Sunday, February 9, 2014

ကျနော်ရေလည်တင်းတဲ့နေ့

ရေးသားသူ — စိုးမိုးသူ

အမည်မသိ ဖုန်းကောလ်တခုဝင်လာတယ်
ကောင်လေးတယောက် အသံတုန်တုန်ယင်ယင်နဲ့ အကို ကျနော် ပါးရိုက်ခံရလို့တဲ့။
အလုပ်ထဲမှာ စကားနားမလည်လို့ သူခိုင်းတာ ပြောတာ နားမလည် လိုက်မလုပ်ရမလားဆိုပြီး
ပါးကိုရိုက်တာ၊ ပြီးတော့ ရုံးခန်းကို ဂုတ်ဆွဲခေါ်သွားပြီး ရုံးခန်းတံခါးရှေ့မှာ ပါးထပ်ရိုက်တယ်တဲ့။ရုံးခန်းရှေ့မှာ စီစီတီဗွီလည်းရှိပါတယ်။

ဒေါသတွေ နာကြင်မှုတွေ မခံမရပ်နိုင်မှုတွေ ကြေကွဲမှုတွေ
အကုန် ရောယှက်နေတဲ့ ကောင်လေးရဲ့ အသံကတုန်ကယင်ကို ကြားလိုက်ရတော့
ကျနော်လည်း ရေလည် တင်းသွားတယ်။ ဒါနဲ့ လုပ်လက်စ စာရင်းတွေ ခဏချထားပြီး အကြောင်းရင်းကို မေးလိုက်တယ်။


ရဲစခန်းထိ သွားတိုင်ပြီးပြီတဲ့။
ရဲစခန်းက ဟိုလိုလို ဒီလိုလိုလုပ်ပြီး ပြန်လွှတ်လိုက်တယ်တဲ့။
ရဲဌာနမှာ ဖုန်းနဲ့ မြန်မာစကားပြန်(၀၀၀)ကို အကူညီတောင်းတာလည်း ကျေလည်အောင် မဖြေရှင်းပေးလိုက်တဲ့ပုံပဲ။

ဒါနဲ့ သူ့ကို ရဲစခန်းပြန်သွားခိုင်းပြီး ကျနော့်ဆီဖုန်းဆက်ခိုင်းလိုက်တယ်။

ရဲစခန်းရောက်တော့ သူ့ဆီက ဖုန်းလာတယ်။
ရဲနဲ့ကျနော့် ဖုန်းစကားပြောရတယ်။
ကျနော်ကမေးလိုက်တယ်။

ကျနော်။ ပါးရိုက်ခံရလို့ ရဲစခန်းအမှုလာဖွင့်တာ အမှုလက်ခံထားပါသလား။

ရဲ။ အာ သူက ရောက်တာသိပ်မကြာသေးတော့ စကားကလည်းနားမလည်ဆိုတော့ အဖေအရွယ်ဖြစ်တဲ့ ကိုရီးယားလူမျိုးဖြစ်သူက ပြောတာနားမလည်တာကို စိတ်မရှည်ဖြစ်ပြီး တွန်းတာလို့ပြောပါတယ်။ တောင်းပန်လိုက်ပြီးလို့ ပြန်သွားတာပါ။
ဆိုပြီး
အခင်းဖြစ်ပွားတဲ့အချိန်က အကြောင်းအရာတွေကို ကျနော့်ကို အရှည်ကြီး ရှင်းပြပါတယ်။

ကျနော်။ နေပါဦး။အခုလို ဇာတ်လမ်းစုံကို ခင်ဗျားတို့က ဘယ်လိုသိလဲ။သူက ကိုရီးယားလိုမှ မတတ်တာ။

ရဲ။ ရိုက်နှက်ပါတယ်ဆိုတဲ့ ကိုရီးယားကပြောတာပါ။

ကျနော်။ အမှုဖြစ်ရင် ၂ဘက်ထွက်ဆိုတာနားထောင်ရမှာ တဘက်စကားကိုပဲနားထောင်ပြီး အမှုကိုစီရင်လို့ရလား။အခု အရိုက်ခံရသူက မကျေမလည်ဖြစ်နေတယ်လေ။ခင်ဗျားတို့က အမှုကို ပေါ့ပေါ့ဆဆလက်ခံတယ်ဆိုပြီး ရင်နာနေတယ်။

ရဲ။ မဟုတ်ရပါဘူး။သူကစကားမပြောတတ်လို့ပါ။

ကျနော်။ ဒါဆို စကားမပြောတတ်တဲ့သူကို စကားနဲ့ အမှုစစ်မယ့်အစား တခြားနည်းနဲ့စစ်ပေါ့။စီစီတီဗွီကို ပြန်ကြည့်ရင်ရတာပဲ။ဒီမှာထိုင်နေပြီး စကားပြောတတ်တဲ့သူရဲ့ စကားကိုပဲ မှတ်တမ်းယူ၊ မပြောတတ်တဲ့ အရိုက်ခံရသူကို မပြောတတ်လို့ဆိုပြီး ဒီအတိုင်းပစ်ထားလို့ရမလား။

ရဲ။ အခုဟာက ရိုက်နှက်ခြင်း အဆင့်ထိ မဟုတ်ဘူးလေ။ တယောက်နဲ့တယောက် စကားနားမလည်လို့ အားနဲ့တွန်းတာလို့ပြောပါတယ်။

ကျနော်။အင်၊ ရိုက်နှက်ခြင်းဆိုတာ ကိုယ်ထိလက်ရောက်မဟုတ်ပဲ လူရှေ့ ခဲလုံးပြစ်တာကအစ ရိုက်နှက်ခြင်းလို့ ဥပဒေထဲမှာပါတယ်။
ခုဟာက ပါးရိုက်ခံရတာလေ။
ပုဒ်မ၁၂၅အရ ဒါ ကိုယ်ထိလက်ရောက်ထိုးကြိတ်ခံရခြင်းဖြစ်တယ်၊
ထောင်ဒဏ်၂နှစ်နဲ့ငွေဒဏ်သိန်း၅၀ကျခံရမယ့် အမှုကို အခုလို ခံရသူအတွက် ဘာမှ စီစဉ်ပေးခြင်းမရှိတာ မကောင်းဘူးထင်တယ်။

ရဲ။ အဲ့ဒီလိုမဟုတ်ပါဘူး။သူ့အတွက် ဘာသာပြန်ပေးမယ့်သူက မရှိလို့ပါ။ဘာသာပြန်မယ့်သူရှိရင် သူထွက်ဆိုတာတွေကို အသေးစိတ် မှတ်တမ်းတင်မှာပါ။ ကျနော်တို့က ရဲဌာနသေးဆိုတော့ တခြားဌာနတွေလို နိုင်ငံခြားသားအတွက် အမှုစစ်ဌာနကလည်းမရှိတော့ အခုလိုအခြေအနေမျိုးဆိုရင် ဘာသာပြန်သူမရှိလို့ ဖြေရှင်းရတာအခက်တွေ့လေ့ရှိပါတယ်။
သူ့ကိုလည်း ဘာသာပြန်တဲ့သူ ခေါ်လာပါလို့ပြောထားပါတယ်။
ကျနော်တို့က ကိုရီးယားလူမျိုး၊နိုင်ငံခြားသားဆိုပြီး ခွဲခြားမဆက်ဆံပါဘူး။

ကျနော်။ မခွဲခြားဘူးဆိုတာပဲဖြစ်ရမှာပေါ့။
ဒါပေမယ့် ဘာသာပြန်သူမရှိ၊ နိုင်ငံခြားသားအတွက်ဌာနမရှိ၊ဌာနကသေးတာက ခင်ဗျားတို့ ကိစ္စလေ၊
ခင်ဗျားတို့ မပြည့်စုံတာနဲ့ပဲ နစ်နာသူကို အကူညီမပေးနိုင်ဘူးဆိုတာက လုံးဝ မဖြစ်သင့်ဘူး။ဘာသာပြန်သူကို ခေါ်လာခိုင်းပြီး ခေါ်လာတဲ့အထိ ထိုင်စောင့်နေတာထက်
ခင်ဗျားတို့ကိုယ်တိုင် ဘာသာပြန်သူကို ရှာဖွေလို့ကောမဖြစ်ဘူးလား၊
ဘယ်လိုခေါ်ရမလဲ မသိရင်ပြောပြမယ်
လုပ်သားအင်အားဖြည့်ဆီးရေးဌာန(산업인력공단)ကိုဖုန်းဆက်ပြီး ဘာသာပြန်သူကို လွှတ်ခိုင်းပါ။အဲ့ဒီဌာနက ဘာသာပြန်သူတွေကို အခကြေးငွေပေးပြီး ခုလို ကိစ္စတွေအတွက် ခေါ်ယူဖြေရှင်းခိုင်းလေ့ရှိတယ်။

ရဲ။ အော် ဟုတ်လား၊ဒါဆို ကျနော်တို့လည်း ကြိုးစားကြည့်မယ်၊သူ့ကိုလည်း ဘာသာပြန်သူနဲ့အတူ ထပ်လာပါ၊အမှုကို အသေးစိတ်စစ်ပေးပါ့မယ်လို ပြောပေးပါ။ပြီးတော့ အမှုမှန်တယ်ဆိုရင် အပြစ်ဒဏ်ခံစေချင်လားဆိုတာပါ မေးပေးပါ။

ဆိုပြီး ကောင်လေးကို ဖုန်းလွှဲပေးပါတယ်။

ကျနော်။ ကဲညီ ဒီပိတ်ရက်မှာ မင်းကို ဘာသာပြန်ကူညီပေးနိုင်မယ့်သူကို ကြိုးစားရှာပြီး တနင်္လာနေ့ ရဲစခန်းကို ပြန်သွားပြီး အမှုကို အသေးစိတ် ထွက်ဆိုပါ။ပြီးရင် နိုဒုန်ဘူသွားပြီး အမှုဖြစ်လို့ အလုပ်ထွက်မယ်လို့ပြော၊ နိုဒုန်ဘူက စုံစမ်းမယ်ပြောရင် ရဲဌာနကိုဖုန်းထိုးပေး၊ အကို့ဆီလည်းဖုန်းထိုးပေး။ပြီးတော့ မင်းကိုရိုက်သူကို ဘယ်လိုဖြစ်စေချင်လဲ၊ဥပဒေအရ ထောင်၂နှစ်၊ငွေဒဏ် သိန်း၅၀ပဲ၊

ကောင်လေး။ လူလူချင်းကိုယ်ချင်းစာတဲ့အနေနဲ့ အဲ့ဒီလောက်ကြီးတော့ ပြစ်ဒဏ်မခံစေချင်ပါဘူးအကိုရာ၊ နောက်ဒီလိုမျိုးမလုပ်ပါဘူးဆိုတဲ့ ကတိဝန်ခံချက်ပေးရင် ရပါပြီ။အလုပ်ကတော့ ထွက်မယ်။သူနဲ့အတူ အလုပ်လုပ်ရတာမို့ ဆက်လုပ်ဖို့ အဆင်မပြေတော့ဘူး။သူက ကျနော်ရောက်စကလည်း နိုင်ငံခြားသားအလုပ်သမားကို ဆောင့်ကန်ဖူးတယ်၊ခု ကျနော့်အလှည့်ကျတာပေါ့။

ကျနော်။ ဟုတ်ပြီလေ။ညီလေး ဆန္ဒအတိုင်းဖြစ်ရပါစေမယ်။စိတ်ဓာတ်မကျပါနဲ့။တနင်္လာနေ့ အားလုံး အဆင်ပြေအောင် ရဲရဲဝင့်ဝင့်နဲ့ ရင်ဆိုင်ဖြေရှင်းပါ။အကို့ဆီလည်း ဖုန်းထိုးပေးပါ။

ကောင်လေး။ ဟုတ်ကဲ့အကို ကျနော် အဆုံးထိ ဆက်လုပ်ပါ့မယ်။

2014-02-08 ရေလည်တင်းတဲ့နေ့

No comments: