Sunday, September 30, 2012

ဗြဟ္မစိုရ်လမ်း

















ဦးခေါင်းတွေပေါ် မတ်တပ်ရပ်ချင်သူတွေ
များလွန်းတဲ့ ခေတ်ထဲ
ကျနော်က ခြေထောက်တွေ အောက်မှာ ပျော်မွေ့တယ်။

သစ်စေ့လေးတစ်စေ့ကို
ကမ္ဘာမြေကြီးက ပွေ့ပိုက်ထားသလို
ကျနော် အဲဒီ ခြေထောက်တွေကို တယုတယ ပွေ့ပိုက်မယ်။

အဲဒီ ခြေထောက်တွေ အောက်မှာ
နှလုံးသားကို ဖြန့်ခင်းရင်း ခြေထောက်တွေကို
သူတို့ရဲ့ မျှော်လင့်ချက်တွေဆီရောက်အောင် ပို့ပေးမယ်။

မျှော်လင့်ချက် တူရာကို လျှောက်လှမ်းမယ့်
ခြေထောက်တွေ များလာတဲ့အခါ
ကျနော့် နှလုံးသားပေါ် လမ်း ဖြစ်လာလိမ့်မယ်။

မျှော်လင့်ချက်လမ်းမပေါ်
လျှောက်လှမ်းနေတဲ့ ခြေထောက်တွေက
တစ်နေ့နေ့ ပန်းတွေ ပွင့်မလာဘူးလို့ ဘယ်သူ ပြောနိုင်လဲ။

ကမ္ဘာမြေပေါ်က
အခြားသော ပန်းပွင့်တွေလိုပဲ
အဲဒီ ခြေထောက်တွေက ပွင့်လာမယ့် ပန်းရနံ့တွေဟာ
မြစ်တွေလို ကျနော့် နှလုံးသားပေါ် စီးဆင်းရင်းက
ဟောဒီ ကမ္ဘာလောကကြီးကို ကျော်လွန်ပြီး
စကြာဝဠာအနှံ့ မွှေးရနံ့တွေပေးဖို့ တစ်ခုပဲ ကျနော် မျှော်လင့်တယ်။ ။

No comments: