ဘယ်နေရာရောက်နေပြီး ဘာလုပ်ရမယ်မှန်း မသိသူအဖို့ အသင့်တော်ဆုံးအရာမှာ ထိုနေရာမှ ဖယ်ရှားပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒြာဝပ် ရာထူးမှ နုတ်ထွက်ပေးဖို့ ကျိန်းသေသွားတဲ့ အဖြစ်က ယခုနှစ်အတွက် အလှပဆုံး ပြဇာတ်တပုဒ်ဟုပင် ဆိုသင့်ပါတော့တယ်။ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့, အစိုးရ အပြောင်းအလဲလုပ်ဖို့ အတိုက်အခံပါတီ ဦးဆောင်တဲ့ အလတ်တန်း ထိုင်းလူမှုအသိုင်းအ၀ိုင်းက ဆန္ဒပြ တောင်းဆိုနေတာ အရှိန်အဟုန် ကောင်းနေတုန်းမှာပဲ မထင်မှတ်တဲ့ ညာဖြောင့်လက်သီးတချက်က ဆမတ် မေးရိုးကို တည့်တည့်ထိသွားတော့တာပါ။
ကျနော်က ထိုင်းနိုင်ငံရေးကို ထဲထဲဝင်ဝင် သိသူတော့ မဟုတ်ပါဘူး။ ဖြတ်သွားဖြတ်လာသဘော ကြည့်မိတာလောက်ပါ။ ထိုင်းက ဒီမိုကရေစီနိုင်ငံ ဆိုပေမယ့် ဘုရင်ကို ချွင်းချက်ထားရတဲ့ စနစ်ပါ။ `ပြောချင်တာပြော ဒါတော့ မပြောနဲ့´ ဆိုတဲ့ ပြက်လုံးအတိုင်းပေါ့။ ဒီတော့လည်း နိုင်ငံရေး, စီးပွားရေးမှာ အသာစီးရထားတဲ့ အထက်လွှာတွေက ထိုင်းနိုင်ငံကို လွှမ်းမိုးထားတာ ဘာဆန်းမှာတုန်း။ ထိုင်းစစ်တပ်တို့, ရဲတပ်တို့ ဆိုတာက အာဏာသိမ်းတမ်း ခဏခဏ ကစားတတ်ကြတာ။ ဒါကလည်း ဘုရင်က လက်ခံရင် ကြိုက်တာလုပ်လို့ ရမှန်းသိနေတော့ အာဏာလုကြတာက ဖက်ရှင်တခုလို ဖြစ်လာတာပေါ့။
တဖက်မှာတော့ ထိုင်း ပညာတတ်တွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက သူတို့နိုင်ငံကို တူတူတန်တန် ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်ကြပါတယ်။ ဖြစ်အောင်လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် ဒီမိုကရက်တစ်တွေ ဆိုတာက လူထုကို စကားလုံးတွေသာ ပေးနိုင်တာ။ ပိုက်ဆံ ပေးနိုင်တာ မဟုတ်ပါဘူး။ ထိုင်းမှ မဟုတ်ပါဘူး။ အခြားနိုင်ငံက ဒီမိုကရက်တစ်တွေလည်း ဒီလိုပါပဲ။ ဆင်းရဲကြတယ်လေ။ ဒီတော့ လူထုကို ပိုက်ဆံပေးနိုင်တဲ့ ချမ်းသာတဲ့ ကွန်ဆာဗေးတစ်တွေ, ဗျူရိုကရက်တွေ, အာဏာသမားတွေက `လူထုဆီက ၀ယ်ထားတဲ့ မဲနဲ့´ ရှေ့တန်းရောက်လာကြတာပါပဲ။
သွားလေသူ သက်ဆင်ဆိုတာ စီးပွားရေးသမား သက်သက်ပါ။ ပိုက်ဆံပေါက်ပြီး ၀န်ကြီးချုပ် ကုလားထိုင်ကို ယူထားတာ အားလုံးသိနေကြတာပါပဲ။ သက်ဆင် တဆွေလုံး တမျိုးလုံး စားတာဝါးတာ များလွန်းတော့ စစ်တပ်က မျက်စိနောက်ပြီးတော့ ၂၀၀၆ စက်တင်ဘာမှာ အာဏာသိမ်းလိုက်ပါလေရော။ ထိုင်းစစ်တပ်က အာဏာသိမ်းပေမယ့် ရေရှည်တော့ မနေနိုင်ဘူးလေ။ ဒါကြောင့် တနှစ်ကျော်ကျော်လေးမှာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာလွှဲပေးလိုက်ပါတယ်။ ဒါပေမဲ့ အာဏာ ပြန်ရလာသူကလည်း သက်ဆင်လက်စွဲ ဆမတ် ဖြစ်နေပြန်ရော။ ဘယ်တတ်နိုင်မလဲ။ မဲနိုင်တော့ ပေးလိုက်ပေါ့။
ဆမတ်ဟာ အာဏာရလာကတည်းက သူ့ဆရာ သက်ဆင်ကို အပြည့်အ၀ အကာအကွယ်ပေးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အတိုက်အခံတွေကိုလည်း သူ့ဆရာ စတိုင်အတိုင်း ခပ်ဖိဖိ လုပ်ထားပါတယ်။ သတင်းစာဆရာတွေ ဆိုလည်း နှိပ်ကွပ်တာပါပဲ။ မြန်မာပြည်နဲ့ ဆက်ဆံရေး ကျပြန်တော့လည်း ဗိုလ်ချုပ်မင်းတွေကို ဘုရားလို ထိုင်ရှိခိုးမတတ် လုပ်ပြပြန်တာပါပဲ။ သူ ပြောပုံလေးတွေက တော်တော်သင်းတယ်။
``မြန်မာပြည်က ဗိုလ်ချုပ်တွေက ကျနော်တို့ လိုချင်တဲ့ ဂက်စ်တွေ ရောင်းပေးတယ်။ ငါးဖမ်းခွင့်ပေးတယ်။ ဒါ ဘယ်လောက်ကောင်းလဲ။ ဒီလို လူတွေကို ကျနော်တို့က မိတ်ဆွေကောင်းလို့ မပြောသင့်ဘူးလားတဲ့။´´
မနှစ်က စက်တင်ဘာ သံဃာ့လှုပ်ရှားမှုပြီးတော့ ဆမတ် မြန်မာပြည်သွားပြီး၊ ဗိုလ်ချုပ်မင်းတွေနဲ့ တွေ့တယ်။ ပြီးတော့ သူက ပြောလိုက်တယ်။
``မြန်မာပြည်က အကိုတော် ဗိုလ်ချုပ်တွေက ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းပြီး၊ တရားထိုင်ကြတယ်´´ ဆိုပဲ။
ဟော… မနေ့တနေ့ကပဲ ပြောလိုက်သေးရဲ့။
``ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထားလိုက်ရင် ပိုအကျိုးရှိမယ်´´ တဲ့။
အဲသလို သြဘာပေးတတ်တဲ့ ဆမတ်တယောက် ဒီကနေ့မှာတော့ ထိုင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ထုတ်ပြန်ချက်အောက်မှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်သွားပါပြီ။
ဖြစ်ပုံက ဆမတ်က ၀န်ကြီးချုပ် လုပ်နေလျက်နဲ့ ထိုင်း စီးပွားရေးဆိုင်ရာ တီဗီလိုင်း နှစ်ခုရဲ့ အစားအစာ ချက်ပြုတ်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ဒီလို လုပ်တာဟာ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ တရားသူကြီး ကိုးယောက်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဆမတ်အဖို့ အယူခံ ၀င်နိုင်ပေမယ့် အလားအလာ မရှိတော့ပါဘူး။ သူ ၀န်ကြီးချုပ် ရာထူးကနေ ဆင်းပေးရဖို့ သေချာသွားပါပြီ။
အတိုက်အခံတွေက ဒီအစိုးရကို လွှတ်တော်ထဲကနေ ပြောနေလို့ မရဘူး။ လူထုနည်းနဲ့ လမ်းပေါ်က ပြောမှရမယ်ဆိုပြီး ဆန္ဒပြနေကြတာ လနဲ့ချီနေပါပြီ။ ဆန္ဒပြသူတွေက အစိုးရ ယန္တရားကို ရပ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ရုံးအချို့ဝင်စီးတာက လွဲလို့ ဆက်မကြမ်းကြပါဘူး။ သြဂုတ်လကုန်ပိုင်းက အသေအပျောက် အထိအခိုက် အနည်းငယ် ဖြစ်ပြီးတဲ့နောက် အတန်ငယ် အေးနေသလို ဖြစ်နေချိန်မှာ၊ ဆမတ်က ရားထူးက နုတ်ထွက် မပေးနိုင်ဘူးလို့ ခပ်တင်းတင်း ပြောနေခဲ့သေးတာပါ။ ပြီးခဲ့တဲ့ အပတ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရပါတီဟာ မဲမသမာမှုတွေ ရှိတယ်, ဒါကြောင့် အာဏာစွန့်လွှတ်ရမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါက ဆမတ် အထိခံလိုက်ရတဲ့ ဘယ်ဝှိုက်လက်သီး တချက်။
ဘယ်ဝှိုက်ထိတော့ ဆမတ်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးပါမယ်လို့ လေပြေထိုးပါတယ်။ မကြာပါဘူး။ အခုတော့ အခြေခံဥပဒေ တရားရုံးက ဆမတ်မေးရိုးကို ညာဖြောင့်လက်သီး တချက် တည့်တည့် ပစ်သွင်းလိုက်ပါတယ်။ ၀န်ကြီးချုပ် တယောက်ဟာ အခြား လုပ်ငန်းတခုခုမှာ အခကြေးငွေ ရယူပြီး အလုပ်မလုပ်ရဘူးလို့ ဥပဒေက ပြဋ္ဌာန်းထားတယ်။ ဒီဥပဒေမျိုးက နိုင်ငံတိုင်းလိုလိုမှာ ရှိတာပါ။ ဆမတ်ကတော့ အစားအသောက် ချက်ပြုတ်ရေး အစီအစဉ်မှာ ပိုက်ဆံယူပြီး ပါဝင် တင်ဆက်တယ် ဆိုပဲ။
တရားရုံးမှာ ကုမ္ပဏီဖက်က ဆမတ်ဟာ ၀န်ထမ်း မဟုတ်ပါဘူး။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်လာ ၂၃၀၀ ပေးတာပါလို့ ထန်းလက်ကာပါတယ်။ ဆမတ်ကတော့ ပိုက်ဆံလိုချင်လို့ လုပ်တာ မဟုတ်ပါဘူး။ ၀န်ထမ်းလည်း မဟုတ်ဘူး။ ၀ါသနာ အရပါ လို့ ချေပပါတယ်။ ဒါပေမယ့် တရားသူကြီးတွေက ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆမတ် အနေနဲ့ သူ့ဝန်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး၊ ရာထူးက အနားယူဖို့သာ ရှိပါတော့တယ်။
ဆမတ် အချက်အပြုတ် ၀ါသနာပါတာကို ဘာမှ ပြောစရာ မရှိပါဘူး။ မြန်မာဝန်ကြီးချုပ်ကိုတောင် သူကိုယ်တိုင် ချက်ကျွေးသေးဆို မဟုတ်လား။ သို့ပေမယ့် ၀န်ကြီးချုပ် ဖြစ်လာရင်တော့ ၀န်ကြီးချုပ် တာဝန်ကို အဓိက ထမ်းဆောင်ရတော့မှာပေါ့။ ၀ါသနာကို မစွန့်လွှတ်နိုင်ရင် အားရက် နားရက်တွေမှာ လုပ်ပေါ့။ ၀န်ကြီးချုပ်က တီဗီမှာ ဟင်းချက်ပြနေမယ် ဆိုရင်တော့…။
ခုတော့ ၀ါသနာကို တလွဲဆံပင်ကောင်းတာကြောင့် ရာထူးပြုတ်ပြီ။ နိုင်ငံရေးကြောင့် ပြုတ်လုလုမှာ မထင်မှတ်တဲ့ အချက်က နော့ကောက်ယူသွားတော့တာပါပဲ။
ဝါရင့်နိုင်ငံရေးသမား တယောက်ဖြစ်နေပါလျက် နိုင်ငံရေး စကားလုံးလည်း မပြောတတ်, မီးဖိုချောင်ထဲကလည်း မထွက်နိုင်တဲ့သူအတွက် အခုလို တနှစ်မပြည့်ခင်မှာပဲ ရာထူးက ဆင်းပေးလိုက်ရတာဟာ ထိုင်းနိုင်ငံသားတွေ ကံကောင်းတယ်လို့ ဆိုရမှာပါ။
စကားလည်း တလုံးမှ မပြော, ဂေါက်သီးရိုက်လိုက်, ဂိမ်းဆော့လိုက် လုပ်နေတဲ့ သူက အနှစ်နှစ်ဆယ်လောက် ကြာနေတာကျပြန်တော့ မြန်မာနိုင်ငံသားတွေ ကံမကောင်းတာပဲပေါ့။
အခုလို ကြီးကျယ်တဲ့ ကိစ္စတွေမှသာ မဟုတ်ပါဘူး။ ကိုယ်ပါဝင်နေရတဲ့ ကိစ္စတိုင်းမှာ သတိပြုဖို့ လိုမယ် ထင်ပါတယ်။ ကိုယ်ရယူထားတဲ့ နေရာ သို့မဟုတ် ကိုယ်လိုချင်တဲ့ နေရာမှာ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိဖို့ အရေးကြီးလှပါတယ်။
တလောတုန်းက အခမ်းအနား တခုကို ရောက်သွားတယ်။ အခမ်းအနားမှာ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က သူ သီချင်းဆိုဖို့ အစီအစဉ် လုပ်ထားတယ်။ သီဆိုဖျော်ဖြေရေးက သူတယောက်တည်း သီးသန့်ပါ။ ဒါပေမဲ့ မိတ်ဆွေခမျာ သီချင်းကို ကောင်းကောင်း မဆိုလိုက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းတုန်းက ဒို့အရေး သွားအော်တာ အသံနာသွားလို့တဲ့။ သီချင်းဆိုတော့ အသံမထွက်တော့ပါဘူး။ ကျနော် တွေးမိတယ်။ ဒို့အရေး အော်တာ သူ တယောက်တည်း မဟုတ်ဘူး။ အများကြားမှာ ချိုထားလို့ ရတယ်။ ညမှာ သီချင်းဆိုစရာရှိရင် အသံကို နာအောင် အော်ဖို့ မသင့်ဘူး။ သူ့အသံ မကျယ်ရင်လည်း ကျန်တဲ့သူတွေက နားလည်ပေးနိုင်တယ်။ အများကြားမှာ ရောကြိတ်ရမယ့် ကိစ္စနဲ့ ကိုယ်တယောက်တည်း လုပ်ရမယ့် ကိစ္စ၊ ဘာကို ဦးစားပေး လုပ်ရမှာလဲဆိုတာကို မရွေးချယ်နိုင်တာပဲလို့ သုံးသပ်မိတယ်။
မနေ့တနေ့ကပဲ ကြုံရသေးတယ်။ အခြား မိတ်ဆွေ တယောက်ပါ။ ပွဲတခုမှာ ပါဝင်ဖို့ စာရင်းပေးထားပြီးမှ ရောက်မလာဘူး။ စုံစမ်းကြည့်တော့ မနက်ပိုင်းက ဘော်လုံးသွားကန်တာ ခြေနာသွားလို့ မလာနိုင်တာတဲ့။ သူက ဘောလုံးသမားလည်း မဟုတ်ပါဘူး။
ဒီလို ကိစ္စမျိုးတွေ တွေးကြည့်ရင် အများအပြားထွက်လာမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ဖြစ်ဖူး ကြုံဖူးနိုင်တာပါပဲ။ အသေးအဖွဲတွေလည်း ရှိနိုင်သလို အရေးပါတာတွေလည်း ရှိနိုင်တာပါပဲ။ ကိုယ်တယောက်တည်းနဲ့သာ ဆိုင်တဲ့ ကိစ္စမျိုးမှာ ဒီလိုဖြစ်လို့ မထောင်းတာသာပေမယ့် အများနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာကျတော့ ရိုက်ခတ်မှုက ကြီးလာတတ်ပါတယ်။ လူများများနဲ့ ပိုဆိုင်လေ ရိုက်ခတ်မှုက ပိုကြီးလေပါပဲ။
တကယ်တော့ လူဟာ ကိုယ်ဘယ်နေရာ ရောက်နေသလဲ ဆိုတာရယ်၊ ဘာလုပ်ရမှာလဲ ဆိုတာရယ်ကို တိတိကျကျ သိဖို့ သိပ်အရေးကြီးတယ် မဟုတ်ပါလား။
Email: paw369maung@gmail.com
Wednesday, September 10, 2008
ဘယ်နေရာလဲ ဘာလုပ်မှာလဲ
Subscribe to:
Post Comments (Atom)
2 comments:
ဘယ်သူမဆို မိမိရဲ့ စွမ်းဆောင်ရည်ထက်ပိုတဲ့ လုပ်ပိုင်ခွင့်ကို ရယူထားပြီဆိုရင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ ဆုံးရှုံးနစ်နာစရာတွေ ဆက်တိုက်ဖြစ်လာတော့တာပါပဲ။ ထိုင်း နဲ့ မြန်မာနိုင်ငံရဲ့ နမူနာတွေကို ကြည့်ပြီး ကျွန်တော်တို့လည်း သင်ခန်းစာယူကြရမှာပါ။
ပထမကိစ္စ ပထမ လုပ်တဲ့
အရေးကြီးတာ အရင်လုပ်တဲ့
အရေးပါတာ အရင်လုပ်တဲ့
အခုလို ဘယ်နေရာမှာ ဘာလုပ်ရမယ်မှန်းမသိတဲ့လူက ဘာကြောင့်ဝန်ကြီးချုပ်ဖြစ်နေမှန်းကို မသိတော့ဘူး...
ကျွန်တော်တို့ကို သတိပေးတာ ကျေးဇူးပါသူကြီးရေ....
Post a Comment