Saturday, November 19, 2011

ပြည်ပရောက် အလုပ်သမားများ ၊ သင်္ဘောသားများ နှင့် လုပ်ငန်းရှင်များ ဒေါ်လာငါးထောင်မှ ငါးသောင်းတန် ကားသစ်များ သွင်းခွင့်ပြုမည်

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင် သတ်မှတ်ထားသော အမေရိကန်ဒေါ်လာပမာဏထည့်သွင်းထားသည့် မြန်မာအလုပ်သမားများ၊ သင်္ဘောသားများ၊ လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာငါးထောင်မှ ငါးသောင်းအထိ တန်ဖိုးရှိသော မော်တော်ယာဉ်များ အဆင့်လိုက် တင်သွင်းခွင့်ပြုကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနငါးခု၏ ထုတ်ပြန်ချက်များအရ သိရသည် ။
ပို့ကုန်လုပ်ငန်းရှင်များဆိုပါက အမေရိကန်ဒေါ်လာတစ်သိန်းနှင့်အထက် တင်ပို့ထားပြီး ဘဏ်ထဲတွင် အမေရိကန် ဒေါ်လာတစ်သိန်းလက်ကျန်ရှိပါက ဒေါ်လာငါးသောင်းအထိ တန်ဖိုးရှိသော မော်တော်ယာဥ်တစ်စီး စီ တင်သွင်းခွင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတွင် လိုင်စင်ရယူဆောင်ရွက်နေသော ဟိုတယ်/ မိုတယ်/တည်းခို ရိပ်သာလုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များတွင် ၄င်းတို့၏ နိုင်ငံခြားငွေစာရင်း၌ ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသောင်းရှိပါက အမေရိကန်ဒေါ်လာ နှစ်သောင်းငါးထောင်အထိ တန်ဖိုးရှိသော မော်တော်ယာဉ်တစ်စီးစီ တင်သွင်း ခွင့်လျှောက်ထားနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းသို့ပင် အမေရိကန်ဒေါ်လာတစ်သောင်းအထက်သွင်းထားသော နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများကို အမေရိကန်ဒေါ်လာ ငါးထောင်အထိ တန်ဖိုးရှိသော မော်တော်ယာဉ် များတင် သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ သင်္ဘောသားများကိုမူ အမေရိကန်ဒေါ်လာတစ်သောင်းမှ ငါးသောင်း အထိ၊ ဘဏ်သွင်းထားသူများကို ကန်ဒေါ်လာငါးထောင်မှ တစ်သောင်းငါးထောင် အထိ တန်ဖိုးရှိသော မော်တော်ယာဉ်များတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ရှင်းပြသည်။
လုပ်သားများနှင့် လုပ်ငန်းရှင်များ တင်သွင်းလာမည့် အဆိုပါကားများ ဈေးကွက်အတွင်း ဝင်ရောက်လာပါက ပြည်တွင်း ကားဈေးကွက်တွင် ဈေးသုံးမျိုးဖြစ်လာမည်ဖြစ်ကြောင်း၊ အမြင့်ကားသစ်များ ဝယ်ရောင်းဈေး၊ ဂျပန်မှ သွင်းလာသော အသုံးပြုပြီးယာဉ်များ ဝယ်ရောင်းဈေးတန်းနှင့် ပြည်တွင်း၌အသုံးပြုနေသော ယာဉ်များဈေးတန်း ဟူ၍ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းကားများ အမှန်တကယ်ဝင်ရောက်လာပါက ကားဈေးများ ထပ်မံကျဆင်းပြီး အရောင်းအဝယ်နည်းနိုင်ကြောင်း၊ ပြည်တွင်းကားဈေးကွက်တွင် အားမျှခြေကားဈေးနှုန်းတစ်ရပ် လာမည့် နှစ်ဆန်းတွင် ပေါ်ပေါက်လာနိုင်ကြောင်း ကားဝယ်ရောင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက သုံးသပ်ကြသည်။
ဒေါ်လာငါးသောင်း တန်ဖိုးရှိယာဉ်များ တင်သွင်းခွင့်ရသောလုပ်ငန်းရှင်အများစုမှာ ပြည်တွင်းဈေးကွက်၌ ဈေးမြောက်နေသော Mark X ကားများ တင်သွင်းလာဖွယ်ရှိရာ Mark X အပါအဝင် ပြည်တွင်းဈေးကွက်တွင် ထိပ်တန်းရောက်နေသော ဇိမ်ခံကားဈေးများ အနည်းဆုံး ထက်ဝက်ကျော်ခန့် ပြုတ်ကျမည်ဖြစ်ကြောင်း ကားဝယ်ရောင်း ကြီးများက သုံးသပ်ကြသည် ။
နိုဝင်ဘာလ ၁၇ရက်နေ့အထိ ရရှိသောသတင်းများအရ ပို့ကုန်သွင်းကုန်လုပ်ငန်း ၁၇ဝဝ ခန့် တင်သွင်းခွင့် ရမည်ဖြစ်ပြီး ယင်းတို့ထဲမှ ၈၉ဝ ကို ယာဉ်တင်သွင်းခွင့်ပြုရန် စာရင်းတင်ထားပြီးဖြစ်ကြောင်း၊ ၄င်းတို့ထဲမှ အချို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ယာဉ်တင်သွင်းခွင့် လျှောက်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည် ။
Ref:
- The Voice Weekly (7/49)

No comments: