ကွန်ပျူတာတစ်လုံးကို စတင်အသုံးပြုနိုင်ဖို့အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်တဲ့ Computer Operating System တွေ များစွာရှိတဲ့အထဲကမှ ယခုနောက်ပိုင်းမှာ လူသုံးများလာပြီး Open Source System တစ်ခုလည်း ဖြစ်တဲ့ Linux Operatin System အကြောင်းကို စတင်လေ့လာမယ့်သူတွေအတွက် မသိမဖြစ်သိထားသင့်တဲ့ အခြေခံအချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။ အမှန်တစ်ကယ်တော့ Linux ဆိုတာဟာ-
(၁) Operating System တစ်ခုသာ ဖြစ်ပါတယ် ။
Windows & Mac တို့လိုပဲ Linux ဆိုတာဟာလည်း Operating System တစ်မျိုးသာဖြစ်ပါတယ်။ Operating System ဟာ user application တွေနဲ့ hardware တို့အကြား ကြားခံအလွှာတစ်ခုအဖြစ်နဲ့ တည်ရှိနေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ web browser အသုံးပြုနိုင်တဲ့ operating system တွေဟာ ပိုမိုနေရာရရှိလာကြပါတယ် ။
(၂) Windows မဟုတ်ပါ ။
ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသူတွေအတွက် Windows, Mac နဲ့ Linux တို့ရဲ့ ကွဲပြားခြားနားချက်တွေကို သေချာသတိထားမိမှာ မဟုတ်ပါဘူး။ Operating System တစ်မျိုးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အပြုအမူတွေက တူညီလေ့မရှိဘူးဆိုတာကို အသုံးပြုသူတွေအနေနဲ့ သတိပြုထားသင့်ပါတယ် ။
(၃) C ဆိုတာ မရှိပါ ။
Linux အသုံးပြုသူတွေဟာ ဖိုင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး /home/USERNAME (အသုံးပြုသူမှ username အဖြစ်သုံးတဲ့နာမည်) ကိုသာ သိထားဖို့လိုပါတယ်။ Home Directory မှာ Documents, Pictures, Music, Video စတဲ့ Directory တွေပါဝင်ပြီး ဖိုင်တွေကို သိမ်းဆည်းတဲ့အခါမှာလည်း home directory ကိုသိရုံနဲ့ ပြုလုပ်နိုင်ပါတယ် ။
(၄) ဆော့ဖ်ဝဲထည့်သွင်းပုံခြင်းမတူညီပါ။
Windows OS မှာဆိုရင် ဆော့ဖ်ဝဲထည့်သွင်းလိုတဲ့အခါမှာ ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲရဲ့ .exe ဖိုင်ကို double-click ပြုလုပ်ပြီး Install ပြုလုပ်ရပေမယ့် Linux OS မှာ ဆော့ဖ်ဝဲထည့်သွင်းရင်တော့ Ubuntu Software Centre, PackageKit, Synaptic တို့လိုမျိုး Add/Remove Software tool ကိုဖွင့်ပြီး ထည့်သွင်းလိုတဲ့ ဆော့ဖ်ဝဲကို ရှာဖွေကာ Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။
(၅) Command Line တွေမလိုအပ်ပါ ။
Linux ကို စတင်လေ့လာပြီး အသုံးပြုမယ့် သူတွေမေးလေ့ရှိကြတာကတော့ Command line တွေအသုံးပြုရမှာလားဆိုတာပါပဲ ။ Linux user တွေအတွက် command line တွေ အသုံးပြုစရာမလိုပါဘူး ။ လုပ်ငန်းအတော်များများကို GUI မှ တစ်ဆင့် ညွှန်ကြားခိုင်းစေခြင်းတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၆) ဗိုင်းရပ်စ်တွေရဲ့ ရန်ကိုလည်း စိုးရိမ်းစရာမလိုပါဘူး ။
ကွန်ပျူတာ operating system တွေအတွက် malware နဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်ရလေ့ရှိပေမယ့် Linux operating system ကို အသုံးပြုသူတွေအတွက်တော့ အဆိုပါ အန္တရာယ်ကို လုံးဝစိုးရိမ်စရာမလိုပါဘူး။
(၇) အခမဲ့လည်းအသုံးပြုနိုင်ပါတယ် ။
Open Source ဆော့ဖ်ဝဲတစ်မျိုးဖြစ်တဲ့ Linux ကိုအခမဲ့လည်း ရယူအသုံးပြုနိုင်ပါတယ် ။ Open Source ဆော့ဖ်ဝဲတွေဟာ လူ့ဘောင်အဖွဲ့အစည်းအတွက်သာမကပဲ တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေအတွက်လည်း အသုံးပြုသင့်တဲ့ Operating System တစ်မျိုးဖြစ်ပါတယ်။
(၈) ကြိုက်နှစ်သက်မှုမရှိတော့ရင်လည်း အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ် ။
Linux အကြောင်းကို စတင်လေ့လာနေသူတွေအတွက် သိထားသင့်တဲ့အချက်တစ်ခုကတော့ Linux OS ဟာ Windows နဲ့ Mac တို့နဲ့ မတူညီဘဲ အကယ်၍များ လက်ရှိအသုံးပြုနေတဲ့ Linux desktop ကိုမနှစ်သက်ဘူးဆိုရင် အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ် ။ အသုံးပြုသူစိတ်တိုင်းကျ ကျွမ်းကျင်သလို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်တဲ့ operating system တစ်မျိုးဖြစ်ပါတယ် ။
(၉) Hardware တွေ အားလုံးတော့ အသုံးပြုနိုင်ခြင်းမရှိပါဘူး ။
Linux operating system မှာ hardware စနစ်အားလုံးကိုတော့ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Hardware တွေအားလုံးတော့ မဟုတ်ပေမယ့် multifunction printer တွေ ၊ အချို့ wireless card တွေနဲ့ Laptop display တွေမှာဆိုရင် ၎င်းပြဿနာဟာရှိနေဆဲပဲ ဖြစ်ပါတယ် ။
(၁၀) Google ကအကောင်းဆုံးအဖော်မွန်ပါ ။
တကယ်လို့များ Linux ကို အသုံးပြုနေရင်းနဲ့ ပြဿနာတစ်စုံတစ်ရာ ပေါ်လာတာပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့တယ်ဆိုရင် Google search က အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ Google ကနေပြီး Linux နဲ့ ပတ်သက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြောင်းအရာ၊ ဗဟုသုတတွေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ် ။
Ref:
http://mee-pya-tite.blogspot.com/2011/12/linux.html
http://en.wikipedia.org/wiki/Linux
Wednesday, December 14, 2011
Linux ကိုစတင်လေ့လာမည့် သူများအတွက် သိထားသင့်သည့်အချက် (၁၀) ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment