ရေးသားသူ — သာကီမျိုး
ဒီစာကို ကျနော်အီးမေးလ်ကနေတဆင့် ဟန်းဂုရွာမှာတင်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် တင်ပေးလိုက်ပါတယ်။
အမျိုးသားနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဟန်ဂုရွာ စီဘောက်စ်မှာ တွေ့မိတဲ့ စာကြောင်းနဲ့ ပတ်သက်ပြီး ဒီစာကို ရေးဖြစ်တာပါ။ စာရေး တတ်လို့ရယ်တော့ မဟုတ်ပါဘူး စိတ်ထဲမှာ တွေးထင်တာတွေကို တွေးမိ ရေးမိ ပြောမိတာပါ။
“ကိုရီယားမှာရဲရဲတောက်” ဆိုတဲ့ အမည်နဲ့ စီဘောက်မှာရေးထားတဲ့ “ အခွန်ရုံးရှေ့သွာပြီး ရဲဝံ့မနေဘဲနဲ့ ပြည်တွင်းပြန်လုပ်ကြရအောင်လားဗျာ” ဆိုတဲ့ စကားက ဒီစာရေးသူဟာ တကယ်ပဲ ပြည်တွင်းပြန်လုပ်ချင်တဲ့ ဆန္ဒပြင်းပြလို့လား ဒါမှမဟုတ် ကိုရီးယားမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေက ကိုရီးယားအစိုးရနဲ့ ကိုရီးယားပြည်သူလူထုတွေ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတာတွေကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးသိအောင်ရော စစ်အစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ ကိုရီးယားမှာလာနေတဲ့ စစ်ခွေးနောက်လိုက်တွေအရှက်ရအောင် အခွန်ကောက်ဖို့က လွဲလို့ ကျန်တာ ဘာဆိုဘာမှလုပ်မပေးလို့ အခွန်ရုံးလို့အမည်ပေးထားတဲ့ နအဖသံရုံးရှေ့မှာ ကိုရီးယားရောက် ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အင်အားကိုယူပြီး ဆန္ဒပြနေကြသူတွေကို “မင်းတို့သတ္တိရှိရင် ပြည်တွင်းပြန်ကြပါလား” ဆိုပြီး ခနဲ့ချင်လို့လား ဆိုတာကတော့ ဒီစာရေးသူပဲသိနိုင်ပါတယ်။ ပထမ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ အဲ…ဒုတိယ ရည်ရွယ်ချက်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ …
ကျနော်အမြင် အမျိုးသားရေး တာဝန်ဆိုတာ သက်ဆိုင်ရာ နယ်နမိတ် ၊ တိုင်းပြည် ၊ နိုင်ငံ တစ်ခု အတွင်း မှီတင်နေထိုင်ကြတဲ့ နိုင်ငံသားတိုင်ဟာ မိမိတို့နေထိုင်တဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိကျွမ်းကျင်ပိုင်နိုင်ရာ အခန်းကဏ္ဍကနေ အမျိုး ဘာသာ သာသနာ အတွက် ပါဝင်ဆောက်ရွက်နေမှုကို ဆိုလိုတယ်လို့မြင်ပါတယ်။
အထူးသဖြင့် ဒီလိုအချိန်ု တိုင်းပြည် ဆင်းရဲ မွဲတေပြီး ဘေးဒုက္ခ အမျိုးမျိုး ရောက်နေတဲ့အချိန်မှာ ပိုပြီးလိုအပ်ပါတယ်။ မိသားစုအရေး၊ ကျန်းမားရေးနဲ့ အခြား အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းကနေပြီး ဦးဆောင် ပါဝင်နိုင်တဲ့သူ မဟုတ်ပေမဲ့ မိမိတတ်နိုင်ရာ တထောင့် တနေရာကနေ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ မိမိရဲ့ ပူးပေါင်း ပါဝင်မှုဟာ ကြီးကြီး ၊ ငယ်ငယ် တိုင်းပြည် အတွက် အလွန် တန်ဖိုးရှိမှာသေချာပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာ လူမျိုး မဟုတ်တဲ့ လူမျိုးခြား တရုတ် ၊ ကုလားပင် ဖြစ်စေ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံသားခံယူထားရင်တော့ ဒီတိုင်းပြည်ရဲ့ အရေးကိစ္စကို ပူပေါင်း ဆောင်ရွက်ရမှာက နိုင်ငံသား တယောက်ရဲ့တာဝန်လို့ပဲ ကျနော်ကတော့ခံယူထားပါတယ်။
လူသားတိုင်း အမှားမကင်းကြပါဘူး၊ တိုင်းပြည် လွတ်မြောက်ရေး ၊ စစ်အာဏာရှင် စနစ် ဖြုတ်ချရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပေမဲ့ အခုချိန်ထိ မအောင်မြင်သေးတာကို အကြောင်းပြ ရှေ့ဆက်လည်း အောင်မြင်မှာမဟုတ်ပါဘူးလို့ ထင်နေခဲ့ကြပြီး ကိုယ်တိုင်လည်းပူးပေါင်း ဆောင်ရွက်လိုစိတ်မရှိ၊ တိုင်ပြည်လွတ်မြောက်ရေးအတွက် အသက်စတေးခဲ့ကြတဲ့၊ စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့ စွန့်လွှတ်အနစ်နာခံဆဲဖြစ်တဲ့ ရဟန်း ၊ ရှင်လူ ၊ ကျောင်းသား ၊ ပြည်သူ အပေါင်းကို အပြစ် အမျိုးမျိုး တင်နေမယ်ရင် ……
မိမိတို့တိုင်ပြည်ရဲ့ လွတ်လပ်ရေး သမိုင်းကို ပြန်ကြည့်ပါ ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့ အတွက် မိမိတို့ရဲ့ အဘိုး ၊ အဘွား ၊ ဆရာသမား ၊ ရဟန်း သံဃာတော်များ က နှစ်ပေါင်း တစ်ရာတိုင်တိုင် ဇွဲ ၊ လုံ့လ ၊ ဝီရိယ ကြီးမားစွာနဲ့ အသက်ပေးကြိုးပမ်းခဲ့ကြလို့သာ ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်မြောက်ခဲ့တာမဟုတ်လား။
အခုလဲ စစ်အာဏာရှင် လူတစ်စုက အမျိုး ၊ ဘာသာ ၊ သာသနာ ၊ အလုံးစုံ ပျက်သုန်းအောင် ရက်စက် ၊ ယုတ်မာ ၊ ကြမ်းတမ်း ၊ ဖိနှိပ် နေမှုကို တွန်းလှန် နေကြတာ နှစ်ပေါင်း ၄၀ တော့ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီကုန်ဆုံးပြီးတဲ့ အချိန်တွေကို ပြန်လည်တမ်းတ မနေသင့်သလို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလို့လဲ ဝေဖန်မနေဘဲ မိမိဘာလုပ်နိုင်သလဲ၊ မိမိမှာ ဘယ်လိုစိတ်ကူးဥာဏ်တွေရှိသလဲ ဆိုတဲ့အပေါ်မူတည်ပြီး မိမိတို့ ရောက်နေတဲ့ ပစ္စုပန် အချိန်ကိုသာ မိမိရရ ဆုပ်ကိုင် ၊ ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး အနာဂတ် အမိမြန်မာ နိုင်ငံတော်ရဲ့ ဒုတိယ အကြိမ် လွတ်လပ်ရေးအတွက် မိမိတတ်နိုင်တဲ့ တထောင့် တနေရာက ပါဝင်ဆောင်ရွက်မှသာ တိုင်းပြည်ရဲ့ အမျိုးသားရေးတာဝန်ကို ကျေပွန်နိုင်ပါလိမ့် မယ်။
အခုဆိုရင် ရဟန်းသံဃာတွေ၊ ၈၈မျိုးဆက်ကျောင်းသားတွေ၊ သီလရှင်တွေ၊ မျိုးဆက်သစ် လူငယ်တွေ ၊ စာပေ ၊ ဂီတ ၊ အနုပညာ ရှင်တွေ၊ တောင်သူလယ်သမား တောနေလူတန်းစားပါမကျန် တိုင်းပြည်ရဲ့ အမျိုးသားရေး တာဝန်တွေကို စွမ်စွမ်းတမံနဲ့ အသက်ပေးဆောင်ရွက်နေကြတဲ့ အချိန်မှာ မိမိကိုယ်တိုင် နိုင်ငံသားတစ်ယောက်အနေနဲ့ အမျိုးသားရေးတာဝန်တွေ ဘာတွေများ လုပ်ခဲ့ဘူးပြီလဲလို့ မိမိကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့တော့လိုနေပြီ။
မိမိရောက်နေတဲ့ နေရာဒေသအလိုက် လုပ်နိုင်ချေရှိတာတွေကတော့ ကွဲပြားနိုင်ပါတယ်။ တကယ်လို့ အခုချိန် ပြည်တွင်းမှာရှိနေတယ်ဆိုရင် ပြည်တွင်းလှုပ်ရှားမှုတွေမှာ ကိုယ်အားသန်တဲ့ ထောင့်ကနေ ပါဝင်သင့်တာပေါ့။ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေရင်လည်း ပြည်ပ လှုပ်ရှားမှုတွေမှာ ပူပေါင်းပါဝင်သင့်တာပေါ့။ နအဖ သံရုံးရှေ့ဆန္ဒပြတာတောင်းဆိုတာတွေ ၊ ဓါတ်ပုံ ပြပွဲလုပ်ပြီး ဒေသခံ နိုင်ငံသားတွေကို စည်းရုံးလူံ့ဆော်တာတွေ၊ ရံပုံငွေ ဈေးရောင်ပွဲလုပ်တာတွေ၊ အထိမ်းအမှတ်အဖြစ် အမှတ်တရ တီရှပ်အကျီရောင်းချတာတွေမှာပူးပေါင်းပါဝင်သင့်ပါတယ်။
အကြောင်းကြောင်းကြောင့်သံရုံးရှေ့ဆန္ဒပြတောင်းဆိုတာတွေကို မလုပ်နိုင်ရင်တောင် ဓါတ်ပုံပြပွဲတွေကို သွားကြည့်တာ၊ ရံပုံငွေ ဈေးရောင်းပွဲတွေကို လိုက်လံအားပေးတာ၊ အမှတ်တရ တီရှပ်တွေကို ဝယ်ယူဝတ်ဆင်တာတွေ လုပ်နိုင်ပါတယ်။
ဒီလို အသေးငယ်ဆုံး လှုပ်ရှားမှုတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ပူးပေါင်းပါဝင်ပြီး အမျိုးသားရေးတာဝန်ကို စတင်ထမ်းဆောင်တာက မလုပ်နိုင်သေးတာကို လုပ်ခိုင်းနေခြင်း ဝေဖန်နေခြင်းထက် ပိုပြီးအကျိုးများနိုင်ကြောင်းတင်ပြလိုက်ရပါသည်။
(ကိုယ်တိုင်ဝန်ခံချက် ။ ။ ဒီစာကိုရေးလို့ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ နိုင်ငံရေးသမားလို့မထင်ပါနဲ့ မိသားစုအတွက်စီးပွားလာရှာနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးပါ၊ သို့သော်ကိုယ်မလုပ်နိုင်တဲ့ မလုပ်ရဲတဲ့အလုပ်တွေ လုပ်ကိုင်နေသူများကိုတော့ နောက်ကွယ်က အမြဲအားပေးနေပါတယ်။ ဘေးထိုင် ဘိုင်ကျ ဘုပြောနေသူ တစ်ဦးတော့ မဟုတ်ကြောင်းပါခင်ဗျား)။
Saturday, December 6, 2008
အမျိုးသားရေးတာဝန် ကျနော်အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment