Saturday, November 16, 2013

စကားလုံးများ၏ နောက်ကွယ်တွင်


                                    photo: Myanmar President Office Website

စာရေးသူ အထက်တန်းကျောင်းသားဘ၀က ဆယ်တန်းအောင်ရင် ဗိုလ်သင်တန်းတက်ချင်တဲ့ သူငယ်ချင်းတွေ တော်တော်များတယ်။ အဲဒီအထဲမှာ စာရေးသူလည်းပါတယ်။ ရုပ်ရှင်သွားကြည့်ရင်လည်း “သင့်ကို တပ်မတော်က အလိုရှိသည်” ဆိုတဲ့ စစ်သားစုဆောင်းရေးကြော်ငြာကို အခုထိ မျက်စိထဲမြင်ယောင်နေသေးတယ်။ အဲဒီအသက်အရွယ်နဲ့ အဲဒီအချိန်တုန်းက စစ်သားကို တော်တော်အထင်ကြီး လေးစားခဲ့ဘူးတယ်။ ငါဘာကြောင့် စစ်ဗိုလ်လုပ်ချင်တာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ဘူးတယ်။ အဖြေက“တိုင်းပြည်ကို ကာကွယ်ချင်လို့”တဲ့။အဲဒီထက်လည်းပိုမတွေးတတ်ခဲ့ဘူး။

နည်းနည်းစဉ်းစာတတ်တဲ့အရွယ် ရောက်လာတော့ စစ်သားတွေဟာ တိုင်းပြည်ကိုကာကွယ်နေတာလား အစိုးရကို(အာဏာတည်မြဲအောင်)ကာကွယ်နေတာလားဆိုတဲ့ မေးခွန်းတွေ သူငယ်ချင်းတွေကြားမှာ မေးခွန်းထုတ်တတ်လာကြပါပြီ။ အဲဒီတုန်းက ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်ကပါ။ အခုဒီအရွယ်ရောက်လာတော့ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်လာရာက (ဒါပေမဲ့ ဆရာတော်ဦးဇောတိက ပြောသလို ဘယ်လောက် သေးမွှားပါတယ်ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကိုတောင် အစအဆုံးမသိနိုင်ပါဘူး။ အကြမ်းစားချည်းသာ သိနေတာပါ။) အာဏာရှင်နိုင်ငံတွေက အစိုးရတွေရဲ့စကားတွေ၊ သူတို့ရဲ့သတင်းစာတွေကို မြင်ရ ကြားရတဲ့အခါ “အမျိုးသားရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အမျိုး ဘာသာ သာသနာ၊ သူများပြည်တွင်းရေးကို မစွက်ဖက်ရေး” စတဲ့စတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပါ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်တဲ့အခါ သကာဖုံးထားတဲ့ မစင်တုံးလိုပဲ သဘောထားနေမိတော့တယ်။ ဒီစကားလုံးတွေရဲ့ လေးနက်တဲ့အဓိပ္ပါယ်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး ကျင့်သုံးရင်သူ့နေရာနဲ့သူ ကောင်းကျိုးတွေရှိနိုင်ပေမဲ့ အဲဒီစကားလုံးတွေရဲ့ လှပခန့်ငြားမှု၊ လေးနက်ကျယ်ပြန့်မှုတွေကို (လူတွေရဲ့ သည်းခြေကြိုက်စကားတွေလို့ သိထားတော့) ခုတုံးလုပ်ပြီး အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် အသုံးချနေတာကိုတော့ ရွံပြီးရင်းရွံရင်းပဲ။

နိုဝင်္ဘာလ (၁၀) ရက်နေ့က ကမာရွတ်မြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်းက နိုင်ငံရေးပါတီတွေကို “နိုင်ငံတော်သမ္မတကြီးရဲ့မူကတော့ လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလိုဖြစ်လာတာဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေးနည်းအရ ဖြေရှင်းမယ်ဆိုတဲ့မူကို နိုင်ငံတော်သမ္မတကြီးက ဆုပ်ကိုင်ပြီးသားဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်တော့ သိပ်ကန့်သတ်ချက်မရှိပါဘူး။ နံပါတ်တစ်ကတော့ အမိမြန်မာနိုင်ငံကနေ ခွဲမထွက်ရဘူးဆိုတဲ့ အချက်တစ်ချက်၊ နံပါတ်နှစ်အချက်က နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတာတွေ မလုပ်ရဘူးဆိုတဲ့အချက်တစ်ချက်၊ ဒီနှစ်ချက်ကလွဲရင် ကျန်တာတွေ အကုန်လုံးကို ဆွေးနွေးခွင့်ရှိတယ်လို့ ပြောထားပြီးသား” လို့ဆိုသွားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ စကားလုံးတွေက လှပါတယ်။ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ကန့်သတ်ထားတဲ့ အချက်နှစ်ချက်နဲ့ ပတ်သက်လို့တော့ (မူအရ သဘောတူပေမဲ့)မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချက်နှစ်ချက်ဟာ စစ်အုပ်စု(န ၀ တ၊ န အ ဖ လက်ထက်ကတည်းက)က တောက်လျှောက် ပြောလာတဲ့ “ဒို့တာဝန် အရေးသုံးပါး” ဖြစ်နေလို့ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ အခြေခံမူများ အပိုဒ်(၆)ရဲ့ အပိုဒ်ခွဲ (က)၊ (ခ)၊ (ဂ)မှာလည်း ဒီအရေးသုံးပါးကို ပြဌာန်းထားပါတယ်။ စာရေးသူက ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပဲ သူတို့စစ်အုပ်စုကို မေးခွန်းထုတ်ချင်တာပါ။ အမိမြန်မာနိုင်ငံကနေ ခွဲမထွက်ဘူးဆိုတာကိုလည်း တိုင်းရင်းသားတွေက ပြောထားပြီးသားပါ။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာက ငါတို့လက်အောက်မှာ ငါတို့ပေးသလောက်နဲ့ ကျေနပ်ပြီး ညီညွတ်ကြလို့ ဆိုလိုရင်တော့ လုံးဝလက်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံသားမှန်ရင် တိုင်းရင်းသားလူနည်းစုထဲကဖြစ်ပါစေ(ဘယ်ဘာသာကို ကိုးကွယ်ပါစေ) နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခွင့် ရှိကိုရှိရပါမယ်။

နောက်တစ်ခုက (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့) အချုပ်အခြာအာဏာကိစ္စပါ။ ၁၈၈၅ ခုနှစ်မှာ သီပေါမင်းပါတော်မူပြီးတဲ့နောက် မြန်မာတစ်နိုင်ငံလုံးရဲ့ အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ (စကားချပ်။ စာရေးသူကတော့ ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးအုပ်ချုပ်ရင်တောင် အချုပ်အခြာအာဏာကို လူတစ်ဦးတည်း ဒါမှမဟုတ် အုပ်စုတစ်ခုတည်းကသာ မောင်ပိုင်စီးထားတဲ့ အာဏာရှင်အုပ်ချုပ်ရေးမှန်သမျှ လက်မခံနိုင်ပါဘူး။ ဒါကြောင့် အဲဒီသက်ဦးဆံပိုင် ဘုရင်စနစ်(Absolute Monarchy)ကိုလည်း လက်မခံပါဘူး။) လွတ်လပ်ရေးရတဲ့အခါ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ စနစ်မှာသာ အချုပ်အခြာအာဏာဟာ ပြည်သူကပေးအပ်တဲ့(ပြည်သူ့ဆီကဆင်းသက်တဲ့) အရာ ဖြစ်ခဲ့ဘူးပါတယ်။

ဒါပေမဲ့ ၁၉၆၂ခုနှစ် ဗိုလ်နေ၀င်းအာဏာသိမ်းတဲ့အချိန်ကစပြီး ပြည်သူတွေရဲ့ အချုပ်အခြာအာဏာဟာ စစ်အုပ်စုလက်ထဲမှာပဲ ဒီနေ့အထိရှိနေဆဲပါ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ စစ်တပ်က အာဏာထပ်သိမ်း ခဲ့ပြန်တယ်(တကယ်တော့ အာဏာကို လွှဲပေးလိုက်တာပါ)။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အချုပ်အခြာအာဏာကို စစ်အုပ်စုကသာ လက်ဝါးကြီးအုပ်( Power Monopoly)ထားတာပါ။

ဒါကြောင့် သမ္မတရဲ့ အချုပ်အခြာအာဏာကို မထိပါးရဘူးဆိုတဲ့စကားဟာ သူတို့စစ်အုပ်စုရဲ့ အာဏာလက်ဝါးကြီးအုပ်ထားတာကို မထိပါးရဘူးလို့ဆိုလိုရင်တော့ လူတစ်ယောက်ကို အခန်းတစ်ခန်းထဲမှာ ထည့်ထားပြီး ခင်ဗျားကို ဒီအခန်းထဲမှာတော့ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ပေးတယ်။ ဒါပေမဲ့ အစားအစာနဲ့ရေကိုတော့ ခွင့်မပြုဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲလို့ ပြောပါရစေ။

သက်နိုင် (၁၆. ၁၁. ၂၀၁၃)

No comments: