ရေးသားသူ — အိဂျူးအိုပါး
မိတ်ဆွေများထံမှတစ်ဆင့် အလုပ်ရှာဖွေ၍ မရလျင် ………
တောင်ကိုရီးယားမှာတော့ ကျနော်တို့ မြန်မာတွေ အလုပ်ရှာဖွေကြရာမှာ ၊ အကျိုးဆောင်ခပဲ ဆိုဆို ပွဲစားခပဲ ခေါ်ခေါ် အဲဒါမျိုး အခကြေးငွေ ပေးရသော ဓလေ့ထုံးစံမရှိပါ ။ အလုပ်ကို တစ်ဦးနှင့် တစ်ဦး အခမဲ့ ကူညီရှာဖွေပေး ကြလေ့ရှိပါတယ် ။ ချစ်စရာ့ မြန်မာ့ဓလေ့လို့ပဲ ဆိုရမှာပါ ။
အဲသလို တစ်ဦးနှင့်တစ်ဦး အခမဲ့ ကူညီပေးနေတော့ ၊ ကျနော့စိတ်ထဲ မကောင်းဖြစ်ရတာလေးတွေလည်း နည်းနည်းတော့ တွေ့ရပါတယ် ။ ဘာလဲဆိုတော့ ၊ အချို့လူငယ်များ အလုပ်ကို အလွယ်တကူထွက်ကြတဲ့ အလေ့အထလို ဖြစ်နေကြတဲ့ ကိစ္စပါ ။ အလုပ်သစ်က ဘယ်မှာနေတယ်မှန်း မသိသေးဘူး ၊ အလုပ်ဟောင်းက စိတ်လိုက်မာန်ပါ ဟောဟောဒိုင်းဒိုင်း ထွက်လာကြတာတွေရှိတယ် ။
ဒီအလုပ်ကထွက် အခြားအလုပ်သစ်ရမှာပဲ ဆိုပြီး ၊ သည်းခံစိတ်ကို နည်းနည်းလျှော့လိုက်ကြတယ် ။ ခပ်ပေါ့ပေါ့ အလုပ်ထွက်ကြတဲ့ အလေ့ထွန်းကားနေတာကို ပြောတာပါ ။ လစာမရလို့ တအားပင်ပမ်းလို့ ထွက်သင့်လို့ ထွက်တာကို မဆိုလိုပါ ။ တကယ်ဆို အလုပ်ဟောင်းက ထွက်တော့မယ်ဆို အလုပ်သစ်ကို အရင် စနည်းနာ ရှာဖွေထားသင့်တာကို ပြောတာပါ ။
နည်းနည်းတော့ နား ရှုပ်သွားကြမယ်ထင်ပါတယ် ။ နောက်ပြီး ဘာလုပ်ကြသလဲဆို ၊ ကိုယ်စွမ်းကိုယ်စ ကိုယ့်အား ကိုယ်ကိုးပြီး ၊ အလုပ်ရှာကြမယ်များမှတ်တယ် ၊ သူငယ်ချင်းတွေဆီက ဖုန်းကို ပဲ ၊ မျှော်နေကြတဲ့ သူတွေကလည်း ခပ်များများ ။
ကဲ ၊ ဘာပဲဖြစ်ဖြစ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ၊ အကယ်၍များ ကျနော်တို့ ရွှေမြန်မာ ညီအစ်ကိုများ ကိုယ့်ဆွေ ကိုယ့်မျိုး အားကိုးပြီး ၊ အလုပ်ရှာလို့ ဖွေလို့ မရတော့ဘူးဆိုပါစို့ ၊ ကိုရီးယားမှာ ကျနော်တို့ ပေါက်ဖော် ငွေတရုတ် ညီအစ်ကိုများ အလုပ်ရှာနည်းလေးကို ၊ တင်ပြချင်ပါတယ် ။ အေဂျင်စီများမှတစ်ဆင့် အလုပ်ရှာဖွေတဲ့ စနစ်ပါပဲ ။
အလုပ်ပွဲစားစနစ် အသက်သွင်းတယ်လို့ မယူဆကြစေလိုပါ ။ အလွန် အခက်အခဲ ဖြစ်နေလျင်တော့ သုံးသင့်သုံးထိုက်တဲ့ စနစ်ဖြစ်တယ်လို့ ယူဆပါတယ် ။ ပွဲစားခဆိုရာမှာလည်း မတန်တဆ များများစားစား ပေးရခြင်းမျိုးမဟုတ်ပါ ၊ မိမိရမည့်လစာငွေ၏ တစ်ဆယ်ရာခိုင်နှုန်း(10%)ကိုသာ ပေးရလေ့ရှိပါတယ် ။
အချို့ အေဂျင်စီများမှာ ၀လုံးကိုကိုများအတွက် အလုပ်ရှာမပေးလိုကြသော်လည်း ၊ အများအားဖြင့် ကိုရက်ပ်စ် အလုပ်သမားများရော ၊ ၀လုံးကိုကိုများပါ အလုပ်ရှာဖွေရရှိနိုင်ကြပါတယ် ။
အလုပ်အေဂျင်စီတွေ ဘယ်မှာရှိပါသလဲ ။
ကျနော်သိထားသော အေဂျင်စီများကို ညွှန်ပြလိုက်ပါတယ် ။ အလုပ်အေဂျင်စီအချို့ဒီမှာဗျ ( နှိပ်စေဗျား)
ဆောအူးလ် မြေအောက်ရထားအမှတ် ၂ လိုင်း (အစိမ်းလိုင်း) နှင့် အမှတ် ၇ လိုင်း(ဖက်ဖူးရောင်လိုင်း)ဆုံရာ ၊ Daerim Station (ဒေးရင်-မ်ဘူတာ) အနီးဖြစ်ပါတယ် ။ ထွက်ပေါက် အမှတ် ၇ ၊ အမှတ် ၈ ၊ အမှတ်၁၂ ကြိုက်တဲ့အပေါက်ထွက်သွားပါ ။ အပေါက်ဝ ရောက်တာနှင့် ပေါက်ဖော်တရုတ်များ တရုန်းရုန်းစည်ကားနေတာကို တွေ့ကြရပါလိမ့်မယ် ။
အဆင်ပြေသော အလုပ်အကိုင်များ မြန်မြန်ရကြပါစေဗျား ။
လေးစားလျက်-
အိဂျူးအိုပါး
၂၀၀၈ ဒီဇင်္ဘာ ၃
Saturday, December 6, 2008
မိတ်ဆွေများထံမှတစ်ဆင့် အလုပ်ရှာဖွေ၍ မရလျင် ………
Subscribe to:
Post Comments (Atom)
No comments:
Post a Comment