Friday, October 25, 2013

ကိုရီးယားနိုင်ငံ ဂင်ဟဲမြို့တွင် (၄) ကြိမ်မြောက် ဘုံမဟာကထိန်ပွဲကျင်းပခဲ့


 ကိုရီးယားနိုင်ငံ ဂင်ဟဲမြို့ ပြည်တော်ဦး ဓမ္မယာန သာသနာ့ရိပ်မွန်တွင် (၄) ကြိမ်မြောက် ဘုံမဟာကထိန်ပွဲကို အောက်တိုဘာလ(၂၀)ရက်နေ့က ကျင်းပခဲ့ပါသည်။
ကထိန်ပွဲသို့ ဘူဆန် ၊ ဂင်ဟဲ အနီးအနားရှိ အလုပ်လုပ်နေကြသော ရွှေမြန်မာ ညီအစ်ကိုများမှ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အလှူပွဲသို့ ဘူဆန် ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ္စ ၊ ကိုရီးယား ထေရ၀ါဒသံဃရာဇာ ထဲဂျူံးဆာ ဒိုဆောင်းဆရာတော် ၊ ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် ၊ ဘူဆန် ဆာဆန် ကင်မ်ဟဲ ဓမ္မယာနအရှင်မဏ္ဍလ တို့ ကြွရောက်ခဲ့ကြပါသည်။

အလှူပွဲကို မနက်(၁၀)နာရီတွင် စတင်ကာ ကြွရောက်လာသော ပရိသတ်များကို ဂယောင်ဒုံဂျီဂုံ ညီအစ်ကိုများမှ  ကြာဇံဟင်းခါး ၊ လက်ဘက်ရည်များဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။ နံနက် (၁၁) နာရီတွင် ဆရာတော် အရှင်သူမြတ်(၄)ပါးကို ဆွမ်းကပ်လှူကြပါသည်။

နေ့လည် (၁၂း၃၀) တွင် ဘုံကထိန် အလှူတော် မင်္ဂလာပွဲကို စတင်ကျင်းပပါသည်။ တက်ရောက်လာသော ပရိသတ်များကို သီလပေးပြီနောက် အသက်(၉၀) ကျော် ကိုရီးယား ထေရဝါဒသံဃရာဇာထဲဂျုံးဆာ ဒိုဆောင်းဆရာတော် မှ ပြောကြားရာတွင် "တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုးကွယ်တဲ့ ဘာသာတွေ အများကြီး ရှိပေမဲ့လဲ ရှေ့လျှောက် ထိပ်ပိုင်းကနေပြီး လူတကာအလေးစားခံရပြီတော့ ချုပ်ကိုင်ထားတဲ့ လမ်းညွန်နိုင်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာ ဖြစ်လာလိမ့်မယ် " လို့  မိန့်ကြားခဲ့ပါတယ်။

ထို့နောက် ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် ကတော့ " အလုပ်လုပ်လာလုပ်နေတဲ့ တကာတွေ အနေနဲ့ ရတနာမမေ့ပဲ နှင့် ငွေတွေ အမျာကြီး ရှာပြီးတော့ ကိုရီးယား ယဉ်ကျေးမှုစုံခေတ်ကြီးမှာ လာတဲ့ အတွက် ကိုရီးယားလူမျိုးများနှင့် လက်ဆက်ပြီးတော့ နေနိုင်ပါစေ ၊ မနေနိုင်တဲ့ လူတွေလဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် ပြန်နိုင်ကြပါစေ" လို့ မိန့်ကြားခဲ့ပါသည်။ ပြည်တော်ဦး ဆရာတော်ကတော့ "ကိုရီးယားမှာ မြန်မာတွေရဲ့ သမိုင်းမှတ်တိုင်တော့ စိုက်ခဲ့ချင်ပါတယ် " ဟု မိန့်ကြားခဲ့ပါသည်။

 တစ်လတစ်ကြိမ် ဗုဒ္ဓဘာသာစကားဝိုင်း ဆွေးနွေးပွဲ လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ဂင်ဟဲ ယောယောဂျောန်ဆာ ဆရာတော် ဒိုမျှော် မှ ဆန်အိပ်(၃) အိတ် နှင့် တစ်ရှုးထုပ် ကြီး (၂) ထုပ် ကိုလည်း ပြန်လည် လှူဒါန်းခဲ့ပါသည်။ထို့နောက် ဆရာတော်များကို သင်္ကန်းကပ်လှူကြပါသည်။

ယနေ့ကောက်ခံရရှိသော အလှူငွေမှာ ဂယောင်ဒုံဂျီဂုံ ညီအစ်ကိုများမှ (၂၇)သိန်း နှင့် န၀ကမ္မအလှူငွေ(၁၂)သိန်း (၂)သောင်း ၊ စုစုပေါင်းအလှူငွေ (၃၉) သိန်း(၂)သောင်း ရရှိပါသည်။ ဘူဆန် ဆရာတော်သည် ဂင်ဟဲ မြို့ ပြည်တော်ဦး ဓမ္မယာန သာသနာ့ရိပ်မွန် တည်ထောင်ထားပါသည်။ ကိုရီယားနိုင်ငံရှိ ဘူခယောင်းတက္ကသိုလ် နှင့် ချိတ်ဆက်ကာ ဓမ္မယာန သာသနာ့ရိပ်မွန်တွင် ကိုရီးယား ဘာသာစကားသင်တန်းများကို  ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။  ဘူဆန်ဆရာတော် အရှင်ပဏ္ဍိစ္စသည် ဂင်ဟဲမြို့တွင် မြန်မာပိုင် ဗုဒ္ဓသာသနာကျောင်းတော် တစ်ကျောင်းကို ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး အလှူငွေများကို စတင်ကောက်ခံနေကြောင်း သိရှိရပါသည်။

No comments: