Monday, May 19, 2014

သံသရာ ခရီးသွား ကလေးငယ်တစ်ဦး၏ အတွေးများ

ရေးသားသူ — ခန့်နေသူတိုး



ဒီမိုကရေစီစနစ်ကို ကြိုက်သလား .. လို့ မေးရင် မကြိုက်ဘူးလို့ ဖြေမယ် ။ ဘာကြောင့်လည်း ဆိုတော့ ဒီမိုကရေစီ စနစ်ဟာ ခြောက်ပြစ်ကင်း သဲလည်းစင် မဟုတ်သေးလို့ပဲ ။ သူ့မှာလည်း မပြည့်ဝမှုတွေ အန္တရာယ်တွေ ရှိနေသေး တယ် ။ ဥပမာအားဖြင့် ဝေသံသရာမင်းကြီးကို တိုင်းပြည်ကနေ နှင်ထုတ်ပြစ်လိုက်နိုင်ကြတာ အဲဒီ ဒီမိုကရေစီ စနစ်ကြောင့်ပဲ ဖြစ်သလို ဆရာကြီး ဆော့ကရာတေး အဆိပ်သောက်လိုက်ရတာလည်း ဒီမိုကရေစီ အများဆန္ဒကြောင့် ပဲ ဖြစ်ပြီး ကိုယ်တော်ယေရှုသခင်ကို ကားစင်မှာတင်ပြီး မီးရှို့သတ်လိုက်ကြတာလည်း ဒီမိုကရေစီကြောင့်ပဲ ဖြစ်တယ် ။ ကမ္ဘာပေါ်က ဒီမိုကရေစီ နိုင်ငံတွေမှာ နေနေကြတဲ့လူတွေကို လိုက်မေး .. ဒီမိုကရေစီ စနစ် ကောင်းသလား ကြိုက်သလားလို့ .. ဘယ်သူမှ ကောင်းတယ် ကြိုက်တယ်လို့ ပြောကြမှာ မဟုတ်ဘူး ။ ခြွင်းချက် အနေနဲ့ ပိုက်ဆံချမ်းသာတဲ့ လူတွေကတော့ ကြိုက်ချင်ကြိုက်ကြမယ် .. ကောင်းချင်ကောင်းကြမယ်ပေါ့ ။ သူတို့ကတော့ ဘာစနစ်ဖြစ်ဖြစ် ၊ ဘယ်မှာနေနေ ကောင်းတယ် ကြိုက်တယ် ပြောမှာပဲ .. ။ ဘာမှလည်း ဝေဖန်ဆန့်ကျင်တွေ မလုပ်ပဲ နှပ်နေမှာပဲ ဖြစ်တယ် ။

ကဲ .. ဒီတော့ ဒီမိုကရေစီစနစ်ကို မကြိုက်ဘူး မကောင်းဘူးလည်း ပြောသေးတယ် .. ဘာလို့ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တာလဲ .. ကိုရီးယားကို သီတဂူဆရာတော်ဘုရားကြီး ကြွလာတာကျတော့ အလုပ်ရှိလို့ မအားလို့ဆိုပြီး သွားမဖူးဘူး ၊ အန်တီစုလာတုန်းကတော့ ဆိုးလ်အထိ သွားပြီး မိန့်ခွန်းပြောတာ သွားနားထောင်တယ် ။ အဲဒါက ဘာအထာတုန်း .. လို့ မေးရင် ဒီလိုဖြေပါမယ် ။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တယ် ဆိုတာက နှိုင်းယှဉ်ချက် သဘောအရ ဖြစ်စေချင်တာ ။ အာဏာရှင်စနစ်ကို မုန်းလို့ဖြစ်ရတာ ။ စဉ်းစားကြည့်ပါလား .. ဒီမိုကရေစီ စနစ်ကိုတောင် မပြည့်ဝသေးပါဘူးလို့ ယူဆထားသူက ဘယ်လိုလုပ်ပြီး အာဏာရှင်စနစ်ကို လက်ခံလို့ရမှာလဲ ။ အာဏာရှင်ဆိုရင် အသွေးထဲ အသားထဲ အကျောထဲကကို ဆန့်ကျင်ချင်တာ ။ (သေမှာစိုးလို့သာ အခြေအနေကြည့်ပြီး ငြိမ်နေရတာ ) နောက်ဆုံး ကုန်ကုန်ပြောမယ် .. လူများက ကိုယ့်ကို အာဏာလာပေးတာ မပြောနဲ့ ကိုယ့်ကိုယ်ကို အာဏာပြန်ပေးတာ ၊ အတင်းအကျပ် ခိုင်းစေအမိန့်ပေးတာမျိုးတောင် မကြိုက်တာပါ ။ ဒါကြောင့် အီးပါတာတောင် ပါချင်လာမှ ပါတယ် ။ အတင်းအကျပ် ဘယ်တော့မှ ညှစ်မထုတ်ဘူး ။ ကိုယ်ချစ်တဲ့ ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးကို ဒီ အာဏာရှင်လက်အောက်မှာ နေနေရတာကို မြင်ရ ၊ တွေ့ရ ၊ ဘယ်လိုမှ စိတ်မချမ်းသာ နိုင်ဘူး ။ ပြီးတော့ ဒီ အာဏာရှင် လက်အောက်က လွတ်ဖို့ဆိုတာကလည်း ဒီခေတ်ကြီးမှာ ဒီမိုကရေစီ ဆိုတဲ့ ထွက်ပေါက်တစ်ခုပဲ ရှိတယ်လေ ။ နှိုင်းယှဉ်မှု အရတော့ သူက အကောင်းဆုံးဖြစ်နေတယ် ။ ဒါကြောင့် မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်တာပါ ။

ထို့အတူ အန်တီစုကို ခေါင်းဆောင်ဖြစ်စေချင်တယ် ဆိုတာကလည်း ထိုနည်းလည်းကောင်းပဲ .. အန်တီစုဟာ ရဟန္တာလောက်ကြီး အလုံးစုံ ပြည့်ဝကုန်လုံနေသူ မဟုတ်ဘူးဆိုတာကို သိပေမယ့် နှိုင်းယှဉ်မှုအရတော့ မြန်မာပြည်မှာ (မြန်မာပြည်မှ မဟုတ်ပါဘူးလေ .. ကမ္ဘာမှာလည်း တော်ရုံတန်ရုံ တော်တော်များများနဲ့တော့ လူချင်း အယှဉ်ခံနိုင်တဲ့သူပါ) လက်ရှိ သူပဲ အကောင်းဆုံး ဖြစ်နေတာမို့ လောလောဆယ်တော့ သူ့ကိုပဲ ဖြစ်စေချင်တဲ့ သဘောပါ ။ “ဦးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် တဲ့တဲ့လိုက်၏” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အမေရိကားမှာ ဘဘကြီး ဂျော့ဝါရှင်တန်ဟာ စစ်ဗိုလ်ချုပ်ကြီးပေမယ့် ကတိဟာ ကတိပဲဆိုပြီး သက်တမ်းပြည့်တော့ ရာထူးက နှုတ်ထွက်ပေးခဲ့တဲ့ လုပ်ရပ်ရဲ့ အရိပ်ဟာ အခုထက်ထိ အမေရိကန်တွေရဲ့ အသွေးထဲ ၊ အသားထဲ ၊ နှလုံးထဲမှာ စွဲနေရတုန်း ၊ ကိုးကွယ်နေရတုန်းပါ ။ မြန်မာပြည်မှာလည်း အဲလို တစ်ယောက်လောက် ဦးဆောင်နွားလား ရှိသွားစေချင်လို့ ဒေါ်စုကို သမ္မတဖြစ်စေချင်တာပါ ။ အန်တီစုက တိုင်းပြည်အတွက် ဘာလုပ်နိုင်ပေးတော့မှာလည်း .. ဘယ်လောက် လုပ်ပေးနိုင်တော့မှာလည်း .. ဘာမှ လာမမေးနဲ့ ။ အရင်တုန်းကလို သူ အရွယ်ရှိတုန်းကလောက်တော့ ဘယ်လုပ်နိုင်တော့မှာလဲ .. ဒါလောက်ကြီးတော့ သိပ်မမျှော်လင့်နဲ့တော့ ။ ဒါပေမယ့် အခုထက်ထိ သူ့လောက် အရည်အချင်းရှိသူ ၊ သူ့ထက် သာလွန်သူ မရှိသေးပါ ။ ဒါကြောင့် သူ ဘာမှ မလုပ်ပေးနိုင်လည်း ကိစ္စမရှိပါ .. ။ မြန်မာပြည် နိုင်ငံရေးလောကအတွက် .. ခေတ်အဆက်ဆက် တာဝန်ယူကြမယ့် အစိုးရတွေအတွက် .. စံပြ နမူနာယူစရာ ရုပ်ထု တစ်ခုအနေနဲ့ ချန်ထားနိုင်ရစ်ခဲ့ဖို့လောက်သာ မျှော်လင့်ပါတယ် ။

အဆုံးသတ်အနေနဲ့ သီတဂူဆရာတော်ဘုရားကြီးကိုတော့ သွားမဖူးပဲ အန်တီစုလာတာကျတော့ သွားရောက် ဂါရဝ ပြုတယ် ဆိုတာကတော့ ရုတ်တရက် အလုပ်တွေ ပြုံကျလာတဲ့ တိုက်ဆိုင်မှုတစ်ခုပါ ။ ဘာသာရေးထက် .. နိုင်ငံရေးအပေါ် ပိုမိုစိတ်အားထက်သန် စိတ်ဝင်တစားရှိတာ မှန်ပေမယ့် .. အန်တီစုကို ဆရာတော်ဘုရားကြီးထက် ပိုချစ်လို့ ၊ ပိုအလေးထားလို့ ဆိုတာမျိုးတော့ မဟုတ်ပါ ။ အန်တီစုဟာ အဖေ အသတ်ခံရတယ် ။ အရွယ်ရောက်စမှာ နိုင်ငံကနေ ဖယ်ထုတ်ခံရတယ် ။ မိသားစုတွေနဲ့ ကွဲရတယ် ။ အသက်ကို ရန်ရှာခံရတယ် ။ အားနဲရှာပါတယ် ။ ပင်ပန်းရှာပါတယ် ။ အတိုက်အခိုက် ခံရမှုတွေ များပါတယ် ။ ဘဝတစ်လျှောက်လုံးလို့တောင် ဆိုနိုင်ပါတယ် ။ ဒါကြောင့် အားပေးဖို့ ၊ သူ့လုပ်ရပ်တွေကို ထောက်ခံဖို့ လိုအပ်တယ်လို့ ယူဆလို့ မဖြစ်မနေ သွားရောက် အားပေးဂါရဝပြုတာပါ ။ သီတဂူဆရာတော် ဘုရားကြီးကတော့ ဘဝတစ်လျှောက် အဲလောက် အခက်အခဲ ရှိတော်မူခဲ့မယ် မထင်ပါ ။ တရားနဲ့ ပြည့်နေသူမို့ အားပေးစရာလည်း သိပ်လိုမယ် မထင်ပါ ။ ပြီးတော့ အခြား ညီအကိုမောင်နှမတွေလည်း အားလပ်ရက် နဲ့ တိုက်ဆိုင်လို့ အများကြီး သွားရောက် ဖူးမျှော်ကြတာမို့ ကျနော် တစ်ယောက် မသွားတာ ဘာမှ ဖြစ်မသွားနိုင်သလို အလုပ်က ခွင့်မရလို့ မသွားနိုင်မယ့် အတူတူ ဆရာတော် ဘုရားကြီး ဖြစ်စေချင်တာက ဘာလဲဆိုတာကို သိအောင်ကြိုးစားရင်း တတ်နိုင်သလောက် သူဖြစ်စေချင်တာကို လိုက်နာကျင့်ကြံ လုပ်ဆောင်နေတာက ဆရာတော်ဘုရားကြီးကို ကျေးဇူးဆပ်ရာ ရောက်မယ်လို့ ယူဆပါတယ် ။

ဆရာတော်ဘုရားကြီး ကိုရီးယားကို ကြွရောက်လာပြီး တရားဟောတော်မူနေတဲ့ အချိန်တွေမှာ ကျနော်တစ်ယောက် ဘာတွေလုပ်နေခဲ့သလဲ ဆိုတာကိုသာ နောင်တစ်ချိန် ဆရာတော်ဘုရားကြီးနဲ့ ဆုံတွေ့လို့ လျှောက်ထားဖြစ်ခဲ့မယ် ဆိုရင် ဆရာတော်ဘုရားကြီး ကျနော့် ခေါင်းကို ပုတ်ပြီး “နေသူ .. ကောင်လေး .. ဆက်လုပ်ကွာ” လို့ မိန့်တော်မူရင်း သာဓုခေါ်တော်မူမှာ သေချာပါတယ် ။ တစ်ဆက်တည်းမှာပဲ ကျနော့်ကို ဟိုး အနောက်နားကနေပဲ ဖြစ်ဖြစ် .. နဘေးဖက်နားကနေပဲ ဖြစ်ဖြစ် မျက်စောင်းကြီး ထိုးပြီး မကျေမနပ်နဲ့ “ဒီကောင် ဆရာတော်ဘုရားကြီးကို ဖားနေတာပါကွာ” လို့ စိတ်ထဲက ကျိတ်ပြောနေကြတဲ့ ကျနော့် သူငယ်ချင်းတွေကိုလည်း ဆရာတော်ဘုရားကြီးက “မင်းတို့ကောင်တွေ အဲဒါတွေပြောတာ .. ကိုယ့်အမျိုးသားချင်းကို ချစ်ခင်ရကောင်းမှန်း .. လေးစားရကောင်းမှန်း .. ချီးမွမ်းရကောင်းမှန်းမသိ .. အပြစ်ပြောဖို့လောက်ပဲ စဉ်းစားနေကြတယ် .. သွား ငါ့ကျောင်းပေါ်ကနေ ဆင်းသွားကြ .. ဗုဒ္ဓဘာသာဝင်လို့လည်း ပြောသေး .. ဘာကောင်တွေတုန်းကွာ” လို့ ပိတ်ပက်မန်မဲပြီး ကျောင်းပေါ်ကနေ မောင်းချတော်မူမှာ အသေအချာသာဖြစ်ပြီး အဲဒီတော့မှ ကိုရီးယားနိုင်ငံ တစ်ဝှမ်းလုံးက ကျနော့် အချစ်ဆုံး သူငယ်ချင်းတွေလည်း အမြင်မှန်တွေ ပြန်ရ ၊ အလင်းထဲဝင်ကြပြီးနောက် ကျနော်ကို့ အပြင်ခေါ်သွားပြီး ပြန်တောင်းပန်ကြ .. ဝက်သားမီးကင်တွေ ဝယ်ကျွေးကြ .. ဆိုဂျူးတွေ ဘီယာတွေ တိုက်ကြနဲ့ မြန်မာသူငယ်ချင်း ညီအကိုများ ချစ်ခင်ရင်းနှီးစွာနဲ့ အသက်ထက်ဆုံး ညီညီညွတ်ညွတ် နေထိုင်သွားကြလေကုန်တော့ သတည်း … ။ ( သာဓု ၊ သာဓု ၊ သာဓု )

No comments: