Sunday, August 3, 2014

Ooredoo ကို ဆန့်ကျင်သတဲ့လား

ရေးသားသူ — ငြိမ်းချမ်းအေး




ဗမာပြည် မှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက် ကုမ္ပဏီ Ooredoo ဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုတွေ သံဃာတော် တချို့ ဦးဆောင်ပြီး လုပ်မယ် ဆိုတဲ့ သတင်း ဖတ်ရတော့ စိတ်ဝင်စားမိတယ်။

နိုင်ငံတကာ က စီးပွားရေး လုပ်ငန်းစုကြီးများရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွား လုပ်ငန်းတွေကို ဒေသခံ လူမှု၊ နိုင်ငံရေး အဖွဲ့အစည်းတွေက စောင့်ကြည့် လေ့လာ၊ ဝေဖန်သုံးသပ်၊ လိုအပ်ရင် ဆန့်ကျင်တာမျိုးဟာ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေမှာ ရှိသင့် ရှိထိုက်တဲ့ ဓလေ့ကောင်း ဖြစ်လို့ ဒီသတင်းကို စိတ်ဝင်စားရတာပါ။ အထူးသဖြင့် အာဏာ နဲ့ လူတစု အကျိုးစီးပွား ကိုသာ ရှေးရှု တတ်တဲ့ အုပ်ချုပ်သူ မင်း အစိုးရ စနစ် ရှင်သန်ရာ ဗမာပြည်လို တိုင်းပြည်မျိုးမှာ လူထု အခြေပြု လူမှု အဖွဲ့အစည်းတွေ က ဦးဆောင်ပြီး နိုင်ငံခြား တိုက်ရိုက်၊ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှု တွေရဲ့ လူအများစု ပြည်သူ အပေါ် သက်ရောက်တဲ့ အကျိုး၊ အပြစ် တွေကို စောင့်ကြည့် ဝေဖန် ဆန်းစစ် အသံထွက်မှုမျိုးဟာ လိုအပ်ပါတယ်။

နိုင်ငံတကာမှာတော့ ဒါမျိုးကို တက်ကြွလှုပ်ရှားသူ လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားလေ့ရှိကြတယ်။ ဗမာပြည်မှာကျ လူမှုအသိုင်းအဝန်းမှာ သံဃာရဲ့ အခန်းကဏ္ဍ က ကြီးတဲ့ အတွက် ဒီလို ကိစ္စတွေမှာ အခု ရဟန်း သံဃာတော်တွေ စိတ်ဝင်စားမှု ရှိ၊ ဝင်ရောက် ပါဝင် လှုပ်ရှားလိုတာဟာလည်း နားလည် လက်ခံနိုင်စရာပါပဲ။

ဒါပေမယ့် “ဘာကြောင့် ဆန့်ကျင်သလဲ” ဆိုတဲ့ အကြောင်းပြချက်တော့ ခိုင်မာ၊ မှန်ကန် ရပါမယ်။

အခု Ooredoo ကို သပိတ်မှောက်ဖို့ ဆော်သြနေသူများ ပေးတဲ့ “Ooredoo ဟာ အစ္စလာမ် ဘာသာဝင်တွေ ရဲ့ စီးပွားရေး လုပ်ငန်း တခု ဖြစ်တယ်၊ အမျိုး၊ ဘာသာ၊ သာသာနာ ကာကွယ်ဖို့ရာ ဆန့်ကျင်ရမယ်” ဆိုတာက လက်သင့်ခံစရာ မရှိ၊ မှန်ကန် ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မဟုတ်ပါ။

တရုတ် ဖြစ်လို့၊ အာရပ် ဖြစ်လို့၊ မွတ်ဆလင် စီးပွား ဖြစ်လို့ ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေ ကို ဘာသာ၊ လူမျိုး အခြေခံ ဆန့်ကျင်တာမျိုး ဟာ ယုတ္တိ မတန်၊ ခြေခြေမြစ်မြစ် မရှိ၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်း မဟုတ်သလို လက်တွေ့မှာလည်း အကျိုးမရှိနိုင်ပါ။ ဆန့်ကျင်ရမယ့် အခြေခံ ဟာ ဒီ နိုင်ငံခြား စီးပွားလုပ်ငန်းကြီးတွေရဲ့ စီးပွား လုပ်ထုံး လုပ်နည်း လုပ်ဟန် (Business Practice) အပေါ် စောင့်ကြည့် လေ့လာပြီးပဲ ဖြစ်သင့်ပါတယ်။

နိုင်ငံတကာ က အရင်းရှင် စီးပွား ကုမ္ပဏီကြီးတွေ ရဲ့ အလုပ်သမား ငှားရမ်းရေး ပေါ်လစီ က ဘာလဲ၊ အလုပ်သမား အခွင့်အရေး ဘယ်လောက် ရှိသလဲ၊ ဒေသခံ တွေ အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ၊ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ယဉ်ကျေးမှု၊ ဓလေ့ တွေကို ဘယ်လောက် ထိခိုက် နစ်နာစေသလဲ၊ တောတောင် ရေ မြေ လေ သဘာဝ ပတ်ဝန်းကျင် ကို ဘယ်လောက် ပျက်စီး နိုင်သလဲ စတဲ့ ခိုင်မာတဲ့ အကြောင်း အချက်ကြီးတွေကို ဆန်းစစ် လေ့လာ သုတေသန ပြုပြီးမှသာ နောက်ဆက်တွဲ ဆန့်ကျင်မှု၊ သပိတ်မှောက်မှုတွေ လုပ်ဆောင်ရမှာပါ။

အခု ဗမာပြည် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ မှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ့ လုပ်ကိုင်ခွင့်ရတဲ့ Ooredoo နဲ့ Telenor ကုမ္ပဏီ နှစ်ခုကိုလည်း ဒီလို စီးပွားလုပ်ဟန် အပေါ် မူတည်ပြီးပဲ ဆန့်ကျင်သင့်ရင် ဆန့်ကျင် ရမှာပါ။ အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလား၊ သဘာဝ ပတ်ဝန်းကျင် ကို ညစ်ညမ်းစေသလား၊ တရားလွန် အမြတ်ကြီးစားနေသလား၊ ဒါတွေကို ကြည့်ပြီး သပိတ်မှောက်သင့်ရင် မှောက်ရပါမယ်။

ဒီ အချက်တွေ အခြေခံ ဆိုရရင် အစဉ်အဆက် ဝန်ဆောင်မှု ညံ့ဖျင်း၊ ဈေးနှုန်း မတန်တဆ ကြီးမြင့်ကာ သုံးစွဲသူ လူထုဆီက အေးဓားပြ တိုက်နေတဲ့ အပြင် ဝန်ထမ်းတွေမှာလည်း လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ အစိုးရဆက်သွယ်ရေး လုပ်ငန်း ကို အရင် ဆုံး ဆန့်ကျင်သင့်ပါတယ်။

အသစ်ဝင်လာသူ Ooredoo နဲ့ Telenor ကိုတော့ ချပြထားတဲ့ စီးပွားလုပ်ငန်း အစီအစဉ် ကို လေ့လာကြည့် ရသလာက် အခုလောလောဆယ် ဆန့်ကျင် စရာ ဘာအကြောင်းမှ မရှိပါ။ သူတို့ ဒေသခံ နိုင်ငံသား အများစု ကို ဝန်ထမ်း အဖြစ် အသုံးပြုမယ်၊ လိုအပ်တဲ့ နည်းအတတ်ပညာ၊ အုပ်ချုပ်မှု ပညာ တွေ လေ့ကျင့် ပေးမယ်၊ နိုင်ငံတကာ အဆင့် လုပ်ခ လစာ အခွင့်အရေး တွေ ပေးမယ်၊ ဒါတွေ ဟာ ကိုယ့် နိုင်ငံ အတွက် အကျိုးရှိရာ ရှိကြောင်းချည်းပါ။ သူတို့ ကတိပေးထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အဆင့် ဟာ စံချိန်မီ သလို ဈေးနှုန်း ကလည်း သင့်တင့် လျောက်ပတ် တဲ့ အတွက် ကန့်ကွက်စရာ မမြင်ပါ။ ဆိုခဲ့တဲ့ အချက်တွေ နောင်မှာ ချိုးဖောက် လာမှု ရှိ/မရှိ စောင့်ကြည့်လေ့လာနေဖို့ပဲ လိုပါတယ်။

ခေတ်အဆက်ဆက် ဗမာပြည်မှာ အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ကျိုးရှာ၊ အကျင့်ပျက် ခြစား၊ ငို့ဘ တခုတည်း ကြည့်မှုကြောင့် လက်သင့်ရာ စားတော်ခေါ် လုပ်ပိုင်ခွင့်တွေ ချပေးရင်း နဲ့ အထက်မှာ ဆိုခဲ့တဲ့ တကယ် ပြည်သူ့ အကျိုး အတွက် စောင့်ကြည့် ဝေဖန်ထောက်ပြ ရမယ့် အချက်တွေဟာ နိုင်ငံခြား လုပ်ငန်းကြီး တွေ ရဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေ မှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စိုးသူ နဲ့ တစီးပွားတည်း ပေါင်းစားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင် ခရိုနီကြီးများရဲ့ စီးပွားလုပ်ငန်းတွေမှာလည်း မလုပ်နိုင်ခဲ့ပါ။

ဒီ အကျိုးဆက်ကြောင့် ဒေသတခုခု မှာ နိုင်ငံခြား/ပြည်တွင်း ကုမ္ပဏီကြီးများ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာ သထက် ချမ်းသာ သွားပြီး ဒေသခံ ပြည်သူမှာတော့ မွဲသထက် မွဲ၊ ဆင်းရဲ ဒုက္ခ ရောက်သထက် ရောက် ဖြစ်နေရတာ လက်ရှိ ဗမာပြည် အနှံ့မှာ ပကတိ မြင်နိုင်ပါတယ်။

ဖောင်စီးရင်း ရေငတ်နေကြ ရတဲ့ နင်းပြား ပြည်သူများ ရဲ့ ဘဝ နဲ့ အသက်ငင်နေတဲ့ ဗမာ့ သဘာဝ အလှ ကို နိုင်ငံတဝှမ်းက ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီ မိုင်း၊ သစ်လုပ်ငန်း လုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံ ပြည်သူတွေ ရဲ့ မျက်ရည်တွေက သက်သေပြုပါတယ်။ လက်ပန်းတောင်းတောင် က မီးဗုံးဒဏ်ခံ သံဃာ ပြည်သူတွေရဲ့ ဘဝ အနာ အော်သံ ခံစားကြည့်ရင် နားလည်နိုင်ပါတယ်။ နိုင်ငံတကာ စံနှုန်း တွေထက် အဆပေါင်းများစွာ နည်းတဲ့ အခြေခံလစာ လေး ရဖို့ အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒ ပြနေရတဲ့ ကျောမွဲ အလုပ်သမားထုကြီး က သက်သေ ရှိပါတယ်။ သေမလို ဖြစ်နေတဲ့ ဧရာဝတီ မြစ်ကြီး ကို တိုင်တည် ကြည့်နိုင်ပါတယ်။ တောင်ကတုံးတွေ အပြည့် နဲ့ ရိုးမ တောင်တန်းကြီးတွေ က တရားလို သက်သေပြုဖို့ အသင့် ရှိပါတယ်။

ဒီလို အများ ပြည်သူ လူထု ဘဝ နဲ့ တိုင်းပြည် ရဲ့ အလှ၊ သဘာဝ ကို ပျက်စီး ဆုံးရှုံးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးမျိုး တွေကို ဆိုရင် ပြည်တွင်း/ပြည်ပ ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ဆန့်ကျင်ရမှာပါ။

အခု အမျိုး၊ ဘာသာ အတွက် ဆိုကာ Ooredoo ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားနေသူ ဆရာတော်၊ လူပုဂ္ဂိုလ် များ ကို လျှောက်ထား မေးမြန်းချင်ပါတယ်။ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ အကြီးအကျယ် ထိခိုက် ပျက်စီးစေတဲ့ စီးပွားလုပ်ငန်းကြီးတွေ ဗမာပြည် မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကျ ဘာကြောင့် မျက်ကွယ်ပြု ထားပါသလဲ။ ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံနေတာကိုကျ ဘာကြောင့် အသံဆိတ် နေရပါသလဲ။

လူထု စီးပွား ပျက်ရင် အကျင့်သီလလည်း အနည်းအများ ထိခိုက်မှာပဲ၊ အကျင့် သီလ ထိခိုက်ရင် အမျိုး၊ ဘာသာ ပျက်ဖို့ အခွင့်အလမ်းလည်း ပိုများနိုင်တာပဲ မဟုတ်လား။ တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစား မျှော်ကြည့်ပြီး ဒီလို လူထု အများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ စနစ်ကို ဖန်တီး စံစားနေသူ လူတစု နဲ့ အပေါင်းအပါး စီးပွားဘီလူးကြီးတွေကို (ပြည်တွင်း/ပြည်ပ လူမျိုး/ဘာသာ မခွဲ) ဆန့်ကျင်သင့်တာ မဟုတ်ပါလော ခင်ဗျာ။


အခုလို Ooredoo က အာရပ် ကုမ္ပဏီ အစ္စလာမ်တွေမို့ ဆိုပြီး မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာ နဲ့ ဆွဲစပ် အကြောင်းပြ ကန့်ကွက်ခြင်း ဟာ ကိုယ့် နိုင်ငံ လူ့အဖွဲ့အစည်း အမြင် ကျဉ်းမြောင်း၊ သဘောထား သေးသိမ်၊ ရင်ဘတ်နှလုံးသား မကျယ်ပြန့်၊ ဦးနှောက် အသိ ဉာဏ် အတွေးအခေါ် မမြင့်မား တာကို နိုင်ငံတကာမှာ အထုပ်ဖြေ ပြသလို ဖြစ်ကာ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်း အရှက်ရတာကလွဲလို့ တခြား အကျိုး မရှိပါ။ အမျိုး၊ ဘာသာ စောင့်ရှောက်လိုသူများ (ဆိုတဲ့) ပုဂ္ဂိုလ်များ အသံထွက် ဆန့်ကျင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်ဆိုးကြီး နဲ့ စနစ်စံ လူတစု တိုင်းပြည် မှာ ရှင်သန်နေသရွေ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာ လည်း ထွန်းကား စည်ပင်နိုင်မှာ မဟုတ်ပါ။

နောက်တခုက အခု မွတ်ဆလင်တွေမို့ အဆက်အဆံ မလုပ်ရဘူး၊ မပတ်သက်ရဘူး၊ ဖုန်းတောင် လက်ခံမဖြေရဘူး ဆိုနေတဲ့ ဆရာတော်များ အပါအဝင် Ooredoo ဆန့်ကျင်ရေး လှုံ့ဆော်သူ အားလုံးကို ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြား ဆန့်ကျင် ရန်၊ ငါ၊ စည်း ပြတ်ချင်တယ် ဆိုရင် ကလေးတွေကို ခေတ်ပညာ စာသင်ကျောင်းတွေ မလွှတ်ဖို့ပါ ပူးတွဲ လှုံ့ဆော်ဖို့ အကြံပြုချင်ပါတယ်။

အကြောင်းက ခေတ်သစ် ကမ္ဘာ ရဲ့ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုသုခုမ ကဏ္ဍ အသီးသီးဟာ အာရပ်တွေ မွတ်ဆလင်တွေ ပေးခဲ့တဲ့ အမွေအနှစ် မကင်းခဲ့လို့ပါ။ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးအတတ်ပညာ၊ ဗိသုကာ လက်ရာ ကနေ ကဗျာ၊ စာပေ၊ အနုပညာ အထိ ကမ္ဘာ့ လူသား ယဉ်ကျေးမှု တိုးတက်ခဲ့မှု ဖြစ်စဉ်မှာ အာရပ်တွေရဲ့ ကျေးဇူး အများကြီးပါပဲ။ ဆိုတော့ မွတ်ဆလင်မို့ ဆန့်ကျင်လိုသူများ ဒါတွေ အားလုံး နဲ့ ကင်းအောင်နေဖို့ တိုက်တွန်းပါတယ်။


အာရဗီ စကား “Alhamdulillah / Thanks and Praise to God / ဘုရားသခင်သည် ချီးမွမ်းခြင်း ၏ တည်ရာပေတည်း” နိဒါန်း ပလ္လင် စကားခံပြီး ကမ္ဘာ့ ရှေး ဂန္တဝင် စာပေစာရင်းဝင် အာရပ်တွေရဲ့ “တစ်ထောင့်တစ်ည” ပသီပုံပြင်များကို ဗမာပြည် အတွက် ဘာသာပြန်ပေးခဲ့တဲ့ တို့ဗမာ သခင် ဆရာကြီး၊ ဗမာ့ အမျိုးသားရေး လှုပ်ရှားမှု ရဲ့ ခေါင်းကိုင်ကြီး သခင်ဘသောင်းကိုလည်း ဆန့်ကျင်ပါ။ သခင်ဘသောင်းပဲ ဘာသာပြန်ခဲ့တဲ့ ရုရှားမွတ်ဆလင် အာမက် အဗ္ဗဒူလာ ရေး ပသီပုံပြင် အခြေခံ “ဘဂ္ဂဒက်မြို့မှ သူခိုး အာမက်” ကိုလည်း မြန်မာ ကလေးတွေ ကို မဖတ်ခိုင်းပါတော့နဲ့။

အစ္စလာမ်ဘာသာရေး ပညာရှင် တပါးလည်း ဖြစ်သူ ကဗျာဆရာ၊ ဂီတစာဆို၊ အတွေးအခေါ်၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရှင်ကြီး အိုမာခရမ် ရဲ့ ကမ္ဘာ မှာ သမ္မာကျမ်းစာ နဲ့ ကိုရန်ကျမ်းစာ ပြီးရင် ဒုတိယ စောင်ရေ အရောင်းရဆုံးလို့တောင် ပြောစမှတ်တွင်တဲ့ ရူဘိယတ် ကဗျာ တွေကိုလည်း မြန်မာ လူငယ်၊ လူရွယ်လေးတွေကို ပေး မသိပါနဲ့တော့။ အိုမာခရမ် ရဲ့ ဘဝ နဲ့ စာပေ ကို ဘာသာပြန်ရေးသား မိတ်ဆက်ပေးခဲ့တဲ့ မင်းယုဝေ ကိုလည်း ကန့်ကွက်ကြပါ။

မွတ်ဆလင် တွေရဲ့ ကမ္ဘာ့အကျိုးပြုခဲ့မှု သမိုင်းကို ကိုလိုနီဝါဒ၊ လူမျိုးရေးဝါဒ အခြေခံပြီး ဥရောပ သမိုင်းဆရာ တချို့ ဖုံးကွယ်ခဲ့ကြကြောင်းကို ထောက်ပြကာ ရောမ အင်ပါယာ ပြိုကွဲချိန် ဥရောပ အမှောင်ခေတ်ကြီးမှာ အာရပ် မွတ်ဆလင်တွေဟာ ပညာ အလင်းရောင် နဲ့ ကမ္ဘာ ကို ဦးဆောင်ခဲ့ကြောင်း ကို သူ့ရဲ့ အထင်ကရ ကျမ်းတစောင် ဖြစ်တဲ့ သဘာဝ သိပ္ပံ ကျမ်း မှာ မပျက်မကွက် ထည့်သွင်း မှတ်တမ်းတင် ပြုစုခဲ့သူ ဗန်းမော်တင်အောင် နဲ့ သူ့ကျမ်းကိုလည်း ဆန့်ကျင် ဆန္ဒပြကြပါ။ အာရပ်တွေ ရဲ အမွေ အက္ခရာ သင်္ချာ၊ ဂဏန်း သင်္ချာ၊ ကိန်းဂဏန်း အရေအတွက် တွေကိုလည်း ကျောင်းတွေမှာ မသင်ကြားစေဖို့ တောင်းဆိုကြပါ။ တနည်း အားဖြင့် မွတ်ဆလင်နဲ့ကင်းအောင် ဗမာပြည်ကို အမှောင်ခေတ်၊ ကျောက်ခေတ်မှာပဲ နေစေဖို့ ဝိုင်းဝန်းဆော်သြကြဖို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်ရရင် လိုရင်း က အခု Ooredoo ဆန့်ကျင်ရေး ရဲ့ အကြောင်းပြချက် မမှန်၊ အကျိုးကျေးဇူး မရှိပုံ ကို မြင်စေချင်တာပါ။ ပြည်သူလူထု အများစု အကျိုး အတွက် ပြည်တွင်း/ပြည်ပ စီးပွားလုပ်ငန်းကြီးတွေကို ဘယ်လို ဘယ်အချိန် ဘယ်အနေအထား မှာ အခြေအမြစ် ရှိရှိ ဆန့်ကျင်သင့်ကြောင်း ကို ထောက်ပြချင်တာပါ။ အမျိုး၊ ဘာသာ၊ သာသနာ တကယ် စည်ပင် ဖွံ့ဖြိုးလို၊ ကိုယ့် လူမျိုး ကိုယ့်နိုင်ငံ ကမ္ဘာ အလယ်မှာ သိက္ခာ ရှိ ခေါင်းမော့၊ ရင်ကော့၊ စီးပွား ဥစ္စာ ချမ်းသာ နေလိုတယ် ဆိုရင် အုပ်စိုးသူ နဲ့ အပေါင်းအပါ လူတစု အမြဲတမ်း အသာစီး တဖက်စောင်းနင်း ကောင်းစားခွင့် ရနေတဲ့ စနစ်ဆိုးကြီး ကိုသာ ဆန့်ကျင်တော်လှန်ပြုပြင်ရမှာပါ။ ဒါမှသာ စီးပွားပျက်၊ ဥစ္စာ ပျက် ကုန်းကောက်စရာ မရှိ ဖြူခါပြာခါကျ ရင်းကနေ အကျင့် သီလ ပါထိခိုက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမယ့် အရေး ကလည်း ကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ ဧရာဝတီ စာဖတ်ပရိသတ် စဉ်းစား မြော်မြင် သုံးသပ် ကြည့်နိုင်ဖို့ရာ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
၀၉ ၊ ဇွန် ၊ ၂၀၁၄ (စာပြီး ရက်စွဲ)

No comments: