Friday, September 27, 2013

ဘာလဲဟဲ့ Tအလုပ်သမား၊Tကတ်ဆိုတာ

ရေးသားသူ — စိုးမိုးသူ


ကိုရီးယားမှာ အီးပီအက်စ်စနစ်နဲ့ အလုပ်လာလုပ်နေသူတွေကို Tတွေ၊ သူတို့ ကိုင်ထားတဲ့  နိုင်ငံခြားသား မှတ်ပုံတင်ကတ်ကိုလည်း Tကတ်ဆိုပြီး တလွဲခေါ်ဆိုနေကြတာ ကြားတွေ့နေရတာ ကြာပါပြီ။

တကယ်တော့ အဲဒီTဆိုတာက
လွန်ခဲ့တဲ့ ၁၉၉၄ကနေ စတင်ကျင့်သုံးခဲ့ပြီး ၂၀၀၇ခုနှစ်မှာ နံမည်ဆိုးနဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ အလုပ်သင်သင်တန်းသား စနစ်ကို ခေါ်တာပါ။

၈၈အိုလံပစ်နောက်ပိုင်း စီးပွားရေးအရ တိုးတက်လာတဲ့ ကိုရီးယားနိုင်ငံတွင်း လိုအပ်နေတဲ့ အလုပ်သမားအင်အားကို အစိုးရဟာ ရိုးရိုးသားသားနဲ့ ဖြည့်တင်းဖို့ မကြိုးစားပဲ ပြည်ပက နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်သင် သင်တန်းသားအဖြစ် လူလည်လုပ် ခေါ်ယူပြီး သင်တန်းမပေးပဲ အလုပ် ခွင်တွေထဲပို့ပြီး နေ့ရှည် ညရှည် အလုပ်ကို ခိုင်းစေခဲ့ပါတယ်။

အလုပ်သင် သင်တန်းသားဆိုတာ သင်တန်းတက်ပြီးရင် သူ့တိုင်းပြည်ပြန်ပြီး တတ်မြောက်ခဲ့တဲ့ ပညာနဲ့ တိုင်းပြည် တိုးတက်အောင်ဆောင်ရွက်မယ့် ရည်ရွယ်ချက် ပိုင်ဆိုင်ထားသူတွေပါ။ အလုပ်ခွင်ထဲမှာ အလုပ် လုပ်တဲ့ အလုပ်သမားလို အချိန်ပြည့် အလုပ်ခိုင်းခွင့် မရှိပါဘူး။

ကိုရီးယားအစိုးရဟာ သင်တန်းသားတွေကို အလုပ်သမားတွေလို အချိန်ပြည့် အလုပ်ခိုင်းခဲ့ပေမယ့် အလုပ်သမား တယောက်ရရှိရမယ့် လစာနဲ့ အခြားခံစားခွင့်တွေကို အပြည့်မပေးခဲ့ပါဘူး။ အထူးသဖြင့် သင်တန်းသားဟာ အလုပ်လုပ်ပေးရင်း အလုပ်သမားဥပဒေ ချိုးဖောက်ခံရပေမယ့်လည်း အလုပ်သမား မဟုတ် သင်တန်းသားဖြစ်တာမို့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေကို ခံစားခွင့်မရရှိခဲ့ပါဘူး။

ဒါကြောင့် သင်တန်းသားတွေဟာ စက်ရုံတွေထဲက ထွက်ပြေးကြရင်း အိုဗာစတေး အလုပ် သမားတွေ ဖြစ်ကုန်ကြရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့အပေါ် ဖိနှိပ် ခေါင်းပုံဖြတ်တဲ့ သင်တန်းသားစနစ်ကို ဆန္ဒပြပွဲတွေ၊ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး ၁၀နှစ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့တာကြောင့် လက်ရှိ အီးပီအက်စ် စနစ် ပေါ်ပေါက်ခဲ့ရတာပါ။

လက်ရှိ အီးပီအက်စ်စနစ်ဟာလည်း အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိသေးပေမယ့် အလုပ်သမားအဖြစ် လက်ခံခေါ်ယူထားတာမို့ အလုပ်သမား ဥပဒေအရ ခံစား ပိုင်ခွင့်အား 
 တောင်းဆိုခွင့်ပေးထားပါတယ်။

ကဲ
ဖိနှိပ် ခေါင်းပုံဖြတ်မှုတွေကြောင့် နံမည်ဆိုးလွန်းလှတဲ့ Tဆိုတဲ့ အလုပ်သင်သင်တန်းသား စနစ်ကြီး မြေလှန် ခံလိုက်ရပြီးတာတောင်မှ အဲဒီ နံမည်ကို အလွယ်ပြန်သုံးနေတာကတော့ ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်းမသိတဲ့သူလို ဖြစ်နေပြီဆိုတာ သေချာနေပြီနော်။

ကျွန်လို့ မခေါ်ရုံတမယ် ဖြစ်ခဲ့တဲ့ အဲဒီ မင်္ဂလာမဲ့တဲ့ Tဆိုတဲ့ နံမည်အစား အီးပီအက်စ်အလုပ်သမား၊ အိုင်ဒီကတ် စသဖြင့် ပြောင်းလဲခေါ်ဝေါ်ခြင်းဖြင့်ရှေ့က နောင်တော် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့် ပြောင်းလဲသွားပြီဖြစ်တဲ့ သမိုင်းကိုလည်း အသိအမှတ်ပြုပေးလိုက်ကြရအောင်။

No comments: