Friday, December 2, 2011

ကိုရီးယားနိုင်ငံရောက် မြန်မာလူမှုရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆွေးနွေး

လွန်ခဲ့သော နိုဝင်္ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁နာရီအချိန်က ၊ ဓမ္မဒူတ (ကိုရီးယား) ခမ်းမတွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမ ၂၀ ကျော်တို့ စုစည်းပြီး ၊ ကိုရီးယားနိုင်ငံရှိ မြန်မာလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် (Social Collaboration Program for Civil Societies of Myanmar) များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည် ။
အစည်းအဝေးတွင် ကိုရီးယားနိုင်ငံအခြေစိုက် ဂျာမနီကုမ္ပဏီတစ်ခု၏ လူမှုရေးလုပ်ငန်းများ အထောက်အကူပြုလုပ်ငန်းမှ ကိုရီးယားနိုင်ငံရှိ မြန်မာလူမှုရေးလုပ်ငန်းများ ဖွဲ့ဖြိုးရေးအတွက် ထောက်ပံ့လှူဒါန်းမည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြကြောင်း ၊ အဆိုပါ အဖွဲ့အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး ပဏာမ အစီအစဉ်အဖြစ် ဘူဖြောင်းမြို့တွင် ဖြောင်း ၄၀ ခန့်ရှိ နေရာလွတ်တစ်ခုကို ငှားရမ်းပေးမည့်ကိစ္စကို တင်ပြဆွေးနွေးခဲ့ကြကြောင်း နှင့် အစည်းအဝေးအပြီးတွင် ၊ အစည်းအဝေးတက်ရောက်လာသူများက ဘူဖြောင်းဘူတာ တောင်ဖက်အပေါက်အနီးရှိ အဆိုပါ အခန်းတည်ရှိရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည် ။

Photo: Myanmar
အဆိုပါနေရာသည် ကိုရီယားနိုင်ငံအတွင်းရှိ အသင်းအဖွဲ့၊ အစုအဖွဲ့များမှစ၍ တသီးပုဂ္ဂလများပါမကျန် မြန်မာနိုင်ငံသားမှန်သမျှ အားလုံးလွတ်လပ်စွာ လာရောက်အသုံးချနိုင်မည့် နေရာ ၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် လုပ်ချင်သည်များနှင့် လုပ်နိုင်သည်များကို လုပ်ပိုင်ခွင့်ရှိမည့်နေရာ ၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားများအချင်းချင်း အနှောင်အဖွဲ့ အတားအဆီးမရှိပဲ လွတ်လပ် ပွင့်လင်း ရင်းနှီးစွာ နွေးနွေးထွေးထွေး တွေ့ဆုံနိုင်ကြမည့်နေရာ ၊ ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတို့၏ ယဉ်ကျေးမှုနှင့် စာပေ၊ ဂီတ၊ အနုပညာနှင့် သတင်းမီဒီယာ အခန်းကဏ္ဍတို့ကို ထွန်းတောက်အောင် ဖော်ဆောင်ခွင့်ရှိလာနိုင်မည့်နေရာ ၊ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အတွက် လိုအပ်လျက်ရှိသော ပညာရေးဆိုင်ရာ ၀န်ဆောင်မှုများနှင့်၊ လေ့ကျင့်သင်ကြားမှုများကို ပြုလုပ်နိုင်မည့်နေရာ ၊ ကိုရီးယားရောက်မြန်မာနိုင်ငံသားများအချင်းချင်း တစ်ဦးကို တစ်ဦး နွေးထွေးစွာဖြင့် ရိုင်းပင်ကူညီမှု ပေးနိုင်မည့်နေရာ ၊ မြန်မာပြည်နှင့် မြန်မာ့အရေး၊ မြန်မာ့ယဉ်ကျေးမှုတို့ကို စိတ်ဝင်စားသော ကိုရီးယားလူမျိုးများနှင့် မြန်မာနိုင်ငံသားများ၏ တွေ့ဆုံရာနေရာ ၊ မြန်မာပြည်ကို ချစ်သော မြန်မာနိုင်ငံသားများ ၊ အများအကျိုး၊ တိုင်းပြည်အကျိုးသယ်ပိုးလိုသော မြန်မာနိုင်ငံသားများ အားလုံး၏ စုစည်းရာနေရာ ၊ မိမိတို့၏ ချစ်ကြည်ရင်းနှီးသော တွေဆုံ စုစည်းမှုများမှတစ်ဆင့် မြန်မာပြည်အတွင်း လိုအပ်နေသော ကွက်လပ်လေးများကို အခါအားလျော်စွာ ဖြည့်ဆည်းပေးသွားနိုင်မည့် နေရာ စသဖြင့် ကိုရီးယားရောက် မြန်မာလူငယ်များအနေဖြင့် မိမိတို့ လိုအပ်ချက်များကို မိမိတို့ကိုယ်တိုင်ဖြည့်ဆည်းခွင့်ရရှိမည့် နေရာတစ်ခု အဖြစ် အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာသူများ၏ ပြောကြားချက်များအရ သိရသည် ။

ထို့ပြင် အဆိုပါနေရာသည် မည်သူတဦးတစ်ယောက် တစ်သင်းတဖွဲ့၏ ပိုင်ဆိုင်မှုမဖြစ်စေလိုကြောင်း ၊ မြန်မာနိုင်ငံသားများ၏ အကျိုးကို လိုလားသူ အားလုံး၏ ပိုင်ဆိုင်မှုဟုသာ မိမိယူဆကြောင်း၊ ထိုနေရာသည် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့တစ်ခုလည်းမဖြစ်စေလိုကြောင်း ၊ သို့မှသာ ထိုနေရာလေးသည် အားလုံး အသုံးပြုနိုင်မည့် နေရာတစ်ခုအဖြစ်ဖြင့်ရပ်တည်နိုင်မည်ဟု မိမိယူဆကြောင်း အစည်းအဝေးတက်ရောက်သူ တစ်ဦးဖြစ်သည့် ကိုသူရက ၄င်း၏ ဆန္ဒကို ထုတ်ဖော်ပြောဆိုပါသည် ။

လာမည့် တနင်္ဂနွေနေ့တွင် အဆိုပါ နေရာအား စီမံခန့်ခွဲမည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည် ။

No comments: