Thursday, November 3, 2011

ဆရာမ နုနုရည်(အင်းဝ)၏ ကိုရီးယား စာပေခရီး

ကိုရီးယား စာပေဆွေးနွေးဝိုင်းတွင် ဟောပြောနေသည့် နုနုရည်(အင်းဝ)


ဆရာမ နုနုရည်(အင်းဝ)သည် ကိုရီးယား ကဗျာဆရာ အဖွဲ့တခု၏ ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ရက်နေ့က ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ အောက်တိုဘာလ ၂၉ရက်နေ့တွင် ကိုရီးယား ကဗျာဆရာ အဖွဲ့၏ အစီအစဉ်အရ အီလ်ဆန်မြို့တွင် ကျင်းပခဲ့သည့် စာတမ်းဖတ်ပွဲသို့ တက်ရောက်ကာ စာတမ်းဖတ်ကြားခဲ့သည်။

အောက်တိုဘာလ ၃ဝရက်နေ့တွင် ဘူဗြောင်းရှိ မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော် (ကိုရီးယား)တွင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ စာပေ ဆွေးနွေးဝိုင်း ပြုလုပ်ခဲ့သည်။ ထို စာပေ ဆွေးနွေးဝိုင်းတွင် ဆရာမ နုနုရည်(အင်းဝ)က ̏ ကဗျာဆရာတယောက် မွေးဖွားခြင်း˝ ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့ပြီးနောက် စာပေ ဆွေးနွေးဝိုင်းသို့ တက်ရောက်လာသည့် စာပေမြတ်နိုးသူ ပရိတ်သတ် များမှ ဆရာမအား မိမိတို့ သိလိုသည့် စာပေအနုပညာ အကြောင်းများအား မေးမြန်း ဆွေးနွေးခဲ့ကြသည်။ စာပေဆွေးနွေးဝိုင်းကို နေ့လည် ၃နာရီမှ ၆နာရီထိ ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအား အဖြူရောင်မေတ္တာ လူငယ်များ(ကိုရီးယား) အဖွဲ့က လက်ဘက်ရည် နှင့် မုန့်တို့ဖြင့် ဧည့်ခံ ခဲ့ကြကြောင်း သိရှိရပါသည်။

ဆရာမ နုနုရည်(အင်းဝ)သည် လာမည့် နိုဝင်ဘာ ၅ရက်နေ့တွင် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး နိုဝင်ဘာလ အတွင်း ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပမည့် စာပေဟောပြောပွဲများတွင်လည်း ဆရာ ချစ်ဦးညို၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) တို့နှင့် အတူ သွားရောက် ဟောပြောရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

No comments: