို့ကြောင့်....
မိမိအကျိုး ရွက်သယ်ပိုး အားကိုးမြတ်ပညာ ၊
သူတပါးအကျိုး ရွက်သည်ပိုး အားကိုးမြတ်ပညာ ၊
နှစ်ဦးအကျိုး ရွက်သယ်ပိုး အားကိုမြတ်ပညာ၊
အားလုံးအကျိုး ရွက်သည်ပိုး အားကိုးမြတ်ပညာ...ဟုဆိုချင်ပါ၏ ။
မြတ်ဗုဒ္ဓသည် အဂုင်္တ္တရနိကာယ် တိက နိပါတ် ဗာလဝဂ် ဘယသုတ်တော်ဝယ် ....ယာနိ ကာနိစိ ဘိက္ခဝေ
ဘယာနိ ဥပ္ပဇ္ဖ န္တိ ၊ သဗ္ဗာနိ တာနိ ဗာလတော ဥပ္ပဇ္ဖ န္တိ၊ နော ပဏ္ဍိတတော... စသည်ဖြင့် ဟောကြားတော်မူ၏ ။
အဓိပ္ပါယ်ကား ...လောက၌ ဘေးရန်တို့သည် လူမိုက်တို့ကြောင့် ဖြစ်ပေါ်လာကြ၏ ။ ပညာရှိတို့ကြောင့် မဟုတ်။
လူမိုက်တို့သည် ဘေးရန်ကို ဖြစ်စေ၏ ။ အန္တရာယ်ကို ပြုတတ်၏ ။ အကျိုးမဲ့ကို ဖြစ်စေ၏ ။ ပညာရှိတို့သည်
ဘေးရန်ကို ငြိမ်းစေ၏ ။ အန္တရာယ်ကို ကင်းစေ၏ ။ အကျိုးစီးပွားကို ဖြစ်ထွန်းစေ၏ ။
သို့ဖြစ်၍ ကိုရီးယားနိုင်ငံရှိ ထေရဝါဒ သာသနာပြု ရဟန်းတော်တို့၏ ပညာပါရမီ ပညာဒါယီ ပညာအလှူသည်
လောက သာသနာ နှစ်ဖြာအကျိုးကို သယ်ပိုးနိုင်မည့် ပညာ ဥဒပါဒိ - ပညာအလင်း ဖြစ်ပေါ်လာစေရန်
မှန်ကန်သော ဆောင်ရွက်မှု ဖြစ်သဖြင့် ပညာပြည်ဝ နှလုံးလှ ဇာတ်ညွှန်းဖြင့် လှလွန်းသော သီတင်းကျွတ်
လပြည့်ညကို " မေ့၍မရ လပြည့်ည " အဖြစ် ထာဝရ မှတ်တမ်းတင် ဂုဏ်ပြုပါ၏ ။ ။
ပညာရေးအား အားပေးငြားမူ ထိုထိုသူမှာ ပညာဥာဏ်ကြီး ဘုန်းမီးနေလ ထွန်းတောက်ပ၏ ။
ထို့ကြောင့်ပင်လျှင် ပညာရှင်ကို ကြည်ညိုလေးစား နှလုံးသား၌ သိမ်းထားမပြတ် ပူဇော်အပ်၏ ။
သာသနဿ စ လောကဿ ၊ ဝုဍ္ဎီ ဘဝတု သဗ္ဗဒါ ။
လောကစီးပွားကို ဓမ္မနည်းအားဖြင့် ရှာဖွေ၍ လောက သာသနာ နှစ်ဖြာကြီးပွား အကျိုးများပါစေ ဆုမွန်ချွေလျက်...

တက္ကသိုလ် ကိုသု( ဘူဖြောင်း မြန်မာကျောင်းတော်ကြီး)
( ၁၅.၁၀.၂၀၁၁)

1 comment:

မေသိမ့်သိမ့် ကျော် said...

ဖတ်ရှုမှတ်သားသွားပါတယ်ရှင်။

လေးစားလျက်
မေသိမ့်