Tuesday, March 27, 2012

မြန်မာစင်တာတွင် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဝင် သင်တန်းများဖွင့်လှစ်

မတ်လ ၂၆ ၊ အင်ချောန်း
လွန်ခဲ့သော မတ်လ ၂၅ ရက် တနင်္ဂနွေ မှ စတင်၍ ၊ မြန်မာစင်တာတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (Test of Proficiency in Korean: TOPIK) ဝင်သင်တန်းများ စတင်လေ့ကျင့် သင်ကြားပေး လျက်ရှိကြောင်း သတင်းရရှိသည် ။

[မြန်မာစင်တာ သင်တန်းပြင်ဆင်ခြင်းအစည်းအဝေးများ ၊ သင်တန်းဝင်အရည်အချင်းစစ်မေးခြင်းနှင့် သင်တန်းမြင်ကွင်း Photo: by MyCenter]
သင်တန်းသို့ ကိုရီးယား မြန်မာ အီးပီ အလုပ်သမား ၄၀ ကျော် တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း ၊ ကျောင်းသားများကို ကိုရီးယားဆရာ တစ်ဦးနှင့် ဆရာမ ၂ ဦးတို့က အုပ်စု ၃ စုခွဲပြီး လေ့ကျင့် သင်ကြားပေး နေကြောင်း ၊ အခြေခံအဆင့်-(က)(Level-1) အုပ်စုကို နံနက် ၁၀နာရီမှ နေ့လယ် ၁၂ နာရီထိ ၊ အခြေခံအဆင့်(ခ) (Level-2) နှင့် အလယ်တန်းအဆင့်(Level3~3)တို့ကို နေ့လည် ၂နာရီမှ၎နာရီထိ လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည် ။

နိုင်ငံတကာ အမျိုးသား ပညာရေး ဗိမာန်(National Institute for International Education: NIIED) က တိုပစ် စာမေးပွဲကို ကြီးမှူးကျင်းပလျက်ရှိကြောင်း ၊ စာမေးပွဲများတွင် ပုံမှန်အားဖြင့် ယခင်စာမေးပွဲဟောင်း မေးခွန်းများမှ ၇၀ ရာခိုင်နှုန်းခန့် ထပ်မံေးမြန်းလေ့ရှိကြောင်း ၊ စာမေးပွဲကောင်းစွာဖြေဆိုနိုင်ကြစေရန်အတွက် မေးခွန်းဟောင်းများ စုစည်းပြီး လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း မြန်မာစင်တာက ပြောသည် ။

အဆိုပါ တိုပစ် စာမေးပွဲအောင်လက်မှတ်သည် ကိုရီးယားနိုင်ငံတွင်း တက္ကသိုလ်ပညာများ ဆက်လက်လေ့လာလိုသူများ နှင့် အခြားသော သင်တန်းနှင့် ပညာရပ်များ လေ့လာလိုသူများ အတွက် လိုအပ်ချက် တစ်ခု အဖြစ် ပြဋ္ဌာန်းထားသည်များရှိကြောင်း ၊ အထူးသဖြင့် အီးပီလုပ်သားများအတွက် လုပ်ငန်းအထူးကျွမ်းကျင်သူများနေထိုင်ခွင့်ဗီဇာ(E-7)လျှောက်ထားခြင်း ၊ အီး-၉ နောက်တိုးဗီဇာ (E-9) ပြန်လည်လျှောက်ထားခြင်းတို့အတွက် အထူးစာမေးပွဲဖြေဆိုရာတွင် အနည်းဆုံး ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အဆင့်-၃(Level-3)အောင်မြင်ထားရန်လိုအပ်ကြောင်း သိရသည် ။

သင်တန်းအတွင်း သင်တန်းသား တစ်ဦးချင်းစီ၏ အရည်အချင်းကို အမြဲဆန်းစစ်ပေးပြီး သင်တန်းသား၏ လိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်ပေးသည့် စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း ၊ ကြိုးစားပြီး အရည်အချင်းရှိသည့် ကျောင်းသားများ နစ်နာခြင်းမဖြစ်စေရန် ၊ ကျောင်းသား တစ်ဦးချင်းစီ၏ သင်ယူနိုင်စွမ်းအပေါ်မူတည်လျက် အတန်းချခြင်း ၊ အတန်းတင်ပေးခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်ပေးသွားမည်ဟု သင်တန်းတာဝန်ခံ ဆရာမ ဒေါ်ကေသွယ်ဟန်က ဟန်းဂုရွာသို့ပြောပါသည် ။

No comments: