Sunday, April 13, 2014

ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြဌာန်းသည့် ထွဲဂျိဂွန်ဥပဒေသစ်အား ကန့်ကွက်ပါသည်။

ရေးသားသူ — စိုးမိုးသူ

အလုပ်သမားဥပဒေအား ချိုးဖောက်သည့် ထွဲဂျိဂွန်ဥပဒေသစ်ဖျက်သိမ်းရေး အရေးပေါ်ကော်မတီ၏ ထုတ်ပြန်ချက်ဖြစ်သည်။
(ကော်မတီတွင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားလူ့အခွင့်ရေးဆိုင်ရာ NGOများ၊ ရှေ့နေများ ပူးပေါင်းပါဝင်ထားပြီး ဥပဒေကျင့်သုံးမည့် ၇လ ၂၉ထိ ကန့်ကွက်သည့် လှုပ်ရှားမှုများအား အဆင့်လိုက် ပြုလုပ်သွားရန် ရည်ရွယ်ဖွဲ့စည်းထားသည်)

၁။ 2014.1.28တွင် ပြဌာန်းခဲ့တဲ့ နိုင်ငံခြားသားအလုပ်သမားအသံးပြုခြင်းဆိုင်ရာဥပဒေအောက်တွင် ပြုပြင်မွန်းမံလိုက်သော ဥပဒေအချို့အား လာမယ့် 2014.7.29တွင် ကျင့်သုံးတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ဥပဒေများအနက် နိုင်ငံမှထွက်ခွာသည့်အခါ ရရှိသည့် အာမခံကြေးဖြစ်သည့် လုပ်သက်ခံစားခွင့်(ထွဲဂျိဂွန်ဟု ဆက်လက်အသုံးပြုရေးသွားမည်) လက်ခံရရှိမည့် ကာလအား နိုင်ငံမှ ထွက်ခွာပြီးနောက် ၁၄ရက်အတွင်း ရရှိမည်ဟု ပါရှိသည်။

ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂမှ တင်သွင်းမေးမြန်းခဲ့တဲ့ မေးခွန်းများကို ဖြေဆိုသည့် အလုပ်သမားဝန်ကြီးဌာန၏ ရှင်းလင်းချက်များကိုကြည့်သည့်အခါ နိုင်ငံခြားသားအလုပ်သမားများသည် ကိုရီးယားနိုင်ငံတွင်း လုပ်သက်ပြည့်ပြီး ထွက်ခွာသည့် နေ့မှစပြီး ၁၄ရက်အတွင်း အာမခံဌာနမှတဆင့် အာမခံကြေးများကို လက်ခံရရှိနိုင်သည်ဟု ပါရှိသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားသည် လုပ်ငန်းခွင်ပြောင်းရွှေ့သည့်အခါ အလုပ်ရှင်ဟောင်းနှင့် အလုပ်ရှင်သစ်သည် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားအတွက် ထွဲဂျိဂွန်အာမခံကြေးအား ဆက်လက်ပြီး ထည့်သွင်းထားရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားသည် ထိုသို့ စုဆောင်းထားသည့် ငွေများအား နိုင်ငံတွင်းမှ ထွက်ခွာသည့်အခါ (ထွက်ခွာပြီး၁၄ရက်အတွင်း )လက်ခံ ရရှိနိုင်သည်ဟုဆိုသည်။ ထို့ပြင် လုပ်ငန်းပြောင်းရွှေ့ခြင်းကြောင့် ယခင် အလုပ်ရှင်ထံမှ ရရှိရမည့် ထွဲဂျိဂွန်သည် အာမခံဌာနမှ ပေးသည့် ပမာဏထက် များနေပါက ခြားနားသည့် ပမာဏအား ယခင် အလုပ်ရှင်ထံမှ လက်ခံ ရယူနိုင်သည်ဟုဆိုထားသည်။

၂။ ထွဲဂျိဂွန်ဟူသည် အခြေခံလစာပေါ် မူတည်တွက်ချက်ပြီး အာမခံဌာနတွင် အချိုးကျ ပေးဆောင်ရသည်ဖြစ်သည်။ အလုပ်မှ ထွက်သည့်အခါ ရရှိသည့် ထွဲဂျိဂွန်သည် အာမခံဌာနမှ ရရှိရမည့် ပမာဏထက် အမြဲများလေ့ရှိသည်။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများသည်  အာမခံဌာနမှ ရသည့်ငွေထက် ခြားနားသည့် ထွဲဂျိဂွန်ငွေ ပမာဏအား အလုပ်ရှင်ထံမှ ထပ်မံ တောင်းဆိုရယူလာခဲ့ကြသည်။

သို့သော်

ယခုပြဌာန်းလိုက်သည့် ဥပဒေအရ နိုင်ငံတွင်းမှ ထွက်ခွာသည့်အခါမှသာ ထွဲဂျိဂွန်အား ရယူနိုင်သည့်အတွက် ယခင်လုပ်ငန်းရှင်ထံမှ ထပ်မံ ရရှိရမည့် ခြားနားသည့် ငွေပမာဏအား တောင်းဆိုရန် နည်းလမ်းမရှိချေ။ နိုင်ငံတွင်းမှ ထွက်ခွာပြီးနောက်မှ လုပ်ငန်းရှင်ထံမှ ခြားနားသည့် ငွေပမာဏကို တောင်းဆိုဖို့ဆိုသည်ကား လက်တွေ့တွင် မဖြစ်နိုင်ချေ။ထိုသို့ဖြစ်လျှင် ရွှေ့ပြောင်းအလုပ်သမားအတွက် ထွဲဂျိဂွန် ရယူနိုင်မည့် ဖြစ်နိုင်ချေ လျော့နည်းလာခြင်းနှင့် အမှန်တကယ် ရရှိရမည့် ငွေကြေးပမာဏထက် လျော့ပြီး ရဖို့သာရှိသည်။

ထို့ပြင် လုပ်ငန်းခွင်ပြောင်းရွှေ့ထားသည့် အလုပ်သမားသည် ထွဲဂျိဂွန်များအား လုပ်ကိုင်ခွင့်ကာလ အများဆုံးဖြစ်သည့် ၄နှစ် ၁၀လပြည့်ပြီးနောက် နိုင်ငံတွင်းမှ ထွက်ခွာသည့်နေ့တွင်သာ လက်ခံရယူရမည်ဟု ဆိုထားပြီး ယခင် လုပ်ငန်းခွင် အသီးသီးထံမှ ရရှိရမည့် ခြားနားသည့် ထွဲဂျိဂွန်ငွေပမာဏများကိုသာ လုပ်ငန်းရှင်များထံမှ တောင်းဆိုရယူရမည်ဟုဆိုသည်မှာလည်း လက်တွေ့တွင် မဖြစ်နိုင်ချေ။

အလုပ်ထွက်သည့်အခါတိုင်း ရရှိရမည့် ထွဲဂျိဂွန်ပမာဏအား အတိအကျ အပြီးအစီး တွက်ချက်ထားရှိရန် လိုအပ်ပြီး ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် ငွေကြေးဆုံးရှုံးမည် စိုးရိမ်ကြသောကြောင့် အလုပ်ပြောင်းရွှေ့သည့် ကာလအတွင်း မိမိတို့ ထွဲဂျိဂွန်အား တောင်းဆိုရယူလေ့ရှိကြသည်။ ထို့ကြောင့် ယခုဥပဒေပါ ပြဌာန်းထားသည့် လုပ်ငန်းခွင်ပြောင်းရွှေ့သည့်အခါတိုင်း ရရှိရမည့် ထွဲဂျိဂွန် အာမခံငွေအကုန်လုံးအား လက်ခံ ရယူခွင့် မပေးပဲ ခြားနားသည့် ပမာဏကိုသာ လုပ်ငန်းရှင်ထံမှ တောင်းယူရမည်ဆိုသည်မှာ လက်တွေ့မှာ မဖြစ်နိုင်ချေ။

၃။ အလုပ်သမားဝန်ကြီးဌာနသည် လုပ်ငန်းခွင်ပြောင်းရွှေ့သည့်အခါတိုင်း ထွဲဂျိဂွန်ကို ရယူသည်ထက် ငွေအားလုံးကို စုဆောင်းထားပြီး နိုင်ငံမှ ထွက်ခွာသည့်အခါမှသာ လက်ခံယူခြင်းဖြင့် ငွေကြေးအမြောက်အမြားကို ရယူနိုင်ပြီး အမိနိုင်ငံတွင်လည်း အရင်းအနှီးအဖြစ် အသုံးပြုနိုင်မည့် ထောက်ကူမှုအား ရရှိမည်ဟုဆိုသည်။

ထို့ပြင် ထွဲဂျိဂွန်အား ထုတ်ယူပြီးနောက် နိုင်ငံတွင်းမှ မထွက်ခွာပဲနေသည့် အတွက် တရားမ၀င်နေထိုင်သူများဖြစ်ပွားနေရသည့်အတွက် ယင်းပြသနာအား ဖြစ်ပြီးမှ လိုက်လံဖမ်းဆီးနှင်ထုတ်တာထက် မဖြစ်ခင်ကြိုတင်တားဆီးသည်က ပိုသင့်လျော်သည်ဟု ပြောဆိုထားသည်။

  အလုပ်သမားဥပဒေ အပိုဒ်၃၆တွင် အလုပ်သမားသည် အလုပ်ထွက်ပြီး ၁၄ရက်အတွင်း ထွဲဂျိဂွန်အား လက်ခံရယူနိုင်သည်ဟုပါရှိသော်လည်း ဥပဒေသစ်သည် အလုပ်သမားဥပဒေပါ ထွဲဂျိဂွန်လက်ခံရယူနိုင်သည့် ကာလအား ဆန့်ကျင်ပြီး သတ်မှတ်ထားသည်။ အလုပ်သမားဝန်ကြီးဌာနသည် ဥပဒေသစ်အား ပြဌာန်းရသည့် ရည်ရွယ်ချက်အား ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားဘ၀ဖူလှုံရေးအတွက် ရည်စူးသည်ဟု ဆိုထားသော်လည်း အမှန်တော့ တရားမ၀င်နေထိုင်သူ ဖြစ်ပွားမှု တားဆီးရေးအတွက် ရည်ရွယ်ခြင်းပင်ဖြစ်သည်။ သို့သော် ယင်းဥပဒေသည် တရားမ၀င်နေထိုင်သူပြသနာနှင့် ထွဲဂျိဂွန်ပေးခြင်း ထို၂ခု မည်သို့မှ ဆက်စပ်မှုမရှိသည်ကို အတင်း ချိတ်ဆက်ထားခြင်းပင်ဖြစ်သည်။

၎။ ထွဲဂျိဂွန်ဟူသည် လစာခံစားခွင့်တွင် အကျုံးဝင်သည်။ လုပ်အားခအား တောင်းဆိုပိုင်ခွင့်သည် ကိုရီးယားပြည်သူများ၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သလို ကိုရီးယားနိုင်ငံတွင်း နေထိုင်သူ အားလုံး၏ လူ့အခွင့်အရေးပင်ဖြစ်သည်။

တရားမ၀င်နေထိုင်သူ တားဆီးရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်လာစေရေး၊ လူဝင်မှုကြီးကြပ်ရေးစနစ်များ မျှတစွာလည်ပတ်စေခြင်းမှ တဆင့် ဖြေရှင်းပေးရမည်ဖြစ်ပြီး ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်အားခအား ခေါင်းပုံဖြတ်ခြင်းဖြင့် ဖြေရှင်းရန်ကြိုးစားခြင်းအား မလုပ်သင့်ပေ။ ယင်းသို့ပြုလုပ်ခြင်းသည် ရွှေ့ပြောင်းအလုပ်သမားများ၏ ပိုင်ဆိုင်ခွင့်နှင့် လူလူချင်းလေးစား တန်ဖိုးထားခြင်းအား ချိုးဖောက်ခြင်းလည်းဖြစ်ပြီး အီးနိုင်းအလုပ်သမားများအား အခြားအလုပ်သမားများ၊ ကိုရီးယားအလုပ်သမားများနှင့် ခွဲခြားဆက်ဆံခြင်းလည်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဥပဒေသစ်သည် အတင်းအဓမ္မပြုသည့် ဥပဒေတရပ်သာဖြစ်သည်။ ယင်းဥပဒေသစ်အား ပြဌာန်းရန် မပြုသင့်။
 

No comments: