Monday, April 28, 2014

မနှစ်ကတယောက် ဒီနှစ်အယောက်၂၀ (ကမ္ဘာ့အလုပ်သမားနေ့အကြိုရွှေ့ပြောင်းအလုပ်သမားဆန္ဒပြပွဲ မှတ်တမ်းဆောင်းပါး)

ရေးသားသူ — စိုးမိုးသူ



ဆန္ဒပြပွဲလာရွှေမြန်မာများ








 








 ဒီနေ့ ဆန္ဒပြပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်လို့ တောင်းပန်သူတွေ
မလာဖြစ်တာ ရှက်မိလို့ဆိုပြီး တောင်းပန်သူတွေရဲ့ စာတွေ၊ မက်ဆေ့ခ်ျတွေကို လက်ခံရရှိနေပါတယ်။

ခုလို တာဝန်တခု ထမ်းဆောင်ရမှာ လက်လွှတ်သွားမိတဲ့အတွက် ရိုးသားစွာ ၀န်ခံတတ်တဲ့ ရွှေညီအကိုတွေကို တွေ့ရတော့ အလုပ်လုပ်နေရင်းကြားကနေ ဆန္ဒပြပွဲအတွက် တပတ်လုံး ညနက်အထိ ပြင်ဆင်ခဲ့ရလို့ လူပင်ပန်းခဲ့ပေမယ့် စိတ်ပင်ပန်းတာတော့ သက်သာရာရရပါတယ်။

ဒီတော့ ကိုယ့်အခွင့်အရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတိုင်းမှာ မြန်မာအင်အားနည်းပါးရတဲ့အပေါ် ပြန်လည်သုံးသတ်ကြည့်မိပါတယ်။ ကျနော့်ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သုံးသတ်တာမို့ လွဲရင်လည်း လွဲနိုင်ပေမယ့် မြန်မာအလုပ်သမားထု ကောင်းစားရေးကို ရှေ့ရှုပြီး တည့်တည့်ပဲ ဝေဖန်ပါမယ်။

ကျနော်တို့တွေ အခုလို ဖာသိဖာသာ နေတတ်သလို နေလိုကြတာ
၁။ ကျနော်တို့ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့
၂။ အဆိုပါ ပတ်ဝန်းကျင်ရဲ့ အရိပ်အောက်က ရရှိခဲ့တဲ့ စိတ်ဓာတ်များကြောင့်လို့ မြင်ပါတယ်။

၁။ ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်
ဆိုတာကတော့ ကျနော်တို့ တိုင်းပြည်ဟာ နှစ်၅၀လောက်စစ်အာဏာရှင် လက်အောက်မှာ ကြောက်ရွံ့စိတ်တွေရဲ့ ကြီးစိုးမှုကို အလူးအလဲခံခဲ့ရပါတယ်။

အာဏာရှင်မကြိုက်တဲ့ အစိုးရ မကြိုက်တဲ့ ဆန့်ကျင်မှုမျိုးကို လုပ်မယ်ဆိုရင် ဘ၀ကိုပါ ပေးဆပ်ရတဲ့အတွက် လူတိုင်း အနည်းနဲ့အများ အစိုးရကို မဆန့်ကျင်ရဲတဲ့ ကြောက်စိတ်များက လွှမ်းမိုးနေပါတယ်။

ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ကိုရီယားကို ရောက်တာတောင် အဲ့ဒီကြောက်ရွံ့စိုးရိမ်စိတ်က ကြီးစိုးနေတဲ့အတွက် ရင်ထဲက မကျေနပ်မှုကို ရင်ထဲမှာပဲ အံကြိတ်ပိတ်လှောင်ထားတတ်တဲ့ ကျင့်သားရမှုတွေကြောင့်လို့မြင်ပါတယ်။
သို့သော် မြန်မာတိုင်းတော့ မဟုတ်ပါ။
ကမ္ဘာကတောင် ချီးမွမ်းရလောက်အောင် သတ္တိပြောင်သူ စွန့်ဝံ့သူတွေလည်း အများကြီး ရှိကြတာမို့ ဖြေသိမ့်မယ်ဆိုလည်း ဖြေသိမ့်စရာကတော့ ရှိနေသေးပါတယ်။

၂။ အဆိုပါ ပတ်ဝန်းကျင်ရဲ့ အရိပ်အောက်က စိတ်ဓာတ်များ
ဆိုတာကတော့ ကြောက်ရွံ့မှုအောက်မှာ နေခဲ့ရတဲ့အတွက် မိမိကိုယ်ကျိုးစွန့်ကာ အနစ်နာခံပြီး အများနည်းတူ ချွေးတပေါက်စီ အကျခံ၍ တာဝန်တခုကို ထမ်းဆောင်မယ်ဆိုတဲ့ အထိ စိတ်ဓာတ်များ မကြီးထွားသေးလို့လို့မြင်ပါတယ်။

ကိုရီးယားလူငယ်တယောက်ကပြောဖူးပါတယ်။
ကားပေါ် ရထားပေါ်မှာ လူငယ်တွေက သက်ကြီးရွယ်အိုတွေအတွက် နေရာ ထမပေးတာက ခုခေတ်က အလုပ်အများကြီးလုပ်မှ တန်ကာကျတယ်၊
ဒါကြောင့် လူငယ်တွေက အလုပ်တွေ အရမ်းလုပ် ရုန်းကန်နေရလို့ ပင်ပန်းနေကြတာဆိုတော့ ခုလို ထိုင်ခုံရနေတဲ့အချိန်လေးမှာပဲ ခေတ္တ အပန်းဖြေခွင့်ရကြရတာမို့ သက်ကြီးရွယ်အိုတွေကို နေရာဖယ်မပေးနိုင်တော့တာတဲ့။

အင်း ရုတ်တရက် နားထောင်ကြည့်ရင် သူ့ဆင်ခြေက ဟုတ်သလိုလို။

ဒါပေမယ့် ကျနော်မြင်တာကတော့ လူတိုင်းမှာ တာဝန်သိတတ်ခြင်းဆိုတဲ့အပေါ် လက်ခံထားမှု အတိမ်အနက်ကွာခြားမှုရှိတာကြောင့်လို့ မြင်ပါတယ်။
ကလေးအတွေးပဲ တွေးကြည့်ရအောင်။
အကယ်၍ ယနေ့ဆန္ဒပြပွဲမှာ မိမိ မရသေးတဲ့ လစာတွေကို ပြန်ပေးမယ်ဆိုရင် ကျနော်တို့ ဒီနေ့ပွဲမှာ ရွှေအင်အား ဘယ်လောက်တက်ရောက်မယ်ထင်ပါသလဲ။

ဒါပေမယ့် ယနေ့ နေရာဟာ လစာတွေ အခွင့်အရေးတွေကို အမှန်အတိုင်း ရရှိဖို့ အတူတကွ တောင်းဆိုကြတဲ့ နေရာဖြစ်တာမို့ တက်ရောက်သူ ရွှေအင်အားက နောက်ဆုံးမှာဖြစ်ပါတယ်။
သူများအတွက်လည်း မဟုတ် မိမိနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အလုပ်ဖြစ်တာတောင်မှ သွေးအေးအေးလေးနဲ့ နှပ်နေရက်ကြပါတယ်။
ဒါဟာ သူများတွေ ချွေးနဲ့ရင်းပြီး လုပ်လို့ ရတဲ့ အခွင့်အရေးကို အသာတကြည်လေး ရယူခံစားမယ်ဆိုတဲ့ အချောင်လိုချင်တဲ့ စိတ်ဓာတ်ကြီးစိုးမှုပါပဲ။
ဒီ စိတ်ဓာတ်ဟာလည်း အနာမခံပဲ အသာစံလိုတဲ့ စိတ်ဓာတ်၊
တနည်းအားဖြင့် ကျနော်တို့ မကြိုက်တဲ့ အာဏာရှင်တွေရဲ့ အားထုတ်မှုမရှိ အချောင်ကြီးပွားလိုတဲ့ စိတ်ဓာတ်ကို အတုခိုးမိတာပဲလို့ ယူဆပါတယ်။

နောက်ဆုံးအချက်ကတော့
ကိုရီးယားမှာရှိတဲ့ မြန်မာအသင်းအဖွဲ့တွေရဲ့ အလုပ်သမားရေးအတွက် အားထုတ်မှု အားနည်းခြင်းကြောင့်ပဲလို့ မြင်ပါတယ်။

ကိုရီးယားမှာ မြန်မာအသင်းအဖွဲ့တွေ ၃၀ထက်မနည်း ရှိကြပါတယ်။
ပုံသဏ္ဍာန်ကလည်း စုံကြပါတယ်။ နိုင်ငံရေး ဘာသာရေး လူမှုရေး မိမိတို့ ဒေသရေး ရပ်ရေး ရွာရေး စုံမှစုံ။ အဖွဲ့တွေအနေနဲ့ မိမိတို့ ကဏ္ဍရေးရာများမှာလည်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေကြပါတယ်။

သို့သော်
အလုပ်သမားအခွင့်အရေးအတွက် လှုပ်ရှားမှုမှာတော့ လုံးဝ ဦးစီးဆောင်ရွက်ခြင်း မရှိသလောက်ပါပဲ။
ကိုယ့်အသင်းအဖွဲ့ လုပ်ငန်းဆောင်တာ ကိစ္စတွေ လှုပ်ရှားမှုတွေနဲ့ပဲ အချိန်တွေပြည့်နေကြပါတယ်။ အချို့အဖွဲ့အစည်းများကလည်း အလုပ်သမားကိစ္စကို နိုင်သလောက် ဖြေရှင်းပေးနေကြပေမယ့် အခုလို အင်အားစုများ အားလုံး ညီညွတ်စွာ ပူးပေါင်းပြီး စနစ်ကြီး တခုလုံး ပြုပြင်ရေးဘက်မှာတော့ အားစိုက်မှုနည်းလွန်းလှပါတယ်။

အလုပ်ကတဘက် မိမိ မိခင် အသင်းအဖွဲ့ကိစ္စက တဘက်ဆိုတော့ ကျန်ကိစ္စတွေမှာ အားနည်းကြရတာ သဘာဝကျတယ်လို့ ဖြေသိမ့်လို့ရပါတယ်။

သို့သော်
ယနေ့ တက်ရောက်လာကြတဲ့ နိုင်ငံပေါင်းစုံက အဖွဲ့အစည်းတွေကလည်း ကျနော်တို့လို့ အချိန်ဆင်းရဲသား ပရဟိတသမားတွေပါပဲ။
သူတို့ကျတော့ ဘာကြောင့် ဒီ အလုပ်သမားရေးအပိုင်းမှာ အားဖြည့်ဖို့ ကြိုးစားကြပါသလဲ။

အခြားအဖွဲ့များ နည်းတူ မအားမလပ်တဲ့ကြားက အလုပ်သမားအရေးမှာ မဖြစ်မနေ ပူးပေါင်း ပါဝင်ကြတဲ့ သူတို့ရဲ့ ခံယူချက်က
အလုပ်သမားတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့
လုပ်ငန်းခွင် သာယာဝပြောရေး၊ လုပ်ခများ ပြည့်ဝစွာ ရရှိရေးမှတဆင့်
အသင်းအဖွဲ့များရဲ့ ရည်ရွယ်ချက်ကို အထမြောက်စေမယ့် အင်အားတွေကို အများအပြား ရရှိစေတယ်လို့ တွေးမြင်ကြလို့ပဲဖြစ်ပါတယ်။
အလှူငွေ ရံပုံငွေက အိတ်ကပ်ထဲကလာတာမဟုတ်
အလုပ်သမားအခွင့်အရေးပြည့်ဝစွာ ရရှိရေးက လာတာလို့ မြင်ကြလို့ပါ။

အကယ်၍ ဒီက မြန်မာ အသင်းအဖွဲ့များက အခုလို ရက်ကြီး နေ့ကြီး ပွဲကြီးတွေလောက်တော့ မြန်မာများ ပူးပေါင်းပါဝင်နိုင်အောင် ဦးဆောင်ပေးကြမယ်ဆိုရင် ကျနော်တို့ မြန်မာတွေ ကွင်းအလယ်မှာ မျက်နှာမငယ်ရတော့ဘူးပေါ့။
တသီးပုဂ္ဂလပူးပေါင်းခြင်း အဆင့်မှ နိုင်ငံကိုယ်စားပြု အသင်းအဖွဲ့ဖြင့် ပူးပေါင်းခြင်း ဖြစ်လာမယ်ဆို ကျနော်တို့ မြန်မာလူမျိုးတွေလည်း တာဝန်သိတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ညီညွတ်မှုရှိကြသူများဆိုပြီး လူပုံအလယ် ထယ်ဝါနိုင်လိ့မ်မယ်လို့ မြင်ပါတယ်။

ဒီနေ့ ပွဲလည်းပြီးကော အလုပ်သမားရေးလှုပ်ရှားသူတယောက်က
စိုးမိုးသူရေ၊ မြန်မာတွေကို နည်းနည်း ပြောပါဦး။ဒီလိုနေရာမျိုးတွေကို တာဝန်သိသိနဲ့ လာရောက်ပူးပေါင်းကြဖို့။

ကျနော်လည်း ရုတ်တရက်ဖြေစရာ ရှာမရတာနဲ့ ဖြေမိဖြေရာဖြေလိုက်မိတယ်လေ။
သြော် သူတို့ ကိုရီးယာဘာသာ ကျူရှင်တက်နေကြလို့ပါ။
မနှစ်က တယောက်လာတယ်။
ဒီနှစ် အယောက်၂၀လာတယ်။
ဒီလောက်ဆို တော်ပြီပေါ့ဗျာ...

No comments: