ရေးသားသူ — ဖိုးထက်
ဟေ့လူ ထားဝယ် …
ကျွန်တော်လဲ ခင်ဗျားဆီ စာရေးမယ် ရေးမယ်နဲ့ဗျာ ပျင်းတာရော၊ နေ့ရွှေ့ ရက်ရွှေ့လုပ်တတ်တဲ့ မြန်မာတစ်ယောက် ဖြစ်တာရော အခုမှဘဲ စာရေးဖြစ်တယ်။ ကျွန်တော် အဲဒီက ပြန်တော့ ခင်ဗျား ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေကို ခင်ဗျား မဟေသီဆီကို သွားပို့လိုက်တယ်။ ထားဝယ်သား နဲ့ မန္တလေးသူ ဘယ်လိုများ ဖူးစာစုံခဲ့ကြသလဲဗျာ။ ရုပ်ဆိုးတာကတော့ လင်နဲ့မယား ရှေ့သွား နောက်လိုက် ညီကြပါပေတယ်။ ဟဲ ဟဲ…. စတာပါဗျာ။ ခင်ဗျား သားကတော့ လူလော၊ မျောက်လော၊ ဆက်ရက်လောလို့ မေးယူရမယ့် အကောင်ဗျို့။ ဆော့လိုက်တာလဲ လွန်ရော။ စကားတွေ ပေါလိုက် တတ်လိုက်တာလဲ အလွန်ဘဲ။ ရေခြားမြေခြားမှာ သားကို တလွမ်းထဲ လွမ်းနေတဲ့ ခင်ဗျားစိတ်ခံစားချက်ကို နားလည် သလိုလို ရှိပါပြီ။
ကျွန်တော် အဲဒီကနေ အပြီးပြန်မယ် လုပ်တော့ အခြေအနေလေး ကောင်းရင် လက်တို့အုံး၊ လှမ်းပြီး ခေါ်လိုက်အုံး လိမ်လိမ်မာမာနေလို့ ခင်ဗျားမှာလိုက်တာ စိတ်ထဲ အမြဲရှိပါတယ်။ လိမ္မာခြင်း မလိမ္မာခြင်းကတော့ သူ့ပေတံနဲ့ သူမို့လားဗျ။ ခင်ဗျားစေတနာကို နားလည်ပါတယ်။ ကျွန်တော်က ခေါက်ရိုးကျိုး မီးပူတိုက်ထားတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဒါပေမယ့် ကောက်ကျစ်တတ်တဲ့ လူတစ်ယောက် မဟုတ်လို့ဘဲ ခင်ဗျားက ကျွန်တော့်ကို ချစ်တာ မဟုတ်ဘူးလား။ ဟား…ဟား…
အခြေအနေလေး ကောင်းရင် လက်တို့အုံးနော် ဆိုတဲ့ ခင်ဗျား စကားကိုဘဲ ရှည်ရှည်ဝေးဝေး ကျွန်တော် ခံစားမိသလောက်လေး ပြောပြချင်တယ်။ အခြေအနေကတော့ အီလည်လည်ဘဲဗျ။ ကောင်းတာလဲ မဟုတ်ဘူး။ မကောင်းတာလဲ မဟုတ်ဘူး။ အရင်ကထက်စာရင် မဆိုသလောက်လေး ကောင်းလာတာကို ကျုပ်တို့မှာ မောင်မင်းကြီးသားများ စိတ်ကောင်းရှိကြပါပေတယ်လို့ ကျေးဇူးတွေ တင်နေကြရတာဗျ။ ခင်ဗျားလို ကျုပ်လို နိုင်ငံခြားမှာ ကျွန်သက်ပါးဝနေတဲ့ လူတွေအတွက်ကတော့ ဘယ်အားရမလဲဗျာ။ သူများနိုင်ငံတွေမှာ လိုလေသေးမရှိ။ ပညာရေး၊ ကျန်းမာရေး၊ စားရေး၊ ၀တ်ရေး အားလုံးမှာ အလုပ်လုပ်နိုင်ရင် လူလိုသူလိုတော့ နေလို့ရမို့လား။ အုပ်ချုပ်သူ အစိုးရ ရှိလို့ ရှိမှန်းတောင် မသိရတဲ့ ပါတ်ဝန်းကျင်မှာ အသားကျနေတဲ့ လူတွေအတွက် သူတို့ပြောတဲ့ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကြီးကို အလာဂျီ ဖြစ်တယ်ဗျာ။
ခင်ဗျားလို မြန်မာနိုင်ငံကို ပြန်ပြီး ဘာစီးပွားရေး လုပ်ရရင် ကောင်းမလဲလို့ တွေးနေသူအတွက် ကျွန်တော် တစ်ဦးတည်း သဘောနဲ့ ပြောရရင် ပြန်မလာနဲ့အုံးလို့ တိုက်တွန်းချင်တယ်။ အဲဒီမှာဘဲ ဆက်သာ လုပ်။ ဆက်သာလွမ်း။ ဆက်သာ ကျိတ်ပေတော့လို့ အားနာနာနဲ့ တိုက်တွန်းရမှာဘဲ။ ခင်ဗျား ပြန်လာပြီး စီးပွားရေး လုပ်လဲ မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားက အရာရာကို ဖြောင့်ဖြောင့်ကြီး သွားချင်တဲ့လူ။ ကိုယ့် ပညာနဲ့ ကိုယ် ခပ်တင်းတင်းရင်းရင်း အလုပ် လုပ်ချင်တဲ့ လူမို့လို့ဘဲဗျို့။ ဒီမှာကတော့ ခင်ဗျားလို ငွေလေး အနည်းငယ်နဲ့ စီးပွားရေး လုပ်ပြီး မိသားစု အာမခံချက်ရဖို့ ဆိုတာ မိုးပေါ်က အပ်ဖျားနဲ့ လူ့ပြည်က အပ်ဖျား ကိစ္စပါဗျာ။ အခုထက်ထိ အဆက်အသွယ် ကောင်းရတယ်ဆိုတဲ့ ကိစ္စကြီး ရှိဆဲဘဲဗျို့။ ပုဂ္ဂလိက ကုပ္မဏီတွေ အများကြီး ဆိုပေမယ့် ဟိုအဘ၊ ဒီအဘ နဲ့ ဆက်စပ် ပါတ်သက်တဲ့ လူတွေချည်းဘဲ အလုပ်ဖြစ်တယ်လို့ ပြောကြတယ်ဗျို့။ အဲဒီမှာလို မှန်မှန်ကန်ကန်နဲ့ လွတ်လွတ်လပ်လပ် တင်ဒါတွေ ၀င်ပြိုင်၊ အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေတဲ့ လူတွေ၊ အလုပ်တွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် သူဌေးမဖြစ်ပါဘူးဗျာ။ မရှိ မရှား အလုပ်တွေတော့ ခင်ဗျား ရချင် ရမှာပေါ့။ တကယ့် အဆီတစ်ထပ်၊ အသားတစ်ထပ် သုံးထပ်သား မြိုးမြိုးမျက်မျက် ရမယ့် အလုပ်တွေကတော့ ခင်ဗျားလို အဆက်အသွယ်ကမရှိ၊ ပညာမာနကြီး တစ်ခွဲသားနဲ့ လုပ်မယ့် လူအတွက် မဖြစ်ပါဘူးဗျာလို့ ပြောရမှာဘဲ။
သူများ အလုပ်မှာ ၀င်လုပ်ပြီး လစာကောင်းကောင်းရဖို့ရော မဖြစ်နိုင်ဘူးလားလို့ ခင်ဗျားက မေးချင်မှာဘဲ။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဆင့်ပါးစပ် နှမ်းပက်တဲ့ ကိစ္စပါဗျာ။ ခင်ဗျား အတွေ့အကြုံ၊ အရည်အချင်း၊ စိတ်နေစိတ်ထားမျိုးနဲ့ တစ်လကို မြန်မာငွေ လစာဆယ်သိန်းအထက် ရသင့်တဲ့ လူဆိုတာ ကျွန်တော်ကတော့ ဘော်ဒါ အချင်းချင်းမို့ အာမခံတယ်ဗျို့။ အာမ မခံတာက ပြည်တွင်း အလုပ်ရှင်တွေဗျ။ ဘယ်သူမှ မပေးချင်ဘူးဗျ။ ခိုင်းတာကတော့ အဲဒီမှာလိုဘဲ ခင်ဗျားကို ဖိအားတွေနဲ့ ပိနေအောင် ခိုင်းမယ့် လူတွေချည်းဘဲ။ ပိုက်ဆံပေးဖို့ကျတော့ ခပ်တွန့်တွန့် ဖြစ်နေကြဆဲဘဲဗျို့။
ကျွန်တော်လဲ ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုမှာ အင်တာဗျူးရသဗျို့။ အင်တာဗျူးစ၀င်ကတည်းက အင်္ဂလိပ်လိုဘဲ မေးသဗျို့။ မေးတဲ့ သူအထဲမှာ အင်္ဂလိပ်စကားတောင် လိပ်ပါတ်လည်အောင် မပြောတတ်တဲ့ ထိုင်းတစ်ယောက်နဲ့ တရုတ်တစ်ယောက်လဲ ပါသဗျို့။ HR က မြန်မာလူမျိုး အမျိုးသမီး တစ်ယောက်လဲ ပါတယ်ဗျ။ ပညာရပ်ပိုင်း ဆိုင်ရာတွေလဲ အများကြီး မေးတယ်ဗျို့။ကျွန်တော် လူတော် တစ်ယောက် မဟုတ်ပေမယ့် ခပ်ညံ့ညံ့ ခပ်တုံးတုံးထဲ ပါတဲ့ သူမဟုတ်ဘူးဆိုတာ ကျွန်တော့်သူငယ်ချင်း ခင်ဗျားအသိဆုံးပါ။ ကောင်းကောင်းကြီး ကျွန်တော် ဖြေနိုင် ပြောနိုင်ပါတယ်ဗျာ။ သူတို့ မေးခွန်းတွေမေးသမျှ ကျွန်တော် ဖြေပြီးတော့ ကျွန်တော်လဲ သူတို့ကို အင်တာပြန်ဗျူးရတာပေါ့ဗျာ။ အင်တာဗျူးဆိုရင် အလုပ်ရှင်ဘက်ကချည်း မဟုတ်ဘဲ အလုပ်သမားဘက်ကလဲ ကိုယ်သိချင်တာ ပြန်မေးပိုင်ခွင့် ရှိရမယ်လေဗျာ။ ဒါမှ ကိုယ်ဘာလုပ်ရမယ်၊ ဘာတွေ တာဝန်ယူရမယ်၊ ဘယ်လိုအကျိုး အမြတ်တွေရှိတယ်။ ခံစားခွင့်က ဘယ်လို။ ဘာညာ သိခွင့်ရှိတယ်မို့လား။ ကျွန်တော်မေးတော့ ဆရာ၊ ဆရာမတွေက မျက်နှာပျက် ချင် ချင်ဗျို့။ အလုပ် မလုပ်ရသေးခင် ဘာတွေ ဘယ်လို ခံစားခွင့်ရှိသလဲဆိုတာ အလုပ်သမားဘက်က မေးပိုင်ခွင့် အပြည့်ရှိတယ်ဆိုတာ အထူးသဖြင့် အဲဒီ HR မန်နေဂျာဆိုတဲ့ အမျိုးသမီးက သိပ်နားလည်ပုံ မရပါဘူးဗျာ။
ကျွန်တော့်ကို လိုအပ်ရင် ကားမောင်းရမယ်တဲ့။ နယ်မှာလဲ နေချင် နေရမယ်တဲ့။ လိုအပ်ရင် ညဘက်တွေလဲ အလုပ် လုပ်ရမယ်တဲ့။ ဒါပေမယ့် အိုဗာတိုင်ကြေး မရှိဘူးတဲ့။ အလုပ်တစ်ခုမှာ လိုအပ်ရင် ညဘက်အလုပ် လုပ်ရမယ်ဆိုတာ နားလည်ပါတယ်ဗျာ။ ရက်အစား ပြန်နားလို့ရတယ် ဆိုပေမယ့် နေ့မှာ အလုပ်လုပ်တာနဲ့ ညတွေမှာ အလုပ်လုပ်တာ ဘယ်ဒင်းက ကျန်းမာရေး ပိုထိခိုက်တယ်ဆိုတာ သိလို့ အဲဒီမှာတော့ ည အလုပ် လုပ်တဲ့ သူတွေကို ညကြေးဆိုပြီး သပ်သပ် ပေးရတယ်မို့လား။ ဒါကြောင့် အိုဗာတိုင်ကြေး မရှိဘူးဆိုရင် လစာကောင်းကောင်းပေးရမယ်ဗျ။ မျှော်မှန်းလစာ ဒေါ်လာ တစ်ထောင်လို့ ကျွန်တော်ပြောတော့ အဲဒီအမျိုးသမီးက “I am going to crazy. I don’t know how about you.” ဆိုပြီး ကျွန်တော့်ကို တွယ်သဗျ။ လစာက ညှိနှိုင်းလို့ ရပါတယ်လို့ ကျွန်တော်က ပြောတော့ အဲဒီအမျိုးသမီးက မြန်မာငွေ သုံးသိန်းခွဲထက် ပိုမပေးနိုင်ဘူးတဲ့ဗျာ။ အချိန်တွေ ကုန်။ လေတွေ ကုန်သွားပြီလို့ ကျွန်တော်တွေးမိပြီး ယဉ်ယဉ်ကျေးကျေးနဲ့ “ဒါဆို အင်တာဗျူး ပြီးပြီ။ ငါ့ကို ခွင့်ပြုပါအုံး” ဆိုပြီး ပြန်ထွက်လာတော့ နောက်ကနေ လှမ်းပြောလိုက်သေးသဗျ။ “ A lot of persons are waiting for this position in the market.” တဲ့ဗျာ။ ကျွန်တော့်မှာ သွေးတိုး မရှိတာဘဲ ကျေးဇူး တင်ရမယ်ဗျို့။ သွေးတိုးများရှိရင် ဦးဏှောက်သွေးကြော ပြတ်ပြီး နေရာမှာတင် ဒိုင်းခနဲ့ ပစ်လဲပြီး သေလောက်အောင် ဒေါသထွက်သဗျာ။ ဒါပေမယ့် ကျွန်တော်လဲ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူပြောတာလဲ ဟုတ်မှာပေါ့။ ရှိရင် ခိုင်းပေါ့။ ကျွန်တော်ကတော့ လစာ သုံးသိန်းခွဲနဲ့ နေ့ရော ညရော လုပ်ရမယ့် တာဝန်တွေ အများကြီး ယူရမယ့် အလုပ် မလုပ်နိုင်ဘူးဗျာ။ ဆားနဲ့ဘဲ စားရ။ စားရ။
နောက်မှ ပြည်တွင်းမှာ အကြာကြီး အလုပ် လုပ်နေတဲ့ သူငယ်ချင်းတွေ မေးစမ်းကြည့်မှ အဲဒီ ကုမ္ပဏီက ဘယ်သူပိုင်သလဲ ဆိုတာ သိရတာ။ ထုံးစံအတိုင်း အဘခပ်ကြီးကြီး ဘောင်းဘီချွတ် အဘိုးကြီးရဲ့ သား၊ သမီးတွေထဲက လုပ်ငန်းခွဲတစ်ခုတဲ့ဗျို့။ စည်ပင်က ဆောက်လုပ်ခွင့်တောင် မကျဘဲ ၆၃ ထပ် အဆောက် အဦးကြီး တစ်ခုကို ဖောင်ဒေးရှင်းတွေတောင် ပြီးလို့ ပထမထပ်တောင် စနေတဲ့ အလုပ်အတွက် လူခေါ်တာတဲ့ဗျို့။ ထားပါဗျာ။ ဒါက ကျွန်တော် ကြုံရတာကို ခင်ဗျားကို ပြောပြတာပါ။ တကယ့် market ထဲမှာ ခင်ဗျားလိုမျိုး အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေအတွက် မြန်မာငွေ ခြောက်သိန်း ခုနှစ်သိန်းလောက်တော့ ရှိမှာပေါ့။ ဒါပေမယ့် ရှားပါသေးတယ်။ ခင်ဗျားရဲ့ စားစရိတ်၊ လာစရိတ် နှုတ်လိုက်ရင် ဘာကျန်မလဲဗျ။ ခင်ဗျားသားကို ရည်မှန်းချက် ကြီးကြီးနဲ့ ပညာသင်ပေးချင်တဲ့ ခင်ဗျားလိုလူလား တစ်လကို ငါးသိန်း ခြောက်သိန်းနဲ့ လောက်မှာ။ မိသားစုနဲ့ နေချင်တယ်။ ပြည်တွင်းမှာဘဲ အလုပ်လုပ်ချင်သပ ဆိုရင်တော့ သဘောဘဲဗျ။
အဲ…လက်ရှိ နိုင်ငံရေး အခြေ အနေ ဘယ်လို ရှိသလဲဆိုတဲ့ ခင်ဗျား မေးခွန်းလဲ ဥာဏ်မှီသလောက် ဖြေချင်သေးသဗျို့။ ကျွန်တော် ဘာကောင်မှ မဟုတ်တာလဲ ခင်ဗျားသိတာဘဲ။ ဒါပေမယ့် ဘော်ဒါ အရင်းခြင်းတွေမို့လို့ ခပ်တင်းတင်း ခပ်ရဲရဲဘဲ ဖြေပါရစေတော့။ တကယ့် ဘူးရှစ် ဘဲဗျို့။ ရသလောက် ညစ်မယ်။ ခြေထိုးမယ်။ အောက်တန်းကျမယ်။ အာရုံပြောင်းမယ်။ သေချင်သေပစေ။ ထိုင်ခုံတော့ မပေးဘူးဆိုတဲ့ အချိုးဗျို့။ အဘွားကြီးလဲ မရပါဘူးဗျာ။ ခင်ဗျားကတော့ စိတ်ဆိုးမှာဘဲ။ ခင်ဗျားအမေထက်တောင် ပိုချစ်တဲ့ အဘွားကြီးကို မရဘူးလို့ ပြောလို့လေ။ ဘယ်ရလိမ့် မလဲဗျ။ အဘွားကြီးက ရိုးသားတယ်ဗျ။ ဖြူစင်တယ်ဗျ။ မကောက်ကျစ်ဘူးဗျ။ အဖြောင့်သမားကြီးဗျ။ ဒီလူတွေက… မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပြီးတော့ကို အသိုင်း အ၀ိုင်း တစ်ခုလုံးက ……ထားပါဗျာ။ အကုသိုလ် များလိုက်တာဗျာ။
ခင်ဗျားလဲ သိသားဘဲ။ အဘွားကြီး ပြောနေကျ စကားလေ။ “မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး” ဆိုတာလေ။ ဒီလောက်တောင် ပြောတဲ့ အမျိုးသမီးကြီး။ ကိုင်း လုပ်စမ်းဆိုပြီး ဟန်ပြလေး တရားဥပဒေစိုးမိုးရေးကော်မရှင် ဥက္ကဌရာထူးတောင် ပေးထားသေးမို့လား။ ဟောရင်းသာ ပြန်လွန်တော် မူမယ် ဆရာရေ့။ အောက်ခြေလဲ မပြောင်းဘူး။ အလယ်က ဒီအတိုင်း။ အထက်ကတော့ ဘနှဖူး တင်ဒါခေါ် ရောင်းစားမယ့် လူတွေဗျ။ ကိုယ်တိုင်တူးရင် ပင်ပန်းတယ်လေဗျာ။
မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိတာ ရန်ကုန်က လမ်းတွေပေါ်မှာ ကားတွေ ဘယ်လို မောင်းသလဲဆိုတာ ကြည့်တော့လို့ ပြောရမှာဘဲဗျို့။ စည်းကမ်းမရှိဘူးဗျာ။ ဥပဒေဆိုတာ ဘာလဲလို့ မေးရမယ်ဗျို့။ အဆင်ပြေသလို ကြည့်ကျက် မောင်းခြင်းဟာ မြန်မာပြည်က ဥပဒေတွေဘဲဗျို့။ သိသာ ထင်ရှားတဲ့ မီးနီ၊ မီးဝါ၊ မီးစိမ်း တောင်မှ မကောင်းတတ်လို့ဗျို့။ ဒါတောင် မီးနီနေရင် ကားတစ်စီးစာလောက် ရပ်မျဉ်းရဲ့ အရှေ့ကို ကြိုထွက်ထားသေးတာ။ ရရင် ရသလောက် စည်းကမ်း ဥပဒေတွေကို ချိုးဖောက်ရမှကို ကျွန်တော်တို့က စားဝင် အိပ်ပျော်ကြတယ် ထင်ပါရဲ့ဗျာ။ ကိုယ့် တစ်စီးစာလောက် နောက်ဆုတ်လိုက်ရင် တစ်ဘက် ယဉ်ကြော ကား အစီး ၁၀၀ လောက် အဆင်ပြေ ချောမွေ့မယ့် ကိစ္စမှာ ဘယ်လို မျက်နှာပေးကြီးတွေနဲ့ လမ်းလယ်မှာ ကန့်လန့်ကြီး ဇွတ်ဝင်တိုးကြသလဲ နားမလည်ပါဘူးဗျာ။ သူလွတ်သွားတော့ ရှေ့ကို သွားလို့ရသလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ရှေ့ ၀ါးတစ်ပြန်လောက်မှာ သူလဲ လမ်းပြန်ပိတ်မှာဘဲဗျ။ ဒါပေမယ့်ဗျာ…သာကီမျိုး ..စိတ်ကြီးတယ်။ လျှော့တာတော့ မလျှော့နိုင်ဘူးဆိုတဲ့ လူတွေ အများစု ရန်ကုန်မှာ ကားမောင်းနေတာဗျို့။
အဲ …ဒါပေမယ့် ကောင်းတာလေး တစ်ခုတော့ ရှိသဗျို့။ လက်ကလေး ထောင်ထောင်ပြီး မျက်နှာကို ပြုံးပြီး မောင်းရင်တော့ အဆင်ပြေကြတယ်။ ဂငယ်ကွေ့ ကွေ့လို့ မရတဲ့ မျဉ်းအဖြူ continuous line မှာ လက်ကလေးထောင် “အစ်ကိုရေ တစ်စီးလောက်” ဆိုရင်လဲ ဖြစ်တယ်။ လမ်းလေးဆုံမှာ အတည့်သွားမယ်ဆိုရင် ရပ်၊ တင်၊ ချ လုပ်ဖို့ အချက်ပြဖို့ အသုံးပြုရမယ့် ဆိုင်းလင့်မီး၊ မြန်မာတွေအခေါ် စုံမီးကို ဖွင့်မောင်းတာလဲ မှန်တယ် ထင်ကြတာဗျ။ သိပါဘူးဗျာ။ ကျွန်တော်ကိုကဘဲ သောက်ကြီး သောက်ကျယ် နဲ့ အပြစ်တွေဘဲ လိုက်မြင်နေတဲ့ လူလဲ ဖြစ်နေသလားတော့ မသိပါဘူး။ သေချာတာကတော့ ခင်ဗျားနဲ့ မဖြစ်ပါဘူးဗျာ။ ခင်ဗျားက မှန်တယ်ထင်ရင် သိကြားမင်းနဲ့တောင် ဖက်လုံးချင်တဲ့လူဆိုတော့ ရန်ကုန်မှာ ကားမောင်းလို့ မရတာတော့ အသေအချာဘဲ။ ရန်ကုန် ကားမောင်းရတာ ခင်ဗျား မှန်လဲ မှားချင် မှားတယ်။ ခင်ဗျား မှားလဲ မှားချင် မှားတာဘဲဗျ။ ၀ိတ်အကြီးကြီးတွေနဲ့ ဘတ်စ်ကားကြီးတွေနဲ့ ယှဉ်ပြီး ငါမှန်တယ်ထင်ပြီး ဇွတ်ဝင်တိုး ခင်ဗျားလို လူအတွက် ဘယ်နေရာ ဘယ်လို ခွေးသေ ၀က်သေ အသက်ထွက်မယ် မသိဘူး။ ဆင်းပြီး အသေရိုက်မယ့် လူတွေဗျို့။ ဘယ်ရဲမှ ခေါ်ဖို့ မစဉ်းစားနဲ့။ သေစရာ ရှိတာ သေပြီးမှ “ပြည်သူ့ဝိုင်းတွေ ရဲထားတယ်” ဆိုတဲ့ ဥပဒေတွေဗျို့။ ဒါမှ မဟုတ်ရင်လဲ ကျွန်တော်သူငယ်ချင်း Taxi မောင်းသမားလို တုတ်တစ်ချောင်း ကားပေါ် တင်ထားဗျို့။ သူကပြောသေးတာ။ မြန်မာပြည်က ဥပဒေက မိမိကိုယ် ကိုယ် အားကိုးပါ ဥပဒေတဲ့ဗျို့။ ဘယ်သူ့မှ အားမကိုးနဲ့။ သူသေ ကိုယ်သေ ရိုက်ချင်ရင် ရိုက်။ ဒါမှ မဟုတ်ရင်လဲ ဆဲသမျှ၊ အနိုင်ကျင့်သမျှ၊ စော်ကားသမျှ၊ ညွှန့်သမျှကို တရားမှတ်ပြီးသာ သီးခံတဲ့ဗျ။
ကိုင်း…ကျွန်တော့်စာလဲ တောင်ရောက် မြောက်ရောက်ပါဗျာ။ ခင်ဗျားကို စိတ်ပျက်၊ စိတ်ညစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ခံစားရသလောက် ပြောပြတာပါ။ ခင်ဗျား မိသားစုနဲ့ နေချင်လို့ မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်လဲ ပြန်လာပေါ့။ အရမ်းကြီး မျှော်လင့်ပြီး မာနကြီး တစ်ခွဲသားနဲ့ ပြန်တော့ မလာနဲ့ဗျို့။ ဒါဆိုရင်တော့ အဆင်ပြေမယ် မထင်ဘူး။ ခင်ဗျားတို့ ကျွန်တော်တို့က သူဌေးကြီး ဖြစ်ချင်နေကြတဲ့ လူတွေ မဟုတ်သလို သူဌေးဖြစ်ကြမယ့် လူတွေလဲ မဟုတ်ပါဘူးဗျာ။ ရောင့်ရဲစိတ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ရသလောက် အကျိုးပြုမယ်။ စည်းကမ်းပြည့်ဝသော ရေလာမြောင်းပေး ဒီမိုကရေစီကြီးကိုလဲ အမှန်အကန် ရေမရော ဒီမိုကရေစီဖြစ်အောင် ကူညီမယ်ဆိုရင်တော့ ပြန်လာဗျို့။ အဲဒီလိုမှ မဟုတ်ဘဲ လောဘကြီးမယ်။ သူဌေးကြီး ဖြစ်ချင်တယ်။ မှန်တာကိုဘဲ လုပ်မယ်။ မှန်တဲ့အတိုင်းဘဲ သွားမယ်ဆိုရင်တော့ ခင်ဗျား စိတ်ခံစားမှုတွေ အဆင်ပြေလိမ့်မယ်။ ခင်ဗျား မိသားစုတော့ အဆင်ပြေမယ် မထင်ပေါင်ဗျာ။
ဒီလိုမှ မဟုတ်ရင်လဲ ရန်ကုန်လမ်းတွေပေါ်မှာ ကားမောင်းသလိုမျိုး လက်ကလေးထောင်ထောင်ပြီး မျက်နှာဖြီးကြီးနဲ့ စည်းကမ်း ဖောက်ချက်သလို ဖောက် မောင်းကြသလိုမျိုး စိတ်ထားမျိုးနဲ့ ဆိုရင်တော့ ပြန်လာဗျို့။ လုံးဝ လုံးဝ အဆင်ပြေလိမ့်မယ်။ အဲ..ဒါပေမယ့် ၀ိတ်ကြီးတဲ့ ကားကြီးတွေနဲ့ ခင်ဗျား မယှဉ်နိုင်သလို ၀ိတ်ကြီး လူကြီးတွေနဲ့ ခင်ဗျား ယှဉ်လို့ မရတာကိုတော့ စိတ်ထဲ ထည့်ထားဗျို့။ ကျန်မာရေးဂရုစိုက်ဗျို့။ ကျန်းမာမှ ကျွန်တော်တို့လဲ အဘွားကြီးကို မသေမချင်း ချစ်ရ၊ ခင်ရ၊ အားပေးလို့ ရမှာမို့လား။ ဘ၀က တိုပါတယ်ဗျာ။ မသေခင်လေးမှာ ကိုယ်ချစ်ချင်တဲလူကို လွတ်လွတ်လပ်လပ်ကြီး ချစ်ခွင့်ရှိတာ ဘယ်ဒီမိုကရေစီမှ မလိုဘူးဗျို့။ မကျေနပ် ဖင်သာ ဆောင့်သေကြလို့ ကျွန်တော်တို့ အချင်းချင်း ပြောကြသလိုမျိုး ပြောကြရမှာဘဲ။
တော်သေးပြီ။ (မိုးမခမှကူးယူဖော်ပြသည်)
ဖိုးထက်
No comments:
Post a Comment