Sunday, September 22, 2013

တဒင်္ဂ ဖြစ်ရပ်မှန်

  အခု ရေးမယ့် စာကတော့ ကိုရီးယားနိုင်ငံရောက် ကျနော်တို့ ရွှေမြန်မာတို့ ဆင်ခြင်နိုင်စေရန်အတွက်နဲ့ အခု ကိုရီးယားမှာ ဒီကိစ္စတွေကို တင်းကြပ်နေတဲ့ ကာလတွေမို့ သတိထားဘို့ ရေးသားတင်ပြလိုက်ပါတယ်။ ကာယကံရှင်ထံလည်း ခွင့်တောင်းထားပြီးဖြစ်ပါတယ်။ သူလည်း တော်တော်လေးကို နောင်တရရှိနေပြီး နောက်နောင်တွင် ဒီလို ကိစ္စတွေ မဖြစ်ဘို့ ကြိုးစား ရှောင်ကြဉ်သွားပါ့မယ့်လို့ ရဲစခန်းမှာ၊ တရားရုံးမှာနဲ့ ဘာသာပြန်ရှေ့မှာလည်း ကတိတွေ တဖွဖွပြောခဲ့ပါတယ်။ အော် တဒင်္ဂ၊ တဒင်္ဂ၊ တဒင်္ဂအတွင်း စိတ်လေးကို လွတ်လိုက်တာနဲ့ ။ ဖြစ်ပုံက ဒီလိုပါ၊ သြဂုတ် ၂၅ ရက် တနင်္ဂနွေနေ့ နေ့လည်ပိုင်းလောက်က သူငယ်ချင်း တစ်စုနဲ့ ပိတ်ရက်ဆိုတော့ ဘီယာလေး နှစ်ခွက်လောက် သောက်ပြီး၊ ကိုရီးယား စားသောက်ဆိုင်မှာ ထပ် သွားသောက်ကြဘို့ အပြင်ကို ထွက်လာခဲ့ပါတယ်။ တစ်ပတ်အတွင်း ပင်ပင်းသမျှ စိတ်ဖိစီးသမျှတွေ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းလေးဖွဲ့ပြီး ပျော်ရွှင်အောင် စိတ်ဖြေဖျောက်နေကြရတာပေါ့။ နဂိုကတည်းက အရက်ကို အများကြီးလည်း မသောက်တတ်၊ အပျော်သဘောအနေနဲ့ နှစ်ခွက်၊ သုံးခွက်သောက်ပြီး ဟိုအကြောင်း၊ ဒီအကြောင်းလေးတွေ ၀ိုင်းဖွဲ့ပြောကြပြီး ရယ်လိုက်ကြ မောလိုက်ကြနဲ့ တစ်ရက်တာ ပျော်ရွှင်မှုလေးဟာ လေးလံနေသော စိတ်တွေကို ပေါ့ပါးသွားစေခဲ့ပါတယ်။ ကိုရီးယား စားသောက်ဆိုင်ကို ရောက်တော့ ငါးဥပြုတ်ရည်လေးနဲ့ဆိုတော့ ဆိုဂျူလို့ခေါ်တဲ့ အရက်က ပါးစပ်ထဲကို နှစ်ခွက်၊ သုံးခွက်က ပေါ့ပေါ့ပါးပါးလေး ရှတရှတနဲ့ ၀င်သွားခဲ့ပါတယ်။ စကားလေးပြောလိုက် သောက်လိုက်နဲ့ပေါ့၊ ရုတ်တရက် ဆီးသွားချင်လာတာနဲ့ လေညင်းလေးလည်း ခံချင်တာနဲ့ စားသောက်ဆိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အိမ်သာဘက်ကို လမ်းလျှောက်လာခဲ့ပါတယ်။ ဆီးလေးသွားပြီး ပြန်အထွက်အလာမှာ အဖြူရောင် ၀မ်းဆက် ၀တ်ထားတဲ့ အမျိုးသမီးကို တွေ့လိုက်ရပါတယ်။ တွေ့လိုက်ရတဲ့အချိန်မှာ အရက်ကလေးရဲ့ အရှိန်ကလည်းရှိနေတဲ့အတွက် နှလုံးသားတွေက ရုတ်တရက်ကြီး ခုန်လာပါတော့တယ်။ လှလိုက်တာ၊ အမယ်လေး လှလိုက်တာ။ မျက်လုံးထဲက ထွက်ကို မထွက်တော့ဘူး။ လိုက်မှဘဲ ဟော ဆိုင်ထဲ ၀င်သွားပြီ၊ ဆိုင်ထဲ ၀င်သွားပြီ။ ဘယ်လို လှမှန်း မသိပါဘူး၊ မမရယ်၊ ထွက်လာပါတော့ ဒီမှာ မောင်လေး စောင့်နေတယ်လေ၊။ ဟော ထွက်လာပြီ၊ ထွက်လာပြီး။ တွန်းလှည်းလေးနဲ့၊ အော် ကလေးလည်း ပါတာပဲ။ ငါတော့ မတတ်နိုင်တော့ ဒီလောက် လှတဲ့သူကို ငါ့မျက်စိထဲက မထွက်တော့ဘူး၊ ဟင်း ဟိုဘက်ကို လမ်းလျှောက် ထွက်သွားပြီး၊ လိုက်ဦးမှ၊ လှလိုက်တာ၊ မျက်လုံးကလည်း ရီဝေေ၀၊ မမရဲ့ လမ်းသွားပုံလေးက ကြွကြွလေး။ မမနားကို ရောက်လာပြီး၊ ဟိုက် မမ လှည့်ကြည့်တယ်။ သွားပြီး။ မတတ်နိုင်ပါဘူးလေ၊ ဒီမှာ ဆံပင် ညှပ်ဆိုင် ဘယ် နား ရှိ သလဲ့  လဲ ။ မမက သေသေချာချာ ရှင်းပြနေလိုက်တာ၊ သဘောကောင်းလှတဲ့ မမ၊ မမရဲ့ အသံကလေးကလည်း သာလိုက်တာ၊ နားထဲက မထွက်ဘူး။ အမယ်လေး စိတ်တွေ ဖောက်ဖောက်လာပြီ မမရယ်၊ ကျနော့် စိတ်တွေ ဘယ်လို ဖြစ်နေမှန်း မသိတော့ဘူး၊ ဆံပင် ညှပ်ဆိုင်ကို မမ လှမ်းညွှန်အပြီး ကျနော်လေ မမနားက မခွာချင်တော့ဘူး၊ ဒါနဲ့ မမက ဒီ လမ်း မဟုတ်ဘူး၊ ဟိုဘက် လမ်းကို သွားလေ ပြောတာ၊ ကျနော့် ရင်ဘတ်ကို စောင့်ကန်လိုက်သလိုပါပဲ မမရယ်။ ဒါပေမယ့် ကျနော့် မမနောက်ကို ဆက်လိုက်လာခဲ့မိပါတယ်။ မီတာ ၅၀ အကွာ ကား အရှိန်လျှော့ဘို့ လုပ်ထားတဲ့ ကုန်းလေးမှာ မမက ကလေး ပျော်ဘို့ တွန်းလှည်းလေးကို ရှေ့တိုး နောက်ဆုပ်နဲ့ ဆော့နေတာ မြင်တော့ ကျနော် လက်တွေက တုန်လာတဲ့ အထိပါ။ ကလေးက ရေဆာလို့ ရေအတောင်းမှာ မမက ကလေးကို ရေကို ကုန်းတိုက်နေတုန်း ကျနော် လက်တွေက မမရဲ့ တင်ပါး ဆီကို ရောက်သွားပါတော့တယ်။ ဒါနဲ့ မမက ဒါ ဘာလုပ်တာလဲလို့ အသံအကျယ်ကြီး အော်လိုက်တော့ ကျနော်လည်း ကြောက်ကြောက်နဲ့ ကျနော်လည်း ရေသောက်ချင်လို့ပါ ပြောတော့ မမက နင် အခု ဒီနေရာ အမြန်ဆုံး ထွက်သွား လို့ ထပ်အော်တော့ ကျနော်လည်း ရှက်ရှက်နဲ့ အမြန် လမ်းလျှောက်၍ တက္ကစီ စီးပြီး စက်ရုံက အခန်းကို အမြန် ပြန်လာပါတော့တယ်။ ရင်တွေကလည်း ခုန် စိတ်ကလည်း ပင်ပန်းနဲ့ တစ်ညတာကို ကျော်ဖြတ်ပြီးတာနဲ့ ပုံမှန်အတိုင်း စက်ရုံမှာ အလုပ် ပြန်လုပ်နေပါတော့တယ်။ စက်တင်ဘာ ၁၁ ရက် အလုပ်လုပ်နေတုန်း စက်ရုံကို ရဲတွေ ရောက်လာပြီး အမျိုးသမီး တစ်ဦးအား မတော်တရော် ပြုမှုနဲ့ ဖမ်းပါတယ် ဆိုပြီး လက်ထိပ် ခတ်လိုက်ပါတော့တယ်။ ကျနော် နေတဲ့ အခန်းထဲလည်း ၀င်ရောက်ပြီး သြဂုတ် ၂၅ ရက်က ကျနော် ၀တ်ထားတဲ့ အကျီ င်္လက်ပြတ်၊ ဂျင်းဘောင်းဘီနဲ့ ကွင်းထိုး ဘိနပ်တို့ကို သက်သေခံ ပစ္စည်းတွေ အဖြစ် သိမ်းလိုက်ပြီး ကင်မ်ဖို ရဲစခန်းကို ခေါ်လာခဲ့ပါတော့တယ်။ တော်တော်ကြာတော့ မြန်မာ ဘာသာပြန်ရောက်လာပြီး ရဲများက စတင် စစ်ဆေးပါတော့တယ်။ ရဲတွေရဲ့ စစ်ဆေးမှုအတိုင်း ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်ပါတော့တယ်။ မမနောက်ကို ပထမဦးဆုံး နောက်ရောင်ခံ လိုက်တဲ့ နေရာကစပြီး ကျနော် ထွက်ပြေးခဲ့တဲ့အထိ စီစီ တီဗွီ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံကို ရဲတွေက ပြပါတယ်။ ပြီးတော့ အဲဒါကို မမက တိုင်တာ ဘယ်ကလာ မမရမှာလဲ၊ အာဂျူမ (အိမ်ထောင်သည် အမျိုးသမီး ) ကြီးပါ။ အဲဒီ အာဂျူမက ဖြစ်ဖြစ်ခြင်း နေ့ရက်က ရဲစခန်းကို တိုင်ချက် ဖွင့်ထားတာတဲ့။ အခုမှ ဖမ်းမိတာလို့ ရဲတွေက ပြောပါတယ်။ အဲဒီ အာဂျူမာက သူမရဲ့ အလယ် တည့်တည့်ကို အဆုံးအထိ နိုက်တယ်လို့ တိုင်ထားကြောင်းပြောတော့ ကျနော်က မူးနေတာနဲ့ ထိရုံ ထိတာပါလို့ ပြောပေမယ့် ကျနော် ဘာမျှ တတ်နိုင်မှာလဲ။ အားလုံးကို ကျနော် မှားကြောင်း ၀န်ခံ ကတိ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမှုစစ်ဆေးပြီး ကျနော့်ကို အချုပ်ထဲ ပြန်ထည့်ခါနီးမှာ ရဲတွေက ပြောနေပါတယ်။ တဒင်္ဂမှာ ဘာမဟုတ်တဲ့ အကြောင်းနဲ့ အရက် တစ်ခွက်ကြောင့် ဒုက္ခရောက်ရတာပေါ့။ စက်ရုံကို မေးကြည့်တော ဒီကောင်က စိတ်ထားကလည်း ကောင်း၊ မသောက်တတ် မစားတတ်တဲ့၊ အခုတော့ ဘယ်လို ဖြစ်ရတာလဲ။ စိတ်တော့ မကောင်းပါဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ၊ ဥပဒေက ဥပဒေပဲ၊ ဥပဒေကို ကျူးလွန်ရင် ဥပဒေက ပေးတဲ့ အပြစ်အတိုင်း ဆောင်ရွက်ရတော့မှာပေါ့တဲ့။ အချုပ်ထဲမှာ အချုပ် ထမင်းကို ပထမဦးဆုံးစား ဖူးတော့ စားမရလို့ အသိ ရွှေအကိုတွေက ရဲကို ထမင်း စားစရိတ်ပေးထားလို့ အပြင် ထမင်းကို စားလို့ ရလို့ တော်သေးတာပေါ့။ နောက်ထပ် ရဲ ရှေ့နေတွေက ခေါ်စစ်၊ တရားရုံမှာလည်း အစစ်ခံရ၊ နောက်ထပ် ကင်းမ်ဖိုကနေ အင်ချွန်း အချုပ်ခန်းသို့ ပြောင်းပြီး အချုပ် ခံရပါတယ်။ အမှုကတော့ တစ်လလောက် ကြာမယ်။ အဲဒီ အမျိုးသမီးကြီးနဲ့ ညှိနှိုင်းဘို့လည်း အဆင်မပြေဖြစ်၊ အဆင်ပြေအောင် ညှိဘို့ဆို ငွေက သိန်း ၆၀ ကျော်လောက် ကုန်ဦးမယ် ပြီးတော့ တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်လည်း ခံရဦးမယ်၊ တော်ပါပြီး တရားရုံက ပေးတဲ့ အပြစ်ပဲ ခံတော့မယ်၊ တရားသူကြီးက ဆက်လက် ချုပ်ထားဘို့ အမိန့်ချမှတ်လိုက်ပါတော့တယ်။ ရဲရှေ့နေများဘက် သိရတာ ထောင်ဒဏ်၊ ငွေဒဏ် တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ချမှတ်နိုင်ကြောင်း နောက်ဆုံးပြီးတော့ အမိနိုင်ငံကို ပြန်ဘို့လည်း များနေကြောင်း၊ ကိုရီးယား အလုပ်ဆက် လုပ်ဘို့ မလွယ်တော့ကြောင်းတဲ့၊ ကျနော် ကိုရီးယားမှာ နှစ်ရှည် လများ အလုပ်ကြိုးစား လုပ်ပြီး ငွေတွေ စု၊ ပြီးတော့ အဖေနဲ့ အမေ ညီအကို မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် စားသောက်နေထိုင်ကြမယ်ဆိုတဲ့ အတွေးတွေ အခုတော့ ပျက်ရပါပြီး အဖေနဲ့ အမေရယ်။ အဖေနဲ့ အမေရေ သား တောင်းပန်ပါတယ်။ ကျနော့်ရဲ့ မျက်ဝန်းထဲမှာ အဖေ လယ်ထွန်ယက်နေပြီး အမေ ကောက်စိုက်နေတဲ့ ပုံတွေ မျက်ရည်တွေနဲ့အတူ ဝေ့ဝေ့၀ါးဝါး ပေါ်လာပါတော့တယ်။ အထက်ပါ တကယ်ဖြစ်ရပ်မှန်ကို အဆင်ပြေအောင် ရေးသားလိုက်ပါတယ်။ ကဲ ညီအကိုတို့ ဆင်ခြင်ကြပါစို့၊ သတိထားကြပါစို့။ သတိ မလွတ်ကြပါနဲ့။

1 comment:

Unknown said...

+ဖတ်လို.လည်းကောင်း ပညာလည်းပေး
ကောင်းတယ် အစ်ကို ဒီလိုလေးတွေများများတင်ပေးပါ
ကျေးဇူးတင်ပါတယ်