Saturday, September 6, 2008

၄၀ကျော်အတွေးများ(၁)လူတော်နဲ့လူကောင်း

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
Type your summary here

ဘမောင်က အသက်၄၀ကျော်မှတွေးမိလို့ ၄၀ကျော်အတွေးများလို့ပြောတာပါ။ ငယ်ရွယ်သူတွေလည်း တွေးမိ နိုင်ပါတယ်။ ဘမောင်တွေးမိတာတွေထဲက အရင်ပြောချင်တာက `လူတော်နဲ့လူကောင်း´ အကြောင်းပါ။ လူတော်လူကောင်းပေါ့။

ဘမောင်တို့ကျောင်းသားဘ၀ ဗိုလ်နေ၀င်းနဲ့မဆလအုပ်စု ခေတ်ကောင်းစဉ်က လူကောင်းလူတော်ဆိုပြီး လုပ်လိုက် သေးတယ်။ ကောင်းတဲ့သူတွေကို တော်အောင်လေ့ကျင့်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ကောင်းတဲ့လူငယ် တွေကိုရွေးပြီး သူတို့ပါတီ ကေဒါလောင်းတွေအနေနဲ့ လေ့ကျင့်ပေးတာတွေ လုပ်ခဲ့ပါသေးတယ်။ သူတို့လူကောင်းလို့ သတ်မှတ်တာက သူတို့ပြောတာနားထောင်ပြီး သူတို့ခိုင်းတာလုပ်တဲ့သူကို လူကောင်းလို့သတ်မှတ်တာကိုး အဲဒီတော့ ဘမောင်တို့ လူကောင်းမဖြစ်ခဲ့ဘူးပေါ့။ ထားပါတော့လေ။

အခု ဘမောင်စဉ်းစားမိတဲ့ လူတော်နဲ့လူကောင်း အကြောင်းကိုဘဲပြောပါမယ်။

လူတော်ဆိုတာ ဘာသာရပ်တခုအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ် ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာပါ။

လူကောင်းဆိုတာ ကိုယ့်ရဲ့ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ် အောင်နေတယ်၊ ကိုယ့်ကြောင့်လည်း သူတပါးအကုသိုလ်မဖြစ်အောင်နေတယ်။ နောက်ပြီး ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင်နေတယ်။ ကိုယ့်ကြောင့်လည်း သူတပါးကုသိုလ်ဖြစ်အောင်နေတယ်။ ဒါမျိုးဆို လူကောင်းပေါ့။

ပိုပြီးရှင်းအောင်ပြောရရင် လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း။ လူကောင်းဆိုတာက အကျင့်ပညာပိုင်း။ `အသိနဲ့ပြည့်စုံရင်လူတော်၊ အကျင့်နဲ့ပြည့်စုံရင်လူကောင်း´ပေါ့။

လူတော်ဖြစ်ဖို့ဆိုတာက ကံရယ်၊ ဥာဏ်ရယ်၊ ဆန္ဒရယ်၊ လုံ့လ၀ီရိယရယ် ပြည့်စုံမှ နောက်ပြီး မိဘဆရာတွေရဲ့ အားပေးကူညီမှုတွေလည်းရှိမှ ကျန်းမာရေးကလည်းကောင်းမှ ဖြစ်နိုင်မယ်။ ဒီအချက်တွေအားလုံးပြည့်စုံဖို့ဆိုရင် အတိတ်ကဖြည်းဆည်းခဲ့တဲ့ ပါရမီကုသိုလ်ကံကလည်း အရေးကြီးပြန်ရော။

ဘမောင်တို့တွေးမိတဲ့အချိန် အသက်(၄၀)မှ ဆရာဝန် အင်ဂျင်နီယာ ထဖြစ်ချင်လို့ကတော့ `ကျည်ပွေ့အတက် ပေါက်´ မှဘဲရတော့မယ်။

အဲဒီတော့ ဘမောင်တို့စဉ်းစားရပြီပေါ့၊ အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရနိုင်တော့ပေမဲ့ လူကောင်းဖြစ်ခွင့်တော့  ရပါသေးတယ်။ ဒါကလည်း လူကောင်းဖြစ်ချင်တဲ့စိတ် ရှိဖို့ပဲလိုတာပါ။ အဲဒီလူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးကိုပဲ အခြေခံပြီး ကိုယ့်ရဲ့ ကံသုံးပါးကို အထူးစောင့်စည်းလိုက်ရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာပါလိမ့်မယ်။ လူတယောက်ရဲ့ဘ၀ကို ကံသုံးပါးက အဓိက ပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကိုဂရုစိုက်လိုက်ရင်ပဲ အားလုံး ပြည့်စုံသွားပါတယ်။

ကံသုံးပါးဆိုတာကလည်း အတွေး၊ အပြော၊ အလုပ်ပါပဲ။ ပြည့်စုံအောင်ပြောရရင်တော့ အတွေးတခု တွေးတော့မယ် ဆိုရင် မတွေးခင်စဉ်းစားလိုက်ပါဦး။ ကိုယ်တွေးမဲ့အတွေးဟာ မိမိကော,သူတပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် ဆက်မတွေးပါနဲ့တော့။ ဒီလိုပဲ စကားတခွန်းပြောတော့မယ်ဆိုရင်လည်း မပြောခင် သေချာ စဉ်းစားလိုက်ပါဦး။ ကိုယ်ပြောလိုက်မယ့်စကားဟာ မိမိကော,သူတပါးကော နှစ်ဦးစလုံးထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့။ အလုပ်တခုလုပ်တော့မယ်ဆိုရင်လည်း မလုပ်ခင်စဉ်းစားလိုက်ပါဦး။ ကိုယ်လုပ်မဲ့အလုပ်ဟာ မိမိကော,သူတပါးကော နှစ်ဦးစလုံးထိခိုက်နိုင်မလား၊ ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။

တကယ်လို့ အမှတ်တမဲ့ တွေးမိ၊ ပြောမိ၊ လုပ်မိ ခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့အတွေး, အပြော, အလုပ်,တွေဟာ သူတပါးထိခိုက်သလားဆိုတာကို နောင်စောင့်စည်းဖို့ ပြန်ပြန်စဉ်းစားရပါမယ်။ ဒီအတွေး အပြော အလုပ် ကံသုံးပါးကို မတွေးခင် မပြောခင် မလုပ်ခင် ကြိုကြိုစဉ်းစားတတ်တဲ့ အကျင့်လေးကို စွဲသွားအောင် အလေ့အကျင့် လုပ်,လုပ် သွားဖို့ပါပဲ။ အကျင့်စွဲသွားပြီးရင် နောက်ပိုင်း ထူးပြီး ကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

အဲဒီကတဆင့်တက်ပြီး သူတပါးအကျိုးရှိစေမဲ့ အတွေးလေတွေ တွေးသွားမယ်၊ သူတပါးအကျိုးရှိစေမဲ့ အပြောလေးတွေ ပြောသွားမယ်၊ သူတပါးအကျိုးရှိစေမဲ့ အလုပ်ကလေးတွေ လုပ်သွားမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူကောင်းဖြစ်လာမှာပါ။

တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့ စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ၊ နဂိုကတော်ပြီးသားဆိုတော့ ကောင်းဖို့ပြုပြင်တဲ့နေရာမှာ သိပ်ပြီးခက်မယ် မထင်ပါဘူး။ လူတော်တွေလူကောင်းဖြစ်ဖို့ အထူးလိုအပ်နေပါတယ်။

အင်း…တော်ပြီးမကောင်းရင်တော့ တော်တော်ကြောက်ဖို့ကောင်းတယ်နော်။ ဥပမာ…. နအဖ လူမိုက်တွေနားမှာနေ အရိုးလောက်ကိုက်ပြီး အကြံပေးနေတဲ့ လူတော်လူမိုက်ကြီးတွေလိုပေါ့။

လူ့ဘ၀ဆိုတာခဏလေးပါ။ သေတော့လည်းထားခဲ့ရတာပါပဲ။ မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲ ကောင်းပါတယ်။ အဓိက,ကတော့ ကောင်းချင်တဲ့စိတ်ကလေး ရှိဖို့ပါပဲလေ။

ပြောလို့သာပြောနေရတယ်၊ ဘမောင်လည်း တွေးမိတဲ့အချိန်ကစပြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရတယ် လူကောင်းဖြစ်ပြီလားလို့၊ အခုလည်းထပ်မေးမိတယ် …… ဘမောင်စိတ်က တိုးတိုးလေးပြန်ဖြေတယ် …. အချိန်ကလေးပေးပါဦးတဲ့ …. ။



Type rest of the post here

1 comment:

winlatt said...

သီလ၊သမ္မာဓိ၊ပညာ ပြည့်စုံရင် လူကောင်းတစ်ယောက်ဖြစ်တာဘဲ..ဘုန်းကြီးမှ ဒီသိက္ခာရှိရမှာမဟုတ်ဘူး..လူမှာလဲ ရှိကြရမှာဘဲ..ပုထုဇဉ်လူသားတိုင်းဟာ လောဘ၊ဒေါသ၊မောဟနဲ့ မကင်းကြဘူး..ဘုန်းကြီးရဟန်းလူပုဂ္ဂိုလ်တွေ အားလုံးမကင်းကြပါဘူး..။အဲဒီအထဲမှာ ကျွန်တော်တို့အားလုံးဟာ အသိတရားလေးနဲ့ ဆင်ချင်ပြီး ကြိုးစားနေထိုင်သွားကြဘို့ဘဲလိုတာပါ..။
(1) ကာယကံ၊၀စီကံ၊မနောကံတွေကိုထိန်းနိုင်ရင် သီလဘဲ..
(2) ရင့်ကျက်လာတာနဲ့အမျှသမာဓိရှိလာမှာဘဲ..ဒါဆို
(3) အရာရာကို ပညာနဲ့နှိုင်းယှဉ်စီစစ်ဝေဖန်တတ်ပြီးနေထိုင်လုပ်ကိုင်တတ်လာမှာဘဲ..အားလုံးဟာ တစ်ဆက်တစ်စပ်ထဲတွေပါဘဲ..တစ်ခုနောက်ကတစ်ခုကအော်တို ကပ်ပါနေတာဗျ..။
ကြိုးစားနေထိုင်သွားကြရအောင်..
ဘောဒါကြီး ဖိုက်တင်း(Fighting)ok...