Sunday, April 21, 2013

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ Housing Right (နေထိုင်မှု အခွင့်အရေး)

ရေးသားသူ —စိုးမိုးသူ

ဆောင်းပါးကို မဖတ်မီ အောက်ပါ ဗီဒီယိုလေးကို အရင် ကြည့်စေချင်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမား တယောက်က အကိုတို့ရဲ့ အကြောင်း ဆိုပြီး ဒီဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးထား
တဲ့ ဗီဒီယိုလေးပါ။

ရွှေ့ပြောင်းအလုပ်သမားကိုယ်တိုင် ရိုက်ကူးထားတဲ့ အကိုတို့ရဲ့အကြောင်း ရုပ်သံ

နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင်က ကိုရီးယားမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ
 နေထိုင်တဲ့ အိမ်၊ အခန်းတွေရဲ့  အခြေအနေဟာ ဆိုးဝါးကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ ထုတ်ပြန်လိုက်
ပါတယ်။ ကော်မရှင်က ရွှေ့ပြောင်းအလုပ်သမား အများစုဟာ အခန်းကျဉ်းလေးထဲမှာ  ပြွတ်သိပ်ပြီး အတူ
 နေထိုင်နေကြရကြောင်း၊ အများအားဖြင့် မသန့်ရှင်းတဲ့ အိမ်သာ၊ရေချိုးခန်းကိုလည်း အသုံးပြု နေထိုင်နေ ကြရကြောင်း ဆိုပါတယ်။

ဒါဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်မှု အခြေအနေကို ကော်မရှင်က ပထမဦးဆုံးအကြိမ် အဖြစ် စတင် စစ်ဆေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ နေထိုင်မှု ဥပဒေအရ သတ်မှတ်ထားတဲ့ အနည်းဆုံး လူတယောက် နေထိုင်ရမယ့် အကျယ်အ ၀န်းဖြစ်တဲ့ 12m²ထက် ပိုမို ကျဉ်းကြပ်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြွတ်သိပ်ပြီး နေထိုင်နေ ကြရတယ်လို့ ကော်မရှင်က ဆိုပါတယ်။

အလုပ်ရှင်ဟာ အလုပ်သမားနဲ့ အလုပ်စာချုပ် ချုပ်ဆိုတဲ့အခါ  နေစရာပေးမယ်လို့စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုပေမယ့် အလုပ်ရှင် အများစုဟာ လူနေရန် မသင့်တဲ့ နေရာတွေကို အလုပ်သမား အခန်းအဖြစ်
 ပေးလေ့ရှိကြပါတယ်။ အလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အများအားဖြင့် ကွန်တိန် နာလို အခန်းမျိုးကို နေစရာအဖြစ် ပေးကြသလို၊ စက်ရုံတွင်းရှိ အထပ်ခိုး၊ ဟောင်းနွမ်းနေတဲ့ အိမ် အိုတွေမှာလည်း နေထိုင်စေပါတယ်။ 
 
ကွန်တိန်နာ အခန်း



ကွန်တိန်နာ အခန်းတွေဟာ နွေရာသီမှာဆိုရင် အင်မတန် ပိတ်လှောင် ပူအိုက်လွန်းလှပါတယ်။ စက်ရုံတွင်း အထပ်ခိုးကလည်း လူတယောက် အရပ်တောင် မလွတ်၊ အလွန် နိမ့်လွန်း အလွန် ကျဉ်းကြပ် လွန်းလှပါတယ်။ ပိုဆိုးတာက နေ့ဆိုင်း၊ ညဆိုင်း အလုပ်ဆင်းရတဲ့ စက်ရုံတွေရဲ့ စက်ရုံတွင်း အထပ်ခိုးမှာ နေထိုင်ကြသူတွေဟာ နေ့ဆိုင်း၊ ညဆိုင်း အလုပ်ဆင်းထားလို့  အနားယူ အိပ်စက်ဖို့ လိုပေမယ့်လည်း စက်ရုံတွင်းက စက်သံ ဆူညံမှုတွေကြောင့် ဘယ်လိုမှ အိပ်မရ ဖြစ်ကြရပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ကလည်း အဲဒီလို လူတယောက်နေရမယ့် အကျယ်အ၀န်း ထက် ကျဉ်းပြီး နေနေကြရပေမယ့် အလုပ်ရှင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ သီးခံပြီးတော့ နေနေကြရ တာပါ။
ဒါပေမယ့် အလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့ အလုပ်ရှင်က ပြုလုပ်ပေးရမယ့် တာဝန်တွေ ကို လေ့လာကြည့်ကြရအောင်။

근로기준법 101조
 "사용자는 사업 또는 사업장의 부속 기숙사에 기숙하는 근로자의 사생활의 자유를 침해하지 못한다"
အလုပ်သမားဥပဒေ ပုဒ်မ ၁၀၁။
အလုပ်ရှင်ဟာ လုပ်ငန်းခွင်၊ လုပ်ငန်းခွင်တွင်းရှိ နေထိုင်ရန် နေရာတွင်း နေထိုင်သူ အလုပ်သမားရဲ့ ကိုယ်
ပိုင် လွတ်လပ်ခွင့်ကို ထိခိုက်စေမယ့် လုပ်ဆောင်မှုကို မလုပ်ရ။

ဒါပေမယ့် အလုပ်ရှင်တွေဟာ အလုပ်သမားတွေ နေထိုင်တဲ့ အခန်းမှာ အိမ်သာ၊ ရေချိုးခန်း ပြုလုပ်ပေးခြင်း မရှိခြင်းနဲ့ ကောင်းစွာ အနားယူပိုင်ခွင့် မရှိတဲ့ နေရာမျိုးကို ပေးခြင်းဟာ အလုပ်သမားရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးစေတာပဲဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေကို မလုံ
ခြုံတဲ့ အခန်း၊ မည်သူမဆို ၀င်ထွက်သွားလာနိုင်တဲ့ နေရာမျိုးမှာ နေစေတာကြောင့် အမျိုးသမီးများရဲ့ အသက်နဲ့ အရှက် လုံခြုံရေးဟာ အထူး စိုးရိမ်စရာကောင်းလှပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ အသုံးပြုတဲ့ ရေချိုးခန်း

အောက်က အလုပ်သမား ဥပဒေကို ကြည့်ပါ။
근로기준법 제51조
 "남자와 여자를 동일건물의 기숙사에 수용시켜서는 아니 된다. 다만, 견고한 차단벽을 설치하고 출입구를 별개로 설치하는 경우에는 그러하지 아니하다"
အလုပ်သမားဥပဒေ ပုဒ်မ ၅၁။
အမျိုးသားနှင့် အမျိုးသမီးကို တခုတည်းသော အဆောက်အဦတွင်း တခန်းထဲမှာ မနေစေရ။
သို့သော်  သူတို့အကြား ခိုင်ခန့်တဲ့ အကန့်အသတ် နံရံကို ပြုလုပ်ပေးပြီး သီးသန့် ၀င်ထွက်ပေါက်ကို ထားရှိပေးရင်တော့ အတူ နေစေနိုင်သည်။

အထက်ပါ အလုပ်သမားဥပဒေကို ချိုးဖောက်သူ အလုပ်ရှင်အတွက် အလုပ်သမားဥပဒေက ချမှတ်ထားတဲ့
ပြစ်ဒဏ်ကလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
근로기준법 103조
 "사용자는 부속 기숙사에 대하여 근로자의 건강·풍기와 생명의 유지에 필요한 조치를 강구하여야 한다". 이를 지키지 않을 경우 사용자에게 500만 원 이하의 과태료를 부과하도록 한다.
အလုပ်သမားဥပဒေ ပုဒ်မ ၁၀၃။
အလုပ်ရှင်ဟာ အလုပ်ဆောင်တွင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အသက်ကို မြဲတည်
စေဖို့ လိုအပ်သည်များကိုရှာဖွေပြုလုပ်ပေးရမည်။မလိုက်နာပါက ဒဏ်ငွေ ၀မ် သိန်း၅၀ ပေးဆောင်ရမည်။

ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို အခုလို လူသားတဦး နေထိုင်ရန် မသင့်တဲ့ နေရာမှာ နေစေတဲ့ ဘယ် အလုပ်ရှင်ကိုမှ ဒဏ်ငွေဆောင်ခိုင်းတဲ့ ဖြစ်ရပ်မရှိသေးပါ။ ပြီးတော့ အီးပီအက်စ် အလုပ်သမားဥပဒေ
အရ အလုပ်ရှင်ဟာ မဖြစ်မနေ နေထိုင်စရာပေးရမယ်လို့လည်း မပါရှိပါဘူး။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်
သမားတွေရဲ့ နေထိုင်စရာနေရာ အခြေအနေတိုးမြင့်စေဖို့အတွက် သင့်တင့်တဲ့  နေစရာနေရာကို ပေးနိုင်
တဲ့ အလုပ်ရှင်ကိုသာ ရွှေ့ပြောင်းအလုပ်သမားကို အလုပ်ခန့်ပိုင်ခွင့် ပေးဖို့ အလုပ်သမားရေးလှုပ်ရှားသူ
များက အစိုးရကို တိုက်တွန်းနေကြပါတယ်။

ကော်မရှင်ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်မှုအခြေအနေ တိုးတက်စေရေးအတွက် အခုလို တွေ့ရှိချက်တွေကို အစိုးရထံ တင်ပြပြီး ဆွေးနွေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
 
Housing Right (နေထိုင်မှု အခွင့်အရေး)ဟာ လူသားရဲ့ အသက်ရှင်ခွင့်နဲ့ တဆက်တည်း ဖြစ်ပါတယ်။ လူသားရဲ့ သိက္ခာကို အကာအကွယ်ပေးရမည့် နေထိုင်ရာနေရာကို လျစ်လျူရှုခြင်းဟာ လူ့အခွင့်အရေးကို
ချိုးဖောက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေထိုင်မှု အခွင့်အရေးနဲ့ လူ့အခွင့်အရေးဟာ တခန္ဓာ
တည်း ဖြစ်ပါတယ်။ 

No comments: