Friday, September 27, 2013

ဓုတ်နဲ့အရိုက်ခံရမှဖြင့် ဒုက္ခ


တစ်ခါက ဒကာလေးတစ်ချို့ ပြောနေသံလေးတွေကို ကြားခဲ့ရပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီမှာ ကိုယ့်လူတို့ ယောက်ျားဆိုတာ အသောက်အစား၊ လောင်းကစားနဲ့ မိန်းမလိုက်စားတာ သုံးမျိုးမှာ တစ်ခုခုတော့ ၀ါသနာပါမှကွ၊ ဒါမှ ယောက်ျားပီသတာ၊ အဲဒါတွေ မလုပ်ဘူးဆိုရင် ဘာလုပ်မလဲ၊ အခြောက်လား…၊ ဒါမှမဟုတ် ယောက်ျားအချင်းချင်းကို ပြန်ကြိုက်မှာလား…”လို့ ပြောလိုက်သံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ ဒီတော့ တစ်ယောက်က “ဟုတ်လား… အဲဒါဆိုရင် ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးသံလည်း ကြားရပါတယ်။ “ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့ သူဆိုရင်တော့ ရှာသမျှကုန်ပြီပေါ့ကွာ” လို့လည်း တစ်ယောက်က ပြန်ထောက်ပါတယ်။ နောက်တော့ သူတို့တွေ တစ်ယောက်တစ်ပေါက် ငြင်းကြခုံကြရင်း စကားဝိုင်းကို အဆုံးသတ်သွားကြပါတယ်။ သူတို့ရဲ့အသံတွေကြားပြီး အဆုံးမသတ်ဘဲ အတွေးတွေ ထပ်လာတာကတော့ ဘုန်းဘုန်းပဲ ဖြစ်ပါတယ်။ သူတို့ပြောသလို အသောက်အစား၊ အလောင်းကစားနဲ့ မိန်းမလိုက်စားတာတွေမှာပဲ အချိန်ကုန်နေကြမယ် ဆိုရင်တော့ ကြာရင်သူတို့ဘ၀ဟာ ဓုတ်နဲ့အရိုက်ခံရပြီး ဒုက္ခလှလှကြီး တွေ့ကြရမှာကို စိုးရိမ်နေမိခဲ့ပါတယ်။

ဓုတ်ဆိုလို့ စားလုံးပေါင်း လွဲနေတယ်လို့ မတွေးလိုက်ပါနဲ့။ ဒီမှာပြောလိုတဲ့ ဓုတ်က ဓုတ္တဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုပြီး ဓုတ်လို့ ပြောလိုတာ ဖြစ်ပါတယ်။ ပါဠိစာပေမှာ ဓုတ္တဆိုတဲ့ စကားလုံးကို “ကြူးသူ၊ လိုက်စားသူ၊ ကစားသမား” စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဒီလိုက်စားခြင်း ဓုတ္တကို အလွန်အကြူး လိုက်စားပါက အဲဒီဓုတ်ကြောင့် ကိုယ့်ဘ၀မှာ ဒုက္ခရောက်ရတတ်ကြောင်း အကျယ်ဖွင့်ပြပါတယ်။ ဒီဓုတ္တဟာ အမျိုးအစားအားဖြင့်
ဣတ္ထိ ဓုတ္တ = မိန်းမလိုက်စားခြင်း
သုရာ ဓုတ္တ = အရက်သေစာ သောက်စားကျူးလွန်ခြင်း
အက္ခ ဓုတ္တ = အလောင်းအစား လွန်ကြူးလိုက်စားခြင်း ဆိုပြီး သုံးမျိုးသုံးစား ရှိကြောင်းလည်း ဖွင့်ဆိုထားပါတယ်။ ဒီဓုတ်သုံးဓုတ်ကို လိုက်စားလွန်ကြူးတဲ့ သူတွေဟာ ကြာရင်ဒီဓုတ်တွေနဲ့ အရိုက်ခံရတဲ့အတွက် ဘ၀မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်ကြောင်း၊ ဒါကြောင့် ဒုက္ခမရောက်ချင်ရင် ဒီဓုတ်တွေကနေ ရှောင်ကြဖို့လိုကြောင်း စသဖြင့် အကျယ်ရှင်းပြပါတယ်။

ဟုတ်ပါတယ်။ ခုနောက်ပိုင်း လူအတော်များများဟာ ဒီဓုတ်တွေမှာ တစ်ခုမဟုတ်တစ်ခု ၀ါသနာ ပါနေကြတာကို သတိပြုမိပါတယ်။ တစ်ချို့လည်း တစ်ခုနှစ်ခုမဟုတ်ဘဲ သုံးခုလုံးမှာ ၀ါသနာပါနေတာလည်း ရှိပါတယ်။ ၀ါသနာပါတယ်ဆိုတာထက် စွဲလမ်းမှုနဲ့အတူ လိုက်စားနေကြတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ မလိုက်စားဘဲ နေလို့ရပေမယ့် အဲဒီလို နေဖို့မကြိုးစားဘဲ ဒီအလုပ်တွေမှာကိုပဲ တမင်ပျော်မွေ့လိုနေကြတာ ဆိုတော့ ၀ါသနာလို့ပြောဖို့ထက် တဏှာလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ကြိုးစားပြီး မလုပ်ဘဲရှောင်ရင် ရရဲ့သားနဲ့ စိတ်ကိုအလိုလိုက်ပြီး တမင်ကို လိုက်နေကြတာဆိုတော့ ကြာလာတဲ့အခါ ရှောင်ဖို့ခက်၊ ဖြတ်ဖို့ခက်လာပြီး နောက်ဆုံး ကိုယ့်လုပ်ရပ်နဲ့ကိုယ် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သလို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီသုံးမျိုးလိုက်စားလို့ ဘ၀မှာတိုးတက် အောင်မြင်တယ်၊ ကြီးပွားချမ်းသာလာတယ် ဆိုတာ ဘယ်သူမှ မရှိပါဘူး။ ဒီသုံးမျိုးကို လိုက်စားကြတဲ့အတွက် ပျက်စီးဆုံးရှုံး သွားကြတာတွေပဲ ရှိပါတယ်။ သုံးမျိုးလုံးမဟုတ်ဘဲ အရက်သောက်တာကိုပဲ ဖြစ်ဖြစ်၊ အလောင်းအစား လုပ်တာကိုပဲ ဖြစ်ဖြစ်၊ မိန်းမလိုက်စားတာကိုပဲ ဖြစ်ဖြစ် တစ်ခုခုကို အလွန်အကြူး စွဲစွဲလမ်းလမ်း လုပ်မိရင်ကိုပဲ တစ်ချိန်မဟုတ်တစ်ချိန် ဒုက္ခ ဖြစ်နေကြတယ်ဆိုတာ သိမြင်ကြားသိနေကြမှာ ဖြစ်ပါတယ်။ ဒါဟာ ဓုတ်ကိုဓုတ်လို့ မသိဘဲ အလွန်အကြူး လိုက်စားမိတဲ့အတွက် ဓုတ်နဲ့ပြန်အရိုက်ခံရတာ ဖြစ်ပါတယ်။

ဒီလိုဓုတ်နဲ့ အရိုက်ခံရတဲ့အတွက် ဒုက္ခရောက်နေကြသူတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကြုံဖူးကြားဖူး မြင်ဖူးကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ အများဖြစ်နေလို့ သိပ်ပြီးသိသိသာသာ မရှိလှပေမယ့် ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေ ကြားမှာတော့ ဘာပဲဖြစ်ဖြစ် ထင်ထင်ရှားရှားကို သိမြင်ကြားသိ နေရတတ်ပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းကိုယ်တိုင်ကတော့ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ တော်တော်များများကို သိနေရတဲ့အတွက် ဒီလိုဓုတ်ကြောင့် တစ်မျိုးပြီးတစ်မျိုး ဒုက္ခရောက်နေကြရတဲ့ အဖြစ်အပျက်တွေကိုလည်း ကြားသိနေရတတ်ပါတယ်။ ဒါကြောင့်လည်း ဒါတွေရှောင်ကြဖို့ တိုက်ရိုက်တစ်မျိုး၊ ကွယ်ရာမှာတစ်ဖုံ၊ တစ်ဆင့်စကားနဲ့ တစ်နည်း စသဖြင့် သတိပေး ပြောဆိုဆုံးမ ပေးနေဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက သူတို့ကိုယ်တိုင် မဖြတ်နိုင် မရှောင်နိုင်တော့လည်း ဆုံးမတဲ့ ဘုန်းဘုန်းအနေနဲ့ ဆုံးမတာပဲ ရှိပါတယ်။ ကြာတော့ အဲဒီလို ပြုပြင်ပေးတာကိုပဲ ဘုန်းကြီးက နေရာတကာ ပါတယ်ဆိုတာတွေ ဖြစ်လာပြန်တော့ သူတို့တွေမှာ ပိုပြီးအပြစ်ဖြစ်လာမှာ စိုးရပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရသမျှတော့ ပြောဆိုပြုပြင် ပေးနေရမှာပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တွေ့အရ ပြောရမယ်ဆိုရင် ပြည်ပမှာရောက်လာတဲ့ မြန်မာအတော်များများ ဒီလိုဓုတ်တွေမှာ အလိုက်အစား များလာတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ထိန်းသိမ်းမှုလည်း ပါသလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ပါတယ်လို့ ထင်ပါတယ်။ ပြည်ပရောက် မြန်မာအများစုမှာ ကြုံတွေ့ရတာတွေက စိတ်ဖိစီးမှုဒဏ်၊ လွတ်လပ်မှုဒဏ်၊ အပေါင်းအသင်းဒဏ်၊ ပိုက်ဆံအလွယ်ရှာလို့ ရတဲ့ဒဏ်၊ ပိုက်ဆံရှိရင် ဘာမဆို အလွယ်လုပ်လို့ ရတဲ့ဒဏ် စတာစတာတွေကြောင့် အထိမ်းအကွပ်မရှိ စိတ်ထင်ရာ လုပ်နေဖြစ်တာ ဖြစ်ပါတယ်။ ဒီလို စိတ်လွတ်ကိုယ်လွတ် လုပ်ဖြစ်နေတာတွေဟာ ကြာတော့ဖြတ်မရ ပြုမရဖြစ်ပြီး အစွဲအလမ်းတွေဖြစ်ကာ ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်စေကြတော့တာ ဖြစ်ပါတယ်။ အရက်သောက်တဲ့ သူတွေလည်း အရက်ကြောင့်၊ လောင်းကစားလုပ်တဲ့ သူတွေလည်း လောင်းကစားကြောင့်၊ မိန်းမလိုက်စားကြတဲ့ သူတွေလည်း မိန်းမကြောင့် စသဖြင့် တစ်မျိုးပြီးတစ်မျိုး ဒုက္ခရောက်နေကြတော့တာ ဖြစ်ပါတယ်။

ဆိုးတာက သူများနိုင်ငံမှာလာပြီး စိတ်လွတ်ကိုယ်လွတ် ဥပဒေမဲ့ လုပ်လိုက်ကြတဲ့ အဖြစ်တွေက ပိုဆိုးကုန်တာ ဖြစ်ပါတယ်။ ဒီဓုတ်တွေပါလာပြီဆိုရင် ဘယ်သူမဆို အမှားအမှန် မခွဲခြားနိုင်ဘဲ စိတ်ထင်သလို လုပ်ဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်လုပ်ရပ်တွေဟာ သူ့နိုင်ငံ ဥပဒေတွေနဲ့ မညီဘဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက ဥပဒေကို လိုသလို လုပ်လို့ရတဲ့ နိုင်ငံတွေမဟုတ်တော့ ကျူးလွန်ရင် ကျူးလွန်တဲ့ အပြစ်ကို ခံကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ဆို ဖမ်းမိပြီးပြန်ပို့တာတို့ ဥပဒေအရ အရေးယူတာတို့ ခံကြရတာ ဖြစ်ပါတယ်။ ဒါတွေကို သိရဲ့သားနဲ့ ကိုယ့်လူမျိုးတွေကလည်း မရှောင်နိုင်၊ မတိမ်းနိုင် ဆက်ဆက်ပြီး လုပ်နေကြတာတွေ ရှိပါတယ်။ ဒီတော့ ဒီလို အဖြစ်အပျက်တွေ မကြာမကြာ ဖြစ်လာတဲ့အတွက် ရဲတို့၊ ထောက်လှမ်းရေးတို့ကလည်း မြန်မာဆိုရင် သတိထားလာတာတွေ ဖြစ်လာပြန်ပါတယ်။ တစ်နည်းနည်းနဲ့ ထောက်လှမ်းစုံစမ်းလာတွေ ရှိလာနေပါတယ်။ သူတို့ဘက်က ကြည့်ရင်လည်း သူ့နိုင်ငံသူ့ဥပဒေ အတိုင်းတော့ ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်က ဥပဒေမဲ့ မလုပ်မိကြဖို့ပဲ ဖြစ်ပါတယ်။

ခုလိုသူများနိုင်ငံမှာလာပြီး ဥပဒေနဲ့ ငြိတဲ့အလုပ်တွေ အဖြစ်များလာတော့ ရဲကလည်း မြန်မာအများစု ဆုံတတ်တဲ့ မြန်မာဆိုင်တို့ မြန်မာဘုန်းကြီးကျောင်းတို့လို နေရာမျိုးတွေကို စောင့်ကြည့်တာတွေ ရှိလာပါတယ်။ ဘုန်းဘုန်းကျောင်းကိုလည်း ဒီလိုရဲစခန်းကလူတွေ၊ ထောက်လှမ်းရေး ဆိုသူတွေ လာလာပြီး စုံစမ်းမေးမြန်းတာတွေ ရှိလာပါတယ်။ မြန်မာတွေ အခြေအနေ ဘယ်လိုရှိလဲ…၊ အဆင်ပြေရဲ့လား ဘာလား… စသဖြင့် သတင်းလာယူတာတွေ ရှိလာပါတယ်။ ဟိုတစ်လောကတောင် ရဲ့စခန်းက နှစ်ယောက်ရောက်လာ ပါသေးတယ်။ လမ်းကြုံလို့ ၀င်လာတဲ့ ပုံစံမျိုးနဲ့ ဟိုမေးဒီမေးပေါ့။ သူတို့အကူအညီလိုရင် အချိန်မရွေး ပြောပါဆိုတာ မျိုးလေးတွေလည်းပါတယ်။ ပြီးတော့ တစ်ယောက်က မေးသေးတယ်။ “မြန်မာလူမျိုးတွေဟာ ဖဲရိုက်၊ အရက်သောက်တာကို တော်တော်လုပ်သလား…”တဲ့။ “ဘာဖြစ်လို့လဲ”လို့ ဘုန်းဘုန်းက မေးတော့ “ဒီမှာလာပြီး ဒီလို အရက်သောက် ဖဲရိုက်တာတွေ တော်တော်လုပ်ကြတဲ့ အတွက်၊ အချင်းချင်းရန်ဖြစ်တာတို့၊ အရက်သောက်ပြီး အက်စိဒင့်ဖြစ်တာတို့ မကြမကြာ ကြားနေရလို့ပါ”လို့ ပြန်ပြောပါတယ်။ သူကြားတာတွေဟာ မှန်သင့်သလောက် မှန်ပေမယ့် သူပြောတဲ့ “မြန်မာတွေဟာ အရက်သောက် ဖဲရိုက်တာကို အရမ်းလုပ်ကြတာပဲ” ဆိုတဲ့စကားအတွက်တော့ ဘုန်းဘုန်းရင်ထဲမှာ မကောင်းလှပါဘူး။ အမျိုးကို ထိလာတာဆိုတော့ မခံနိုင်ပါဘူး။ “မြန်မာလူမျိုးတွေဟာ အဲဒီလို လူမျိုးတွေ မဟုတ်တဲ့အကြောင်း၊ အမှန်အတိုင်းပြောရင် ဒီနိုင်ငံမှာ ရောက်လာပြီးမှသာ ဒီလိုကိစ္စတွေ ဖြစ်လာကြတာ ဖြစ်ကြောင်း၊ တစ်ခါတစ်လေတော့လည်း စိတ်ဖိစီးမှုတွေကြောင့် အပျော်သဘော လုပ်မိတာ ဖြစ်နိုင်ကြောင်း၊ အမြဲလုပ်နေကြတဲ့သူတွေ မဟုတ်ကြောင်း” စသဖြင့် ပြန်ပြောဖြစ်ခဲ့ပါတယ်။

သေချာတွေးကြည့်တော့လည်း သူတို့ကတော့ သူ့နိုင်ငံ သူ့ဥပဒေအရ မေးမြန်းစုံစမ်းကြမှာ ဖြစ်ပါတယ်။ အဲဒါကို ကိုယ်ကသူတို့နဲ့ မငြိအောင် နေဖို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့ မပတ်သက်ချင်ရင် သူ့ဥပဒေနဲ့ မငြိအောင်နေဖို့ပဲ ဖြစ်ပါတယ်။ သူ့ဥပဒေတွေနဲ့ မငြိချင်ရင်တော့ ခုနပြောခဲ့တဲ့ ဓုတ်သုံးဓုတ်ကို ရှောင်ကြဖို့ပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်း ပြဿနာအဖြစ် များကြတာလည်း ဒီဓုတ်သုံးဓုတ်ကြောင့်ပဲ အဖြစ်များတာ ဖြစ်တဲ့အတွက် အဲဒါတွေကို မရှောင်လို့ကတော့ တစ်ချိန်ချိန်မှာ ငြိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ငြိလာပြီဆိုရင်တော့ ဘယ်သူမှ ကယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ ခံကြရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မဖြစ်ခင် ကြိုတင်ပြီး မဖြစ်အောင် ရှောင်ကြဖို့ပဲ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဓုတ်နဲ့အရိုက်ခံရရင် ဒုက္ခရောက်တတ်တဲ့အတွက် ဓုတ်နဲ့အရိုက်မခံရအောင် ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ကိလေသာအာရုံ ကာမဂုဏ်တွေမှာ ကြိုက်နှစ်သက်တတ်ကြပေမယ့် အလွန်အကျွံမဖြစ်အောင် သတိပြုကြဖို့ပါ။ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ လောင်းကစားလုပ်တာပဲ ဖြစ်ဖြစ်၊ မိန်းမလိုက်စားတာပဲ ဖြစ်ဖြစ် ဒီအလုပ်တွေဟာ ကောင်းတဲ့အလုပ်တွေ မဟုတ်တဲ့အတွက် မကောင်းတာကို မစမိဘဲ နေနိုင်အောင် ကြိုးစားဖို့နဲ့ စမိရင်လည်း ဖြတ်နိုင်အောင် ကြိုးစားကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုအရာမျိုးနဲ့ပဲ ဖြစ်ဖြစ် အရိုက်ခံရတယ်ဆိုရင် နာကျင်ရမှာ ဖြစ်ပေမယ့် အရိုက်ခံရတာချင်း အတူတူ တုတ်နဲ့အရိုက်ခံရတာထက် ဓုတ်နဲ့အရိုက်ခံရတာက ဘ၀မှာပိုပြီး နာကျင်စေ၊ ဒုက္ခဖြစ်စေတဲ့အတွက် ဓုတ်နဲ့အရိုက်မခံရအောင် အထူးကြိုးစားပြီး ဖြစ်နိုင်ရင် တုတ်နဲ့အရိုက်မခံရအောင်လည်း ရှောင်ကြဉ်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ အားလုံး ဓုတ်နဲ့အရိုက်ခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ..။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

No comments: