Friday, November 11, 2011

ကုမ္ပဏီများနှင့် ပြည်ပရောက်မြန်မာလုပ်သားများ ရက်ပိုင်းအတွင်း ကားစီးရေ နှစ်သောင်းခန့် သွင်းခွင့်ရမည်

ရန်ကုန်၊ နိုဝင်္ဘာ ၉
အစိုးရ၏ကားသွင်းခွင့်မူဝါဒသစ်အရ ယာဉ်ဟောင်းအစားထိုးယာဉ်သစ် တင်သွင်းခွင့်အပြင် ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများကို ဝန်ကြီးဌာန ငါးခုမုမှ တစ်ဆင့် ရက်ပိုင်းအတွင်း ကားစီးရေ နှစ်သောင်းခန့် သွင်းခွင့်ပေးရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးနှင့် မော်တော်ယာဉ်တင်သွင်းမည့် ကုမ္ပဏီကြီးတစ်ခုတို့ The Voice Weekly ၏ဆက်သွယ် မေးမြန်းမှုကို အတည်ပြုပြောကြားသည်။

''ဝန်ကြီးဌာန ငါးခုကနေ တစ်ဆင့်ကားသွင်းမယ့် ကုမ္ပဏီတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ မြန်မာလုပ်သားတွေ လျာထားချက် တောင်းထားပါတယ်။ လာမယ့်တစ်ပတ်မှာ လျာထား ချက်တွေရမယ် ။ လျာထားချက်ရတာနဲ့ ကားသွင်းခွင့်တွေ စပေးမှာပါ'' ဟုအဆိုပါအကြီးတန်းအရာရှိက ရှင်းပြသည်။
ကားတင်သွင်းခွင့်အတွက်ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ကားသွင်းမည့် ဟိုတယ် လုပ်ငန်းရှင်များ လျာထားချက်စာရင်း ၊ အလုပ်သမားဝန်ကြီးဌာနက ကားသွင်းမည့် ပြည်ပရောက် မြန်မာလုပ်သားများ လျာထားချက်စာရင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ကားသွင်းမည့်သင်္ဘောသားများ လျာထားချက်စာရင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကားသွင်းမည့်ပို့ကုန်လုပ်ငန်းရှင်များ လျာထားချက်စာရင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကားသွင်းမည့် ပြည်ပမြန်မာသံရုံးများမှ ကားသွင်းမည့် သံရုံးဝန်ထမ်းများစာရင်းတို့ကို မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ ယင်းကော်မတီက ပေးပို့လာသော လျာထားချက်စာရင်းပေါ်မူတည်၍ ကားသွင်းခွင့် အမြန်ဆုံးပြန်ချပေးမည်ဖြစ်ကြောင်း၊ ယခုအစီအစဉ်အရ ဘဏ်၌ အမေရိကန်ဒေါ်လာ တစ်သိန်း သွင်းထားသော လုပ်ငန်းများနှင့် ဘဏ်တွင် ဒေါ်လာသုံးသောင်း သွင်းထားသော လုပ်သားများသာ အကျုံးဝင်ကြောင်း ၄င်းကဆိုသည် ။
''အခု ကျွန်တော်တို့သိထားတာ အစီးရေ နှစ်သောင်းကျော်လောက် ခွင့်ပြုပေးဖို့ရှိတယ်။ ၂ဝဝ၇ ကနေ ၂ဝ၁၁ မော်ဒယ်လ်အထိ သွင်းခွင့်ပေးမှာ။
ဒီတော့ ပြည်တွင်းနိုင်ငံခြားငွေ ပေါက်ဈေး တစ်ဒေါ်လာကျပ် ၉ဝဝ နီးပါး ပြန်ရောက်နိုင်တယ် ။ နောက် အခု ဂျပန်ဈေးကွက်မှာ ၂ဝဝ၂ မော်ဒယ်လ်အောက်တွေ ဈေးမြောက်နေတဲ့ပြဿနာရှင်းသွားမယ်။ ဂျပန်ဈေးကွက်မှာ ဈေးပြန်ငြိမ်သွားမယ်ပေါ့ ။ ပြည်တွင်းကားဈေးတော့ ပြုတ်ကျသွားမယ်လို့မှန်းတယ်'' ဟု ကားအရောင်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေသူ ပို့ကုန်လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ်ပြောကြားသည် ။
အစိုးရ၏ ယင်းထပ်တိုးမှုဝါဒသစ်အရ တင်သွင်းလာမည့်ယာဉ်များမှာ ကားဟောင်းအပ်ရန် မလိုသဖြင့် စလစ်ပေါက်ဈေးမရှိတော့ခြင်း၊ မော်ဒယ်လ်အမြင့်သွင်းခွင့်ရခြင်းတို့ကြောင့် ပြည်တွင်းကားဈေးကွက်တွင် ကား ဈေးနှုန်းများထပ်မံကျဆင်းနိုင်ကြောင်း၊ Mark II (ရွှေငါး)ကို ဂျပန် ဈေးကွက်တွင် အလုအယက်ဖြင့် ဈေးမြင့်ပေး ဝယ်ထားသူများ ရွှေငါးဈေးပြုတ်ကျသွားနိုင်သဖြင့် ထင်ထားသလောက် အကျိုးအမြတ်မရှိနိုင်တော့ ကြောင်း လုပ်သက်နှစ် ၂ဝ ခန့်ရှိ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက သုံးသပ်သည်။
အဆိုပါစနစ်ဖြင့် ကားသွင်းခွင့်ပေးရန်အတွက် ဘဏ်စာအုပ်တွင်ဒေါ်လာတစ်သိန်းပြနိုင်သော ကုမ္ပဏီအရေအတွက် နိုဝင်ဘာလ ၉ရက်နေ့အထိ တစ်ထောင်ကျော်ခန့်ရှိပြီး လတ်တလော ဒေါ်လာ တစ်သိန်းကျော် မပြနိုင်သေးသော်လည်း ရက်ပိုင်းအတွင်းပို့ကုန်များ တင်ပို့ပြီးပါက ဒေါ်လာတစ်သိန်း ပြည့်သွားမည့်သူများလည်းရှိရာ ၄င်းတို့ကိုပါ ထပ်ပေးမည်ဟု ယူဆရကြောင်း ၊ ပြည်ပရောက် မြန်မာလုပ်သားများနှင့် သင်္ဘောသားများ ၊ သံရုံးဝန်ထမ်းများမှာလည်း လတ်တလော ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်း မပြနိုင်သော်လည်း ၁ဝ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၃ဝဝဝ အခွန်ဆောင်ထားပြီးပါက သတ်မှတ်ဒေါ်လာ ဘဏ်စာရင်း သွင်းပြီးချိန်တွင် ခွင့်ပြုသင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် ပြည်ပရောက် မြန်မာလုပ်သားများက ပြောဆိုသည် ။

Ref:
- The Voive Weekly(7/48)

1 comment:

minnkha said...

ပြည်ပရောက်မြန်မာလုပ်သားများအတွက်ဘဏ်တွင်အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကိုဘယ်လိုသွင်းရသလဲဆိုတာလေးရှင်းပြပေးပါလားခင်ဗျာ။