Tuesday, July 22, 2008

အရိုးတီဗီ ရောဂါ ခံစားနေရသော ကိုလှဖုန်း အတွက် အကူအညီ တောင်းခံအပ်ပါသည်


ကိုရီးယားနိုင်ငံ ဂူန်ဖိုမြို့တွင် နေထိုင် အလုပ်လုပ်ကိုင်ခဲ့သော ကိုဝင်းနိုင်ဦး ခေါ် ကိုလှဖုန်း ဆိုသူသည် အရိုးတီဗီ ရောဂါခံစားနေရ၍ ယခုလက်ရှိ ဆိုးလ်မြို့ရှိ အာဆန်း အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသခြင်းကို ခံယူလျှက်ရှိပါသည်။ ထိုဆေးရုံကြီး တွင် ဇူလိုင်လ ၁၀ရက်နေ့က ပထမအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဇူလိုင်လ ၂၂ရက်နေ့တွင်လည်း ဒုတိယ အကြိမ် ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပါသည်။ အာဆန်း အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆရာဝန်၏ ရှင်းလင်းပြောပြချက်အရ ကိုလှဖုန်း ခံစားနေရသော ရောဂါသည် အရိုးတီဗီ ရောဂါထဲတွင် အဆိုးရွားဆုံး ရောဂါဖြစ်သည်ဟု သိရပါသည်။

ခွဲစိတ်မှု ပြုလုပ်ရာတွင်လည်း အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသမှုဋ္ဌာန၊ အရိုးခွဲစိတ်ကုသမှုဋ္ဌာန၊ (နှလုံး၊အသည်း၊ကျောက်ကပ်စသည့်) ခန္ဓာကိုယ်အတွင်းပိုင်း ခွဲစိတ်မှုဋ္ဌာန တို့ပူးပေါင်းကာ ထိုဋ္ဌာနများမှ ပါရဂူကြီးများ ကိုယ်တိုင် ခွဲစိတ်ကုသရသည့် အနေအထားတွင် ရှိပါသည်။ ကိုလှဖုန်းသည် ကိုရီးယားနိုင်ငံတွင် ရက်လွန်နေထိုင်သူ (Over Stay) ဖြစ်သဖြင့် ကျန်းမာရေးအာမခံ တင်ထားနိုင်ခြင်း မရှိသည့်အပြင် ကိုလှဖုန်း အလုပ်လုပ်ကိုင်ခဲ့သော စက်ရုံအလုပ်ရုံမှ လူမဆန်စွာ တာဝန်ယူမှု မရှိသည့်အတွက် များပြားလှသည့် ဆေးကုသစရိတ်အား ဖြေရှင်းနိုင်ရန် အခက်အခဲ များစွာ ကြုံတွေ့နေရပါသည်။

အာဆန်း ဆေးရုံ၏ ပြောပြချက်အရ ပထမအကြိမ် ခွဲစိတ်မှု အပါအ၀င် ဇူလိုင်လ ၁၇ရက်နေ့ထိ ဆေးကုသမှု ကုန်ကျစရိတ် ၀မ် သိန်း ၁၆၀ ရှိနေပြီဟု အသိပေး အကြောင်းကြားလာပါသည်။ ကိုလှဖုန်း သည် လွန်ခဲ့သည့် မတ်လ ၂၆ရက်နေ့မှ စတင်ပြီး မခံမရပ်နိုင်အောင် ခါးနာသည့် ဝေဒနာ ခံစားရသည့်အတွက် အလုပ်လုပ်ကိုင်နေသော စက်ရုံမှ ဆိုးလ်မြို့ရှိ ကြက်ခြေနီဆေးရုံ သို့ တင်ပေးခဲ့ပါသည်။ ဆေးရုံတင်ပေးသည့် အချိန်တွင်လည်း စက်ရုံမှ တာဝန်ရှိသူများသည် မိမိတို့ စက်ရုံနှင့် ပတ်သက်မှု လုံးဝ မရှိသည့် ပုံစံဖြင့် တခြား စက်ရုံတခု၏ အမည်ဖြင့် တင်ပေးခဲ့ပါသည်။ ထိုကြက်ခြေနီဆေးရုံသည် ကျန်းမာရေးအာမခံ မရှိသည့် နိုင်ငံခြားသားများအား အခမဲ့ ကုသပေးသော ဆေးရုံဖြစ်ပါသည်။ထိုဆေးရုံတွင် ဧပြီလ ၂၃ရက်နေ့အထိ ဆေးကုသမှုခံယူခဲ့ပြီး ၊ဧပြီလ ၂၄ရက်နေ့မှ ဇူလိုင်လ ၄ရက်နေ့အထိ ဆိုးလ်မြို့ ဒေါင်ဒဲမွန် အားကစားကွင်း အနီးရှိ National Medical Center တွင် ဆေးကုသမှု ခံယူခဲ့ရပါသည်။ ထိုဆေးရုံ၏ ဆေးစစ်ချက်အရ အရိုးတီဗီ ရောဂါဖြစ်ကြောင်း စတင်သိရှိခဲ့ရပါသည်။

ထိုဆေးရုံမှ ခွဲစိတ်ကုသမှု ပြုလုပ်ပေးရန် စီစဉ် ကြိုးစားခဲ့သော်လည်း ကြီးမားသည့် ရောဂါဖြစ်သည့်အတွက် ခွဲစိတ်ကုသရန် လိုအပ်သည့် ပစ္စည်းကိရိယာ နှင့် ကျွမ်းကျင်သည့် သမားတော်များ ပြည့်စုံစွာ မရှိသည့် အတွက် အထွေထွေရောဂါကု တက္ကသိုလ် ဆေးရုံကြီးများသို့ ပြောင်းရွှေ့ကုသရန် ညွှန်ကြားခဲ့ပါသည်။ ထိုဆေးရုံသည်လည်း အခမဲ့ကုသပေးသည့် ဆေးရုံဖြစ်ပါသည်။ ခွဲစိတ် ကုသခြင်း မပြုလုပ်ပါက ရောဂါပိုးများကြောင့် ပြည်တည် ဆွေးမြည့် နေသည့် အရိုးနေရာမှ တခြားနေရာ များသို့ပါ ကူးစက်သွားနိုင်သည့် အပြင် ထိုနေရာမှ ပြုတ်ထွက်ကာ ကျောရိုးမကြီးသည် ထက်ပိုင်း ကျိုးသွားသည့် သဖွယ်ဖြစ်ပေါ်လာပြီး သွေးကြောများနှင့် အာရုံကြောများကို ဖြတ်တောက်ပြီး အောက်ပိုင်းသေသွားသည့် အနေအထားအထိ ဖြစ်ပေါ်နိုင်သည် ဟု ဆရာဝန်များမှ ရှင်းလင်းပြောပြပါသည်။

ယခု လက်ရှိ ဆေးကုသမှု ခံယူနေသော အာဆန်း ဆေးရုံကြီးမှ ဆေးကုသစရိတ်၏ ကုန်ကျငွေများ အနက်မှ ၀မ် သိန်း၅၀ အား တာဝန်ယူ ကုန်ကျခံပေးမည် ဖြစ်သော်လည်း ကျန်းမာရေးအာမခံ မရှိခြင်း၊ ကြီးမားသော ခွဲစိတ်ကုသမှု တို့ကို ခံယူရသည့်အတွက် ဆေးကုသစရိတ်မှာ အင်မတန် များပြားလွန်းသည် ဖြစ်ပါ၍ ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသား ညီအကို မောင်နှမ များမှ ကိုယ့်နိုင်ငံသား တဦး၏ ကျန်းမာရေးအတွက် မိမိတို့ တတ်စွမ်း နိုင်သလောက် ၀ိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


♥ ဇီဝိတဒါန အလှူသည် မြတ်သော အလှူတခု ဖြစ်ပါသည်။ ♥


အသေးစိတ် သိရှိလိုသူများအနေဖြင့် ၀၁၀-၅၈၂၀-၂၂၀၈ ကိုဝင်းလှိုင် ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဆေးကုသစရိတ် ကူညီလိုသူ စေတနာရှင်များအနေဖြင့် …………အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဦးခင်မောင်ရင် ၀၁၁-၉၃၈၆-၇၁၅၃
ကိုမိုးကြီး(၀ိုင်မြစ်ချို) ၀၁၁-၉၇၁၄-၇၀၁၉
ဦးအောင်ခင် ၀၁၀-၅၈၄၄-၂၅၅၆
ကိုဝင်းလှိုင် ၀၁၀-၅၈၂၀-၂၂၀၈

No comments: