Monday, April 8, 2013

အလုပ်သမားများကို ရုပ်သိမ်းမယ်လို့ မြောက်ကိုရီးယားက ပြော

၂၀၁၃ ခုနှစ် ဧပြီ ၃ ရက်က စတင်ပြီး တောင်မြောက် နယ်စပ် မြောက်ကိုရီးယားနယ်မြေထဲရှိ ဂဲဆောန် စက်မှုဇုံကို ပိတ်ထားခဲ့တာ ယနေ့ဆို ၆ ရက်မြောက် ရှိနေပါပြီ၊ တောင်ကိုရီးယားဘက်က စားသောက်ကုန် ပစ္စည်းများနဲ့ စက်ရုံသုံး ကုန်ကြမ်း ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ထားတာနဲ့ ပတ်သက်ပြီး စက်ရုံ ၁၄ ရုံဟာ လုပ်ငန်းများကို ရပ်နားထားရပြီး စက်မှုဇုံအတွင်းရှိ တောင်ကိုရီးယား လူမျိုးများရဲ့ စားသောက်မှု အခြေအနေဟာ အခက်အခဲနဲ့ စတင် ရင်ဆိုင်နေရကြောင်း ယနေ့ နေ့လည် ၂နာရီ အချိန်က ပြန်လာတဲ့ သူက ပြောပါတယ်။  
တဆက်တည်း ယနေ့ နံနက် ၉နာရီမှ ၁၁ နာရီအချိန်အထိ မြောက်ကိုရီးယား အလုပ်သမားပါတီ တောင်ကိုရီးယားဘက်ပိုင်းဆိုင်ရာ တာဝန်ခံ မစ္စတာ ကင်းမ်ယောန်ဂေါန်က ဂဲဆောန် စက်မှုဇုံကို လာရောက်ကြည့်ရှု့ပြီး မြောက်ကိုရီးယား အလုပ်သမား ၅သောင်း ၃ထောင်ကျော်ကို အလုပ်က ရုပ်သိမ်းပြီး စက်မှုဇုံကို ရပ်စဲမယ်လို့ ပြောဆိုလိုက်ပါတယ်။ မစ္စတာ ကင်းမ်ဟာ ဂဲဆောန် စက်မှုဇုံကို ၂၀၀၈ ခုနှစ် ပထမဦးဆုံး ရောက်ရှိလာခဲ့ပြီး ၂၀၀၉ ခုနှစ် သြဂတ်က ကွယ်လွန်သွားခဲ့တဲ့ ၁၅ ကြီမ်မြောက် သမတ ကင်းမ်ဒဲဂျူန်ရဲ့ ရုပ်ကလာပ်ကို လာရောက် ဂါရ၀ပြု လွမ်းသူ့ပန်းခြေချခဲ့သူထဲတွင် တစ်ဦးအဖြစ် ပါဝင်လာပြီး အဲဒီအချိန်က သမတ ယီမြောင်ဘနဲ့လည်း တွေ့ဆုံခဲ့ဘူးသူ တစ်ဦးဖြစ်ပါတယ်။ ကင်းမ်ယုန်ဟယောန်း (ပါမောက္ခ၊ ဒုန်ဂု တက္ကသိုလ်)က အလုပ်သမားပါတီ တောင်ကိုရီးယားဘက် ပိုင်းဆိုင်ရာ တာဝန်ခံ မစ္စတာ ကင်းမ်ရဲ့ ဂဲဆောန် စက်မှုဇုံကို လာရောက် လည်ပတ်မှုဟာ ယခင် စစ်တပ်ပိုင်းဆိုင်ရာ ပြဿနာများကို ဆိုးရွားတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဘို့ လာတာ မဟုတ်သလို ဂဲဆောန် စက်မှုဇုံကိုလည်း လုံးဝ ဖျက်သိမ်းဖို့ အခြေအနေမှာ မရှိပါဘူးလို့ ယောနာဘ် သတင်းဌာနကို ပြောပါတယ်။ တောင်ကိုရီးယားဘက် က နိုင်ငံရေးသမားများနဲ့ တောင်မြောက် ပူးပေါင်းရေးကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများ က မြောက်ကိုရီးယားနဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆို ပြောဆိုနေကြပါ တယ်။ မြောက်ကိုရီးယားဘက်မှာ ရှိနေတဲ့ ရုရှား သံရုံး တာဝန်ရှိသူက မြောက်ကိုရီးယားမှာ ရှိနေတဲ့ ကျနော်သံရုံးနဲ့ ၀န်ထမ်းတွေကို ဖျက်သိမ်းဘို့ လုံးဝ အစီအစဉ် မရှိပါဘူးလို့ ပြောသလို မြောက်ကိုရီးယား ဘက်မှာလည်း ယခင်အတိုင်း ပုံမှန် လည်ပတ် သွားလာနေကြပါတယ်လို့ ပြောဆိုနေကြပါ တယ်။ တောင်ကိုရီးယားဘက်မှာလည်း ယနေ့အချိန်အထိ မြောက်ကိုရီးယားဆိုင်ရာ သတင်းများကို ပုံမှန်အတိုင်း ထုတ်လွှင့်နေပြီး တောင်ကိုရီးယား လူမျိုးတွေကလည်း ပုံမှန် အလုပ်ကို လုပ်ကိုင် စားသောက်နေကြတာကို တွေ့မြင်နေရပါတယ်။ ဂဲဆောန် စက်မှုဇုံတွင် တောင်ကိုရီးယားလူမျိုး ၄၇၀ ဦး ကျန်ရှိနေပြီး မနက်ဖြန် ဧပြီ ၉ ရက်မှာ ၇၇ ဦး ပြန်လာမယ်လို့ သိရပါတယ်။ တောင်မြောက် ပူးပေါင်းရေး ၀န်ကြီးဌာနကတော့ တောင်မြောက်အရေးကို အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

No comments: