Monday, March 26, 2012

ဓမ္မဒူတကင်ချီသင်တန်း မြန်မာအလုပ်သမား ၁၇ ဦးသာ တက်နိုင် ၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းသဖြင့် နစ်နာသူများရှိခဲ့

ဆောအူးလ် ၊ မတ်လ ၂၆
ယမန်နေ့က ဂွါန်မြောင်းမြို့ (Gwang Myeong Shi) ဂွမ့်ဂန်ဂျောင်ဆာ (Geum Gang Jeong Sa) ဘုန်းတော်ကြီးကျောင်းတွင် ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ပြုလုပ်သည့် ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း သို့ မြန်မာအလုပ်သမား ၁၇ ဦးတို့ တက်ရောက်သင်ယူခဲ့ကြကြောင်း သတင်းရရှိသည် ။

[Photo: by Way.T.P/ ကင်ချီသင်တန်း အမှတ်တရ မှတ်တမ်းပုံများ]
ယခုအပတ်သင်တန်းတွင် မုံလာထုပ်ကင်ချီပြုလုပ်နည်းကို အနီးကပ်ကြီးကြပ်သူများဖြင့် အုပ်စု ၄ စုခွဲပြီး စာတွေ့ရော လက်တွေ့ပါ အစအဆုံး လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း ၊ သင်တန်းများက ပြုလုပ်သည့် ကင်ချီများကိုလည်း သက်ဆိုင်ရာ သင်တန်းသားသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း ၊ ထို့အပြင် သင်တန်းအပြီး၌ ဂွမ့်ဂန်ဂျောင်ဆာ ကျောင်းထိုင်ဆရာတော် ဝေါန်မြောင်း (Won Myeong Sunim) ဘုန်းတော်ကြီးက သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြင့်ခဲ့ကြောင်း သိရသည် ။
သင်တန်းတက်ရောက်ရန် လူဦးရေ ၃၀ ကျော် အမည်စာရင်းတင်သွင်းခဲ့ကြကြောင်း ၊ စာရင်းပေးသွင်းသူများ မူလမျှော်မှန်းထားသည်ထက်များပြားသဖြင့် သင်တန်းစီစဉ်သူများက သင်တန်းကို အသုတ် ၂သုတ်ခွဲပြီး ဖွင့်လှစ်ရန် စီစဉ်လိုက်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ပါက အခြားသူများ တက်ရောက်နိုင်ရေး ကြိုတင်အတည်ပြုချက်ပေးကြရန် သက်ဆိုင်ရာက နိုးဆော်ထားခဲ့သော်လည်း အချိန်မှီ အတည်ပြုချက်မပေးခဲ့ကြဘဲ သင်တန်းဖွင့်ရက် မနက်ပိုင်းမှ သင်တန်းတက်ရန် အမည်စာရင်း ဖျက်သိမ်းသည်များ ရှိခဲ့သဖြင့် သင်တန်း အမှန်တကယ်တက်လိုသူများ သင်တန်းသား မတက်ရောက်နိုင်ခဲ့သည်များရှိခဲ့ကြောင်း ၊ မြန်မာသင်တန်းသားလောင်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သဖြင့် နစ်နာသူများရှိခဲ့ကြောင်း ၊ သင်တန်းစီစဉ်သူများကပြောသည် ။
ယခု အပတ် သင်တန်းသားများအား မေးမြန်းခဲ့ရာ ရှမ်းတိုင်းရင်းသား သင်တန်းသားတစ်ဦးက “ကျနော်ဒီသင်တန်းမျိုးတက်ချင်နေတာကြာပြီဗျ ၊ ကိုရီးယားရောက်စကတည်းကပါပဲ ၊ အခု သေသေခြာခြာသင်ပေးလို့ အားရ ကျေနပ်ပါတယ် ၊ ကျနော်တို့ ရှမ်းရိုးရာ မုန်ညှင်းချဉ်လုပ်နည်းနှင့် တူတာတွေရှိသလို ၊ မတူတာလေးတွေလည်း ရှိပါတယ် ။ သင်တန်းစီစဉ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ” ဟု ပြောသည် ။
သင်တန်းသားတစ်ဦးကမူ “မြန်မာပြည်ရောက်ရင် အာဂျော်ရှိ ကင်ချီဆိုပြီး ကင်ချီလုပ်ရောင်းမယ်ဗျာ” ဟု ရယ်သွမ်းသွေးပြောဆိုသွားသည် ။
နောင်တွင်လည်း ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအား တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေမည့် သင်တန်းများ (မုံလာဥကင်ချီ ၊ ကင်ဖတ်ခေါ် ရေညှိ ထမင်းလိပ် ပြုလုပ်နည်းစသည်များ) ကို ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း ၊ ဓမ္မဒူတ ယဉ်ကျေးမှုအသင်းထံမှ စုံစမ်းသိရှိရပါသည် ။
/M-netizen/

No comments: