Monday, June 2, 2014

၂၀၀၈ ဖွဲ့စည်းပုံ အနုလုံပဋိလုံ

ပုဒ်မ ၄၃၆ နဲ့ စစ်ပြင်ညာရေး နည်းဗျူဟာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို မေလ ၂၇ ရက်နေ့က စတင်လုပ်ဆောင်နေကြပါပြီ။ ဂျူလိုင်လ ၁၉ ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ အင်တိုက်အားတိုက် လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတ၀ှမ်းလုံးမှာ ဟောပြောပွဲတွေလည်း လုပ်ကြမှာပါ။
မေလ ၂၇ ရက်နေ့က နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေသခံတွေ နဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က "ကျမဟာ ဒီအခြေခံဥပဒေကို လွှတ်တော်အတွင်း က ပြင်ချင်တယ်၊ လွှတ်တော် အတွင်းက ပြင်ချင်တဲ့ အကြောင်းရင်းက ကျမ လွှတ်တော်ကိုယ်စား လှယ်ဖြစ်နေလို့မဟုတ်ဘူး၊ ကျမတို့ နိုင်ငံရဲ့အနာဂတ် တည်ငြိမ်ရေးအတွက် နိုင်ငံတစ်နိုင်ငံမှာဆိုလို့ရှိရင် အလုပ်လုပ်တဲ့နေရာမှာ ဥပဒေဘောင်အတွင်းက စနစ်တကျလုပ်သွားလို့ရှိရင် တိုင်းပြည်တိုးတက်တယ် ၊ပြည်သူတွေ သက်သာတယ်၊ လွှတ်တော်အတွင်းက ပြုပြင်သင့်တဲ့ ကိစ္စတွေကို လွှတ်တော်အတွင်းကနေ လုပ်သွားတာဟာ အားလုံးအတွက် အကောင်းဆုံးပဲ၊ ဒါပေမဲ့လည်း လွှတ်တော်ဟာ ပြည်သူလူထုရဲ့ ဆန္ဒ ကို ရောင်ပြန်ဟပ်တယ်ဆိုတာဟာ ရှင်းရှင်းလင်းလင်းဖော်ပြရမယ်၊ တကယ်ပဲ လွှတ်တော်ဟာ ပြည်သူုရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်ရဲ့လား၊ ပြည်သူ့ရဲ့ အသံကို လွှတ်တော်မှာ တကယ်ကြားရရဲ့လားဆိုတာ ကျမတို့ စမ်းသပ်ကြည့်ကြစို့" လို့ပြောသွားတာဟာ တော်တော်ကို သေသပ်ထိမိလှပါတယ်။ တဲ့တိုးပြောရရင် လွှတ်တော်မှာ မောင်ပိုင်စီးထားတဲ့ စစ်အုပ်စုကို ရည်ညွှန်းတာပါပဲ။
တပြိုင်နက်ထဲမှာပဲ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့( UNA) က ဦးအေးသာအောင် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးခွန်ထွန်းဦးနဲ့ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ တော်တော်ကို အားရကျေနပ်စရာကောင်းတဲ့ မင်္ဂလာသတင်း။
ပြည်ပရောက် ကျနော်တို့နိုင်ငံသားတွေလည်း (ဒီနေရာမှာ ဘာကြောင့် ကျနော်တို့မြန်မာနိုင်ငံသားတွေလို့ ဘာလို့မသုံးတာလဲဆိုတော့ ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်လို့ နိုင်ငံရဲ့အမည်ကိုတောင် မြန်မာဆိုတဲ့ စကားလုံးပါနေလို့ ကျနော်တော့ လိပ်ပြာမသန့်ဘူးဗျာ။ ကျနော့ကို ဆဲချင်ရင်လည်း စိတ်တိုင်းကျသာ ဆဲပေတော့။ ကျနော်တို့နိုင်ငံသားအချင်းချင်း ပြန်လည်သင့်မြတ်ဖို့က အားလုံးဟာ တန်းတူညီမျှ လူပီပီသသ လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင်တဲ့အခြေအနေဖြစ်အောင် ၀ိုင်းဝန်းကြိုးစားရမယ်။ သခင်လည်း မဖြစ်ချင်ဘူး။ ကျွန်လည်း အဖြစ်မခံနိုင်ဘူး။ လူပီပီသသ ရှင်သန်နိုင်ဖို့ပဲ လိုတယ်။ လိုတိုရှင်းပြောရရင် နိုင်ငံသားအားလုံး ကျေကျေနပ်နပ်လက်ခံနိုင်တဲ့ အမည်ဖြစ်စေချင်တယ်။) ဒီကိစ္စမှာ ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းအားဖြည့်နေကြတော့ တော်တော်ကိုအားရတယ်ဗျာ။ လေးလေးစားစား ကျေးဇူးတင်လိုက်တာ။
မနေ့တနေ့ကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံမှာပြင်ရမဲ့အချက်ပေါင်း (၁၆၈)ချက်ကို အသေးစိပ်ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြံပြုချက်တွေထဲမှာ စစ်အုပ်စုဆန္ဒမပါရင် ပြင်လို့မရအောင် ပြဌာန်းထားတဲ့ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှာ ပုဒ်မ (၄၃၆ က၊ ခ)ကို ဘယ်လိုပြင်သင့်တယ်ဆိုတဲ့ အကြံပြုချက်က ဒီလိုပါ။ (က)ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသောကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်။ (ခ) ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရန်။

စစ်အုပ်စု ညာညှိ၊ ပြည်သူ သတိ

ဒီအကြံပြုချက်မှာပါတဲ့ စကားလုံးအသုံးအနှုန်းက သိပ်ကောင်းတယ်။ စာဖတ်သူကိုလည်း သေသေချာချာ ဖတ်ကြည့်ဖို့ အလေးအနက်တိုက်တွန်းပါရစေ။ ဒါပေမဲ့ ကျနော်သဘောမတူတဲ့အချက်က “ထက်ဝက်ကျော်”ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။ ရှေ့နောက်မညီဘူးလို့လည်း ပြောလို့ရပါတယ်။ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့(စစ်သားကိုယ်စားလှယ်(၂၅%)မပါ) ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံ ဆိုတာကို ကျနော်အပြည့်အ၀ ထောက်ခံတယ်။ ဒါဟာ နိုင်ငံတကာ စံနှုန်းပါ။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့(စစ်သားကိုယ်စာလှယ်(၂၅%)အပါအ၀င်) ထက်ဝက်ကျော်ဆိုတာက ခုနက သုံးပုံနှစ်ပုံဆိုတာထက် ပိုများနေပါတယ်။ ထက်ဝက်(၅၀%)အတိအကျ ဖြစ်ရပါမယ်။ ဒါမှသာ သုံးပုံနှစ်ပုံနဲ့ အတိအကျ ညီမျှမှာဖြစ်ပါတယ်။ ဒီအချက်ကို ပြီးခဲ့တဲ့ဆောင်းပါးမှာ တင်ပြထားပါတယ်။
ထက်ဝက်ကျော်ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ တော်တော်အန္တရာယ်ရှိတယ်။ စစ်အုပ်စုက ဒီစကားလုံးရဲ့ဟာကွက်၊ ပျော့ကွက်(Loophole)ကို အကာအကွယ်ယူပြီး (၅၉%)လို့ ပြဌာန်းဖို့ လုပ်လာရင် ဘယ့်နှယ်ရှိစ။ ကောင်းကောင်း အခက်တွေ့မယ်။ ကိုယ့်စကားနဲ့ကိုယ် ချောင်ပိတ်သွားလိမ့်မယ်။ နောက်မှ ပြန်ပြင်ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲနိုင်ပြီးကာမှ လွှတ်တော်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ကျမ်းကျိန်စာသားကို ပြင်ပေးဖို့ပြောသလို အရာမရောက်ဖြစ်မှာတော့ တကယ်စိုးရိမ်တယ်။ ကျနော်ကတော့ အတိအကျ (၅၀%)ပဲ။ လုံးဝကို ကျော်လို့မဖြစ်ဘူး။ စကတည်းက ရသင့်ရထိုက်တာကို တိတိကျကျ ပြည့်ပြည့်၀၀ တောင်းဆိုဖို့လိုတယ်။ ဒီမိုကရေစီဖွဲ့စည်းပုံ ဖြစ်လာတဲ့အထိကို တောင်းဆိုနေရမှာ။ ပြည်သူကို ဟောပြောစည်းရုံးတဲ့နေရာမှာလည်း ဒီအချက်ကို အလေးအနက်ထားပြီး ပြောဖို့လိုကိုလိုတယ်။
နို့မဟုတ်ရင် ၂၀၁၅ ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လုပ်တဲ့အခါ ၂၀၁၄တုန်းကလည်း ပုဒ်မ (၄၃၆)ကို သူတို့ပြောသလို (၅၀%)ကျော်ကို ပြင်ထားပြီးပြီ။ အခုလည်း ရလေ လိုလေ အိုတစ္ဆေ ဒါကိုထပ်ပြင်ဖို့ ပြောပြန်ပြီဆိုပြီး ပြည်သူနဲ့ ပြည်သူ့ခေါင်းဆောင်တွေကို စစ်အုပ်စုက သွေးခွဲလိမ့်မယ်။ ဒါတွေကို လိုက်ရှင်းနေရရင် အချိန်ကုန်၊ အားကုန်ပြီး ဒီမိုကရေစီရှေ့တစ်လှမ်း နောက်နှစ်လှမ်းဖြစ်နေမှာ။ ပလိုင်းအပေါက်နဲ့ ဖားမကောက်မိဖို့ သတိရှိရလိမ့်မယ်။
စစ်အုပ်စုက သူတို့အာဏာတည်မြဲဖို့ဆိုရင် နည်းမျိုးစုံသုံတဲ့နေရာမှာ တဖက်ကမ်းခတ်နေပြီ။ ပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ဆိုတာတွေကို လိုက်ပြောပြီးတော့ အပေါ်ယံပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြ၊ ပြည်သူတွေကိုကော ကမ္ဘာကိုပါ ညာပြီးပြင်၊ ပြင်ပြီးညာနေကြတာ။ ဒါဟာ သူတို့ရဲ့ ပြင်ညာရေးမူဝါဒပဲ။
၂၀၀၈ ဖွဲ့စည်းပုံ သူတို့အသက်ပဲ။ ဒါကို အကာအကွယ်ယူပြီး ယူနီဖောင်းဝတ်ကော၊ ယူနီဖောင်းချွတ်ကော လွှတ်တော်၊ အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် စတဲ့စတဲ့ အသီးသီး နေရာတွေ ယူထားကြပြီး သူတို့ချင်း သဘောထားကွဲပြားနေသယောင် ပိပိရိရိသရုပ်ဆောင်နေကြတာ။ တကယ်တော့ သူတို့ချင်းညှိပြီး ပြည်သူတွေကို ညာချနေတာ။ ညာပြီးညှိ၊ ညှိပြီး ညာနေကြတာပါဗျာ။ သူတို့တတွေ စစ်သင်တန်းတက်တဲ့အခါ စစ်ရေးပြမှာ စစချင်း တန်းစီ၊ ညာညှိဆိုတာက စတာကလား။ ကျနော်တို့ပြည်သူတွေ အားလုံး သတိ သတိ သတိ။

သက်နိုင် (၃၁. ၅. ၂၀၁၄)

No comments: