Wednesday, October 8, 2014

စစ်လော်ဘီအမှု (သို့မဟုတ်) Something ဆိုတဲ့ ကျွန်သက်ရှည်စေမှုများအကြောင်း

ရေးသားသူ — ငြိမ်းချမ်အေး



လူမှုထူးချွန်ဆရာအဖြစ် ဆရာ ဦးသန်းလှိုင် ချီးမြှင့်ခံရတာ ကောင်းပါတယ်။ ဒါပေမယ့် သိရမှာက ဝါဒဖြန့်ချိဖို့ အသုံးချခံ ဆိုတာပါ။

မဆလ နအဖ နဝတ မျိုးဆက် မဆလ ဝါဒဖြန့်ချိရေး လယ်တွင်းသားစောချစ်ရဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” နဲ့ ကြီးလာကြသူတွေ ဆိုတော့ ပြောရင်လည်း နားဝင်ချောကြမယ် မထင်ဘူး။

ဒီမယ် ဆင်းရဲ၊ စာမတတ် ငတ် ကလေးများ ခြင်ကိုက်လည်း သေ၊ ခွေးကိုက်လည်း သေ ဖြစ်နေတဲ့ တိုင်းပြည်မှာ ဦးသန်းလှိုင် အယောက် တစ်ထောင် ရှိလည်း မပြောင်းလဲဘူး၊ အယောက် တစ်သောင်းရှိလည်း မထူးခြားဘူး။ တယောက် တလေ ကို စင်မြင့်ထက် ဝါဒ ဖြန့်ဖို့ ဘာဆုပေးပေး တိုင်းပြည် အနာဂတ် ဘာမှ မပြောင်းလဲဘူး။

တိုင်းပြည် ဓားမနောက်ပိတ်ခွေး ဖြစ် လူထု ဖြူခါ ပြာခါ မွဲပြာကျ နေတာက ဦးသန်းလှိုင် အယောက် တစ်ထောင် မရှိလို့၊ ကျော်သူ အယောက် တစ်ထောင် မရှိလို့ မဟုတ်ဘူး။ စစ်အုပ်စု နဲ့ အပေါင်းအပါ အရင်းရှင် ခရိုနီ တသိုက် တိုင်းပြည် ဂုတ်ကို ခွစီး သွေးစုပ်နေလို့ ဖြစ်ရတာပါ။ စစ်အာဏာရှင် ခေတ်စနစ်ကြောင့် ဖြစ်ရတာ၊ အခု စစ်တပိုင်း ခေတ် အတွက် ဆိုရင် စစ်အာဏာရှင် စနစ် + ခရိုနီအရင်းရှင် စနစ်ကြောင့် ဖြစ်နေတာပါ။

ခေတ်စနစ်ကြောင့် ဖြစ်နေတဲ့ ပင်မ ရေသောက်မြစ် ရောဂါ ဆိုးရဲ့ အဆွယ်အပွား လက္ခဏာ စာမတတ်မှု ပျောက်ချင်သလား၊ အကျင့် သီလ ကောင်း နာသုံးနာ ပြည့်စုံတဲ့ ဆရာ ကောင်းတွေ ပေါများ ချင်သလား နိုင်ငံရေး စနစ်ဆိုး ကို အရင် ပြင်ဖို့ ကြိုးစားပါ။
ဆေးမြီးတို တွေကို သွား အလေးမပေးနဲ့။ စစ်အုပ်စု ဝါဒဖြန့်ချိရေး မှာ ကိုယ် ပယောဂ မပါမိစေနဲ့။

အွန်လိုင်း တက် မှိုင်းတိုက်ဖို့ လခယူထားတဲ့ သမ္မတရုံးက လူ ဆိုတဲ့ စစ်ဗိုလ် ရဲ့ လော်ဘီ အမှုမှာ ကိုယ်က ဝင် “သိဒ္ဓိ”တင် မပေးချင်နဲ့၊ အဲ့ဒါ စစ်ကျွန်ခံလိုမှု မြောက်တယ်။
အွန်လိုင်းမှာ ချီးမှန်း ငှက်ပျောမှန်း မသိတဲ့ လူသာမန် က အများစုဆိုတော့ သူ့လူ ကိုယ့်ဘက်သား ပဉ္စမံတပ်သားများ ရဲ့ မသိမသာ လော်ဘီလုပ်မှုများရဲ့ ထိရောက်မှုက သိပ်ကြီးတယ်။ ပြောရင် ပြန်ဆိုချင်ကြဦးမယ်၊ “ကောင်းတာ လုပ်ရင် အသိအမှတ်ပြုရမှာပေါ့” ဆိုပြီး ဆိုချင်ကြမယ်။

ဒီမယ် ဒီ ခေတ် စနစ်၊ ဒီ အသိုက်အမြုံ အုပ်စု အကျိုးစီးပွား ရေရှည် တည်တံ့ လိုတဲ့ အရင်းခံ နဲ့ ပြုမူသမျှ မှာ တိုင်းပြည် လူထု အများအတွက် “ကောင်းတာ” ရယ်လို့ မရှိဘူး။
ဒီ လူတစု ထင်တိုင်းကြဲ အာဏာ ယူ မင်းမူ ခွင့် ရနေတဲ့ စနစ်ဆိုး တည်မြဲ စေဖို့ ဟန်ပြ အဖြစ်လုပ်ပြနေရတဲ့ စနစ်ဆိုး စက်ရုံ လည်ပတ်ရာ ခွေးသွားစိပ်တွေချည်းပဲ။ လူထု အများကို တင်းကျပ် စေမယ့် မူလီတွေချည်းပဲ။ တိုင်းပြည် ကို ချောက်ထဲ ဆွဲချနေတဲ့ မောင်းတံတွေချည်းပဲ။ လူအများကို ဆင်းရဲတွင်းနေစေတဲ့ တူးဆွချက်တွေချည်းပဲ။

စစ်အာဏာရှင်စနစ် စစ်အုပ်စုရဲ့ ဝါဒဖြန့် လမ်းကြောင်းမှု မှန်သမျှ အလုပ်ဖြစ်နေရခြင်း၊ ဒီ လမ်း ဒီ စခန်း အောင်မြင်နေရခြင်း အကြောင်းမှာ သူတို့ မှိုင်းတိုက်သမျှ ကို အသိမှတ်မဲ့ မစဉ်းမစား မတွေးခေါ် အပြုံးမပျက် အလိုတူ အလိုပါ လိုက် ယိမ်း က ကြတဲ့ လေ၊ ဝမ်း မကွဲ မကျက်တကျက် လူလတ်တန်းစား နဲ့ စနစ်ကနေ စံစားနေရတဲ့ လူမလိုင်များ နိုင်ငံရေး အသိမဲ့၊ နိုင်ငံရေး သတိမဲ့မှု ကြောင့် ဆိုတာ အဓိက ပါတယ်။

ဒီလိုတွေ ရေးရင် အစွန်းရောက်တယ် ဆိုချင်ကြဦးမယ်။ ဝင်း-ဝင်း ဖယောင်းတိုင် ဆရာများ “Something is better than nothing.” ဆိုပြီး အရှုံးပေးရေး၊ ပေါင်းစားရေး လမ်းစဉ် ရှေ့တန်းတင် ပြန်လည် ချေပချင်ကြဦးမယ်။
“မပြောင်းလဲ နိုင်သော အရာများကို လက်ခံနိုင်သော တည်ငြိမ် အေးချမ်းမှု၊ ပြောင်းလဲ နိုင်သော အရာများကို ပြောင်းလဲဝံ့သော သတ္တိ တို့ နှင့်အတူ ထိုအရာ နှစ်ခုအား ခွဲခြားနိုင်သော ဉာဏ်ပညာ ကို ပေးသနားပါ” ဆိုတာ အရှုံးပေး နှလုံးအေး ငြိမ်းချမ်းရေး ဆုတောင်း စာ။
မပြောင်းလဲနိုင်ဘူး ထင်သမျှ ဘယ်တော့မှ မပြောင်းလဲဘူး။ လွတ်မြောက်ချင်စိတ်ကို ဈေးဖြတ်ခြင်းလောက် မလွတ်မြောက်စေတာ ဘာမှ မရှိဘူး။ အဲ့ဒီ “Something” ဆိုတဲ့ နည်းနည်း နည်းနည်းလေးတွေက ကျွန်သက်ရှည်အောင် လုပ်နေတာ၊ စစ်ကျွန်ဆက်ခံလိုစိတ် ဖြစ်အောင် ဆေးခါးကို သကြားအုပ်ခြင်းသာ ဆိုတာ နားလည်ရမယ်။

တိုင်းပြည်ရဲ့ စီးပွား၊ ပညာ၊ လူမှု၊ ကျန်းမာ ရောဂါစုံ ကုသချင်သလား။ နိုင်ငံရေး ရေသောက်မြစ် ရောဂါ စစ်အာဏာရှင်စနစ် နဲ့ အပေါင်းအပါ ခရိုနီ တသိုက် ကိုသာ အလုံးစုံ တော်လှန် ချေမှုန်းပါ။
စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နိုင်ငံရေး၊ စစ်ဖွဲ့စည်းပုံ ကို တိုင်းပြည် မှာ ပပျောက်အောင်သာ ဇောက်ချ တိုက်ပါ။
နိုင်ငံရေး ရောဂါ ကိုသာ “Everything” ပြောင်းစေအောင် ကြံဆောင်ပါ။ တမတ်သား လည်း ဈေးအဆစ်မခံနဲ့၊ ငါးဆယ်သားလည်း အဆို မခံနဲ့၊ အချိုးကျ လည်း ခွဲမပေးလေနဲ့။
ဒီ စစ်ဝါဒ စစ်ဒဏ်ခံ နိုင်ငံရေး ရောဂါကိုသာ တိုင်းပြည် မှာ လုံးလုံး ကုသနိုင်ရင် အလိုလို အခြား လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အဆွယ်အပွား ရောဂါငယ်များ ပျောက်သွားမှာပါ။
အဲ့ဒီအချိန် တောက လယ်သမားသား သမီးများလည်း ဆရာကောင်း မငတ်၊ ပညာကောင်းတွေ သင်ခွင့်ရမှာပါ။ ဆရာတိုင်းလည်း ဦးသန်းလှိုင် ဖြစ်လာမှာပါ။

အရင်းကို မြင်အောင်ကြည့် ပြင်ချင်စိတ်ရှိဖို့ လိုပါတယ်။
အရင်ဆုံး အလုပ်နိုင်ဆုံး၊ အလုပ်သင့်ဆုံးကတော့ စစ်တပိုင်း အစိုးရမှိုင်းတိုက်သမျှ နားမယောင်၊ မျက်စိမလည်၊ စစ်လော်ဘီအမှုများကို အားပေးအားမြှောက် မပြုမိစေဖို့ပါပဲ။
စစ်လော်ဘီ အမှူဟာ သေးသေး၊ ကြီးကြီး သက်ရောက်မှု ရှိ၊ ကြီးပါတယ်။ သမိုင်းတရားခံ မှာ ခင်ဗျား မပါမိပါစေနဲ့။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၀၄၊ ၂၀၁၄
(ဆောင်းပါး ပါ အာဘော်ကို ဝေဖန်ရန် – nyeinchanaye81@gmail.com) မိုးမခမှ ကူးယူဖော်ပြသည်။

No comments: