ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
အသက်၄၀ကျော်မှဘဲ လူ့ဘ၀လူ့အကြောင်းကို နှလုံးကပ်သုံးသပ်ကြည့်မိတယ်၊ လူတိုင်းလူတိုင်း မြတ်နိုးတွယ်တာတဲ့ စိတ်နဲ့ ရလာတဲ့ဘ၀တွေကို ကောင်းစေချင်တယ်၊ ပိုပြီးတော့ကောင်းစေချင်ကြတယ်၊ ဖြစ်နိုင်မယ်ဆိုရင် အကောင်းဆုံး အသာလွန်ဆုံးဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ချင်ကြတယ်။ ဒီတော့ ဘ၀အတွက် မျှော်လင့်ချက်ဆိုတာတွေ မွေးဖွားလာတော့တယ်၊ ဘ၀ရှိနေသမျှတော့ မျှော်လင့်ချက်ဆိုတာလဲ ရှိနေအုံးမှာပါ၊ မျှော်လင့်ချက်ရှိနေသမျှလည်း ဘ၀ဆိုတာ ရှိနေဦးမှာပါ။ မျှော်လင့်ချက် ဆိုတာကလည်း တကယ်တော့ လိုချင်တပ်မက်မှု လောဘပါပဲ။
ဘ၀ဆိုတဲ့လမ်းမကြီးပေါ်မှာ လျှောက်လှမ်းရတဲ့ အခွင့်အရေးကိုတော့ လူတိုင်းလူတိုင်း သာတူညီမျှ ရကြပါတယ်။ အတိတ်က ပြုလုပ်ခဲ့ပြီးတဲ့ လုပ်ဆောင်ချက်တွေ၊ အခုပစ္စုပ္ပန်မှာ လုပ်ကိုင်ဆဲအလုပ်တွေ၊ နောင်လာမဲ့အနာဂတ် လုပ်ကိုင်ဖို့ရည်ရွယ်ထားတဲ့ အတွေးအကြံတွေ မတူညီကြလို့သာ လျှောက်လှမ်းရပုံခြင်း မတူကြတာပါ။
ပစ္စည်းဥစ္စာအရ တိုက်တွေကားတွေအမြောက်အများနဲ့ ပိုလျှံနေတဲ့သူတွေ၊ တိုက်တလုံး ကားတစီးလောက် ပိုင်တဲ့သူတွေ၊ အိမ်ပိုင်ယာပိုင်တောင်မရှိတဲ့သူတွေ၊ ညစာမနက်စာကို အလုအယက် ရှာဖွေစားသောက်နေရတဲ့သူတွေ စတဲ့လူနေမှုအဆင့်အတန်း အမျိုးမျိုးရှိနေကြပါတယ်။ အသိပညာအတတ်ပညာအရလည်း ကမ္ဘာကျော် ပညာရှင်ကြီးတွေကအစ၊ သာမန်တက္ကသိုလ်ပညာ၊ အခြေခံပညာလောက် တတ်တဲ့သူတွေနဲ့ အရေးအဖတ် လောက်တောင် မတတ်တဲ့သူတွေအဆုံး အဆင့်အမျိုးမျိုးရှိနေကြပါတယ်။ လူဖြစ်တာချင်းတူပေမဲ့ လုပ်ဆောင်ချက် ကြံရွယ်ချက်ချင်းတွေ မတူညီကြတော့ အကျိုးရလဒ်တွေလည်း ကွာခြားကြပါတယ်။
အဲ့ဒီလို ကွာခြားတဲ့အပေါ်မှာ အသိဥာဏ် မရင့်ကျက်ကြသူတွေက မှန်မှန်ကန်ကန် နှလုံးမသွင်းနိုင်ပဲ ပစ္စည်းဥစ္စာပေါကြွယ်မှု အခြွေအရံပေါများမှု အောင်မြင်ကျော်ကြားမှု ရာထူးဂုဏ်သိမ်ပြည့်စုံမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုတွေကြောင့် စိတ်နေစိတ်ထား ထောင်လွှား မောက်ကြွား တတ်ကြပါတယ်။ ငါဆိုတဲ့မာန်က သိသိသာသာ ထောင်တက်လာတာပေါ့။
အသိပညာ အတတ်ပညာ ဆိုတာကလည်း လူအများရဲ့ ချီးကျူးဂုဏ်ယူဖွယ်ရာ အဆင်တန်ဆာကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီအသိပညာအတတ်ပညာမှာ ဥာဏ်နဲ့ယှဉ်ပြီး အမှန်ကိုမမြင်နိုင်လို့ ဖြစ်ပေါ်လာတဲ့ မာန်မာနက မြင့်တဲ့ဘ၀ကနေ မြတ်တဲ့ဘ၀ကို ကူးပြောင်းဖို့အတွက် တားဆီးကာရံထားတဲ့ အရံအတားလို ဖြစ်နေတတ်ပါတယ်။
တကယ်တော့ လောကရဲ့ပြည့်စုံခြင်းနဲ့ လောကမှာရှိတဲ့ သိသင့်သိထိုက်တဲ့ အရာတွေဟာ မိမိမှာရှိတဲ့ ပြည့်စုံမှုတွေ သိထားတတ်ထားတာတွေထက် အဆပေါင်း ထောင်သောင်းမက သာလွန်နေတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ မိမိရဲ့ပြည့်စုံမှုနဲ့ တတ်သိနားလည်မှုတွေကို လောကနဲ့နှိုင်းစာကြည့်ရင် အဆုံးအစမထင်တဲ့ မိုးကောင်းကင်က ကြယ်မှုန်ပွင့် ပမာဏလောက်ပဲ ရှိတယ်ဆိုတာကိုတော့ ကောင်းကောင်း သဘောပေါက်ဖို့ လိုပါတယ်။
မိမိကိုယ်ကိုအထင်ကြီးပြီး သူတပါးကို အထင်သေးတတ်တဲ့သူများဟာ မိမိတော်ကြောင်း ကောင်းကြောင်းသာ မနားတမ်း ထုတ်ဖော်ပြောတတ်ကြပြီး သူတပါးကိုတော့ အမြဲတမ်း အပြစ်မြင် ကဲ့ရဲ့ရှုတ်ချတတ်ကြပါတယ်။ မိမိကိုယ်ကို ကြီးကျယ်မြင့်မြတ်တယ်လို့ အထင်ရောက်နေတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လောက်ပဲ ပြည့်စုံနေနေနေ တကယ်တမ်း မြင့်မြတ်သူတွေ မဖြစ်နိုင်ပါဘူး၊ စိတ်ပိုင်းဆိုင်းရာအရ အနိမ့်ကျဆုံးအဆင့်ကို ရောက်နေသူတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ဂုဏ်ကိုဖော်ဖော်ပြီး ပြောတတ်တဲ့သူဟာ သူတော်ကောင်းမဖြစ်နိုင်ပါဘူး။ ပညာရှိသူတော်ကောင်းတွေက အနှစ်ပြည့်လေ ကိုင်းညွှတ်လေ ဖြစ်တဲ့ စပါးနှံလိုသာ ကျင့်ကြံပြောဆိုကြပါတယ်။
တချို့ပုဂ္ဂိုလ်တွေဆိုရင် လောကအမြင်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ မြင့်တဲ့အနေအထားမှာရှိပါတယ်၊ ပတ်ဝန်းကျင်ရဲ့ ရိုသေလေားစားမှုကိုလည်း ခံကြရပါတယ်၊ သူတို့ကိုယ်သူတို့လည်း မြင့်မြတ်သူလို့ထင်နေကြပြီး ထိတွေ့ဆက်ဆံရတဲ့ သူတွေအပေါ်မှာလည်း မေတ္တာထားလေဟန်၊ ဂရုဏာသက်လေဟန်၊ မုဒိတာပွားလေဟန် ပြတတ်ကြပါတယ်။ ဒါပေမဲ့ အဇ္ဈတ္တ အတွင်းသရုပ်အစစ်ကတော့ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယတွေနဲ့ ပြည့်နေတတ်ကြပါတယ်။ ဖုံးကွယ်ထားတဲ့ အပေါ်ယံလွှာကိုသာ ခွာချလိုက်မယ်ဆိုရင် အမြင့်ဆုံးကနေ အနိမ့်ကျဆုံးအဆင့်ကို လျှောကျသွားရတော့တယ်။ ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုပါပဲ။
သာမန်လူတွေရဲ့ ရှုထောင့်ကနေကြည့်ရင်တော့ ဘ၀ဆိုတာ ကိုယ်ကျိုးစီးပွား(အတ္တဟိတ)လို့ပဲ မြင်မှာပါ၊။ ဒါကြောင့်လည်း မိမိနဲ့မိမိရဲ့မိသားတစု ကြီးပွားချမ်းသာရေးကိုသာ အဓိကထားတတ်ကြတယ်။ မိမိရဲ့ဘ၀ ပြည့်စုံချမ်းသာဖို့ဆိုရင် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောမျိုး ထားနေကြတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံချမ်းသာနေရင် ဘ၀ဟာ ပြီးပြည့်စုံပြီလို့ ထင်မှတ်မှားပြီး တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ နည်းမျိုးစုံနဲ့ ကြိုးစားရှာဖွေနေကြပါတယ်။ ရလာတဲ့ အကျိုးစီးပွားတွေနဲ့ အနှစ်သာရခိုင်မာစွာ တည်မြဲနေမဲ့ ချမ်းသာခြင်းကို ပိုင်ဆိုင်ပြီလို့ ယူဆတဲ့ အတိမာနကြောင့် ဘ၀ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ထူထပ်စွာ ဖုံးလွှမ်းခြင်းခံနေရပါတယ်။
မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဥစ္စာ၊ ရာထူးဂုဏ်သိန် ပြည့်စုံမှုတွေကြောင့် မိမိထံကို ချည်းကပ်လာကြတဲ့ သူတွေအပေါ်မှာလည်း ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ နိုင်လိုမင်းထက် လုပ်တတ်ကြပါတယ်။ တဘက်လူတွေက မလှန်နိုင်လို့သာ ငြိမ်နေရမှာပါ။ နောက်ပြီး မိမိကိုယ်တိုင်လည်း မိမိထက် သာလွန်ပြည့်စုံတဲ့ သူတွေကို ကိုယ်ကျိုးစီးပွားမျှော်ကိုးပြီး ချည်းကပ်ကြ ခယတတ်ကြပါတယ်။ မချစ်ပေမဲ့အောင့်ပြီးနမ်းတတ်ကြပါတယ်။
အဲဒီပုဂ္ဂိုလ်များ… ရှာဖွေစုဆောင်ထားတဲ့ ပစ္စည်းဥစ္စာတွေ ရာထူးဂုဏ်သိန်တွေ ပျက်စီးဆုံးရှုံးရပြီ၊ အခြွေအရံ အသင်းအပင်းတွေ လျော့နည်းရပြီ၊ ဆွေမျိုးမိတ်သင်္ဂဟတွေ ပျက်စီးပြီဆိုတဲ့ လောကဓံတွေနဲ့များ ကြုံရပြီဆိုရင်တော့ ၀မ်းနည်းပူဆွေးကြ ငိုကြွေးကြတော့တာပါဘဲ။ အဲဒီလိုပုဂ္ဂိုလ်များဟာ မိမိထက် သူတပါးချမ်းသာမှာ၊ ဂုဏ်တက်မှာ၊ ကြည်ညိုခံရမှာ၊ ထင်ပေါ်ကျော်ကြားမှာကို မနာလိုမရှုစိမ့် ဖြစ်တတ်ကြပါတယ်။ ဒီအတွက် ကာယကံ၊ ၀ဇီကံ၊ မနောကံတွေနဲ့ တိုက်ခိုက်လုယက်နေကြတယ်။
ကိုယ်ကျိုးစီးပွားဘ၀ရဲ့ အနိဋ္ဌာရုံတွေကို ကြုံတွေ့လာရာက ရခဲလှတဲ့ လူ့ဘ၀မှာ လူပီသအောင် နေတတ် ထိုင်တတ် ကျင့်တတ်ဖို့ လိုတယ်ဆိုတာ သိလာရပါတယ်။ ပြောသာပြောရတယ် လူဖြစ်ပေမဲ့ လူပီသအောင် ကျင့်ကြံ နေထိုင်ဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။
မကောင်းမှုစရိုက်ဆိုးတွေ ကင်းနိုင်သမျှကင်းပြီး သာယာချမ်းမြေ့တဲ့ ဘ၀တခုကို ရယူပိုင်ဆိုင်လိုရင်တော့ မိမိနဲ့ဆက်ဆံနေသူများကို လေးစားပြီး လူလိုမြင်တတ်ဖို့အရေးကြီးတယ်။ ကိုယ်ကိုယ်တိုင်လည်း လူလိုကျင့်ကြံတတ်ဖို့ ပိုပြီးအရေးကြီးတယ်။ လူဆိုတာက အများအားဖြင့် သူတပါးထက် သာလွန်ထူးခြားလိုတယ်၊ အောင်မြင်လိုတယ်၊ ကျော်ကြားလိုတယ်၊ ဒီ… `လို´ပေါင်းများစွာကို ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ထက် စိတ်ပိုင်းဆိုင်ပြည့်စုံဖို့ အလိုဆန္ဒပြင်းပြရင် ပိုပြီးမွန်မြတ်ပါတယ်။ ဒီထက် ကိုယ်ကျင့်သိက္ခာပြည့်စုံစေဖို့ အလိုဆန္ဒပြင်းပြရင်တော့ အမွန်မြတ်ဆုံးပါပဲ။
ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာမှာ အမြင့်မြတ်ဆုံးကိုရောက်ဖို့ ကြီးမားတဲ့အဟန့်အတားကတော့ မာန်မာနပါပဲ။ ထောင်လွှားတက်ကြွတဲ့ ဒီမာန်မာနကို ချေဖျက်ဖို့ အကောင်းဆုံးလက်နက်က မိမိကိုယ်ကို နှိမ့်ချခြင်းပဲဖြစ်ပါတယ်။ နှိမ့်ချတတ်တဲ့စိတ်ဟာ မိမိနဲ့ဆက်ဆံသူတွေကို ဂုဏ်ပကာသန အတန်းအလွှာကို ခွဲခြားပြီးမမြင်တော့ဘူး၊ ချမ်းသာတာ ဆင်းရဲတာ ဂုဏ်ရှိတာ ဂုဏ်မဲ့တာ မသတ်မှတ်တော့ဘူး၊ လူကိုလူလို့ပဲမြင်လာတယ်၊ လူသားအားလုံးကို တပြေးညီမြင်လာပြီး တပြေညီ ဆက်ဆံတတ်လာတယ်၊ ချစ်ခင်လေးစားလာတယ်၊ ဘယ်အချိန် ဘယ်အခါ ဘယ်အရာကိုပဲဖြစ်ဖြစ် သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းလာနိုင်တယ်။
အရာအားလုံးကို နားလည်မှုပေးနိုင်တဲ့ မှန်ကန်တဲ့ နှလုံးသွင်းမှုစွမ်းအား ကောင်းလာတာနဲ့အမျှ ကိုယ်ကျင့်သိက္ခာ မြင့်မြတ်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သည်းခံစိတ်ကိုလည်း မွေးမြူလာနိုင်ပါတယ်။ သည်းခံခြင်းဆိုတဲ့ အဆောက်အအုံတခု ဖြစ်တည်လာဖို့ မေတ္တာဆိုတဲ့ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်နဲ့ ထူထဲခိုင်မာတဲ့ အမိုးအကာတို့လည်း လိုအပ်ပါတယ်။ မေတ္တာနဲ့သည်းခံခြင်းကတော့ ပထမအဆင့်ပါ။ ဒုတိယအဆင့်ကတော့ ဂရုဏာနဲ့သည်းခံခြင်းပါ။
မနိုင်လို့ သည်းခံလိုက်ရတာကတော့ ကြောက်ရွံ့တဲ့သဘော၊ မျိုသိပ်အောင့်အည်းထားရတဲ့ အဓိပ္ပာယ်တွေ ပါနေပါတယ်။ ဒီလို မျိုသိပ်အောင့်အည်းထားရတဲ့ အကျိုးဆက်အနေနဲ့ နာကျည်းမှုတွေ ရန်ညိုးဖွဲ့မှုတွေကို ဖြစ်စေပါတယ်။ ကြောက်ရွံ့ခြင်း နာကျည်းခြင်း ရန်ညိုးဖွဲ့ခြင်းဆိုတာ ဒေါသပါ။ မေတ္တာဆိုတာက အဒေါသပါ၊ ဒါကြောင့် မနိုင်လို့သည်းခံတာ သည်းခံခြင်းအစစ် မဟုတ်ပါဘူး။
သည်းခံခြင်းအစစ်ဆိုတာ လက်တုန့်ပြန်နိုင်ပါရဲ့၊ အပေါ်စီးကရနေပါရဲ့နဲ့ မေတ္တာနဲ့သည်းခံတာပါ၊ သည်းခံခြင်းအစစ်နဲ့ မနိုင်လို့ သည်းခံလိုက်ရတာ နီးစပ်သယောင်ရှိပေမဲ့ ဆန့်ကျင်ဘက် အစွန်းနှစ်ခုပါ၊ မေတ္တာအစွန်းက ကောင်းကျိုးကိုဖြစ်စေပြီး ဒေါသအစွန်းကတော့ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။ ပညာရှိသူတော်ကောင်းများက သူများအပြစ်ဟာ မြင့်မိုလ်တောင်လောက်ကြီးပါစေ ဇီးစေ့လောက်သဘောထားပြီး ခွင့်လွှတ်သည်းခံနိုင်သူဖြစ်ဖို့၊ ကိုယ့်အပြစ်ကိုတော့ ဇီးစေ့လောက်ပဲဖြစ်ပါစေ မြင့်မိုလ်တောင်လောက်မြင်ပြီး နည်းနိုင်သမျှနည်းအောင် ကြိုးစားဖို့ သတိပေးဆုံးမခဲ့ကြပါတယ်။
သည်းခံနိုင်စွမ်း ရှိလေလေ အများအကျိုးကို ဆောင်ရွက်နိုင်သူ ဖြစ်လေပါပဲ။ အများအကျိုးကိုဆောင်ရွက်ရာမှာ အထက်မြက်ဆုံးလက်နက်က မေတ္တာနဲ့ဂရုဏာပါ၊ နောက်ပြီး မုဒိတာနဲ့ ဥပေက္ခာကတော့ အဆုံးပါပဲ။
လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ငြိမ်းချမ်းမှုရဖို့က မိမိဘက်က ကိုယ်ကျင့်သိက္ခာ ဖြူစင်မြင့်မြတ်ဖို့၊ ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်ဖို့ လိုပါတယ်။ ကိုယ်ရည်ကိုယ်သွေး တောင်ပြောင်သလောက် ငြိမ်းချမ်းမှုပမာဏ တိုးပွားများပြားလာနိုင်ပါတယ်။ မိမိရဲ့အရည်အသွေးကို စစ်ဆေးရမဲ့ မှတ်ကျောက်ကတော့ ဗြဟ္မစိုရ်တရားများသာ ဖြစ်ပါတယ်။
ဗြဟ္မစိုရ်မေတ္တာဆိုတာက သားသမီးနဲ့မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်ဆွေတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မတူပါဘူး၊ မိမိကိုယ်နဲ့ထပ်တူပြုပြီး အပြစ်ကင်းစင်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ အတွယ်အတာမဲ့ ချစ်ခင်မှုပါ။
ဂရုဏာဆိုတာ ဆင်းရဲဒုက္ခရောက်နေသူတို့အပေါ် သနားကြင်နာတာ၊ ဆင်းရဲမှုအပေါင်းမှ လွတ်မြောက်စေ လိုတာ၊ လွတ်မြောက်အောင်လည်း ကယ်တင်ခြင်တာ၊ ကယ်တင်တဲ့နေရာမှာလည်း မိမိကိုယ်ကျိုးတစုံတရာကို မျှော်လင့်မထားပဲ သူတပါးရဲ့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်ပါစေဆိုတဲ့ စိတ်နဲ့ ဆောင်ရွက်ခြင်းသက်သက်သာ ဖြစ်ရပါမယ်။
မုဒိတာကတော့ ပစ္စည်းဥစ္စာပေါများတဲ့ အောင်မြင်ကျော်ကြားတဲ့ သူတွေအပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ခံစားပေးနိုင်ခြင်းဖြစ်ပါတယ်။ သူတပါးချမ်းသာတာကို မြင်လို့ မနာလိုဝန်တိုစိတ်မျိုးမဖြစ်၊ မမြင်ချင်မကြားချင်နဲ့ မရှုစိမ့်နိုင်လည်းမဖြစ်ပဲ၊ မိမိထက် ပြည့်စုံချမ်းသာတာကိုသာ မြင်လိုတွေ့လိုတယ်၊ ချမ်းသာပြည့်စုံအောင်လည်း ဖေးမကူညီပေးနိုင်တဲ့စိတ်ဟာ မုဒိတာပါ။
ဥပေက္ခာက အတော်ကလေးနက်ရှိုင်းပါတယ်၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာတို့နဲ့မတူသလို လျစ်လျူရှုခြင်းလည်း မဟုတ်ပါဘူး။ ဥပမာပေးရရင် ပြင်ပ,ပယောဂကင်းပြီး ပကတိငြိမ်သက်နေတဲ့ ကန်ရေပြင်လိုပါပဲ။ ချမ်းသာဆင်းရဲ၊ ၀မ်းနည်းဝမ်းသာ မခံစားပဲ ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိမ်းမယိုင်ပဲ အသိမ်မွေ့ဆုံးခံစားမှုဖြစ်ပြီး၊ ဖြစ်ပျက်သမျှအပေါ်မှာ ကံသာလျှင်အကြောင်းရင်းဖြစ်တယ်၊ သတ္တ၀ါတခုကံတခုပဲလို့ သဘောပိုက်ထားခြင်း ဖြစ်ပါတယ်။
ဗြဟ္မစိုရ်တရားကို မွေးမြူနိုင်လေ ကိုယ်ကျင့်သိက္ခာ မြင့်မြတ်လေပါ၊ မိမိရဲ့ အတ္တကိုယ်ကျိုးစီးပွားကို ဘေးဖယ်ပြီး လောကသားတို့အတွက် မြင်တတ် ကြည့်တတ် လာပါတယ်။ အဲ့ဒီအခါ ကိုယ်ကျိုးစွန့်အနစ်အာခံပြီး အများအကျိုးအတွက် ဆောင်ရွက်တတ်လာပါတယ်၊ တကယ်တော့ အများအကျိုးစီးပွားကို ဆောင်ရွက်တာနဲ့အမျှ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်တဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝမှုတို့အပေါ်မှာ မမက်မော မတွယ်တာတတ်တော့ပါဘူး။
သူတပါးကို ကျေးဇူးပြုတဲ့သူဟာ ကျေးဇူးကိုသိတတ်ပါတယ်။ ကျေးဇူးသိတဲ့သူဟာလည်း ကျေးဇူးကိုပြုတတ်ပါတယ်။ ကျေးဇူးပြုတယ်ဆိုတာ မည်ကာမတ္တမဟုတ်ပါဘူး၊ သိမ်မွေ့နက်နဲတဲ့ မေတ္တာ ဂရုဏာ မုဒိတာတရားတွေ သက်ဝင်နေပါတယ်။ သူတပါးကို အမြင်ကြည်လင်စွာနဲ့ လေးစားနိုင်မှ သနားကြင်နာမှ အဲ့ဒီလူရဲ့ ချမ်းသာမှုကို ၀မ်းမြောက်ဝမ်းသာလိုလားမှ ကျေးဇူးပြုလိုတဲ့စိတ်ကို မွေးမြူနိုင်တာပါ။
တသံသရာလုံးအတွက် ကျေးဇူးပြုနိုင်ရင်တော့ အမြတ်ဆုံးပါ၊ တဘ၀တာအတွက် ကျေးဇူးပြုနိုင်ရင်တော့ အလယ်အလတ်ပေါ့၊ ယုတ်စွအဆုံး တကြိမ်တခါလောက် ကျေးဇူးပြုသူဖြစ်တယ်ဆိုရင်တောင် လူ့တာဝန်ကျေပွန်တဲ့ သူ လူပီသတဲ့သူလို့ ဆိုနိုင်ပါပြီ။ အဲ့ဒီလို လူပီသလာသူတို့ရဲ့ အမြင် ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဘ၀ဆိုတာ (ပရဟိတ) အများအကျိုးစီးပွားလို့ မြင်လာပါတော့တယ်။
ဘ၀လမ်းမကြီးအပေါ် လျှောက်သွားနေကြတဲ့ အများအကျိုးစီးပွားကိုရှေ့ရှုသူ (ပရဟိတသမား)တို့ရဲ့ ခြေလှမ်းတွေက ကိုယ်ကျိုးစီးပွား(အတ္တ)သမားတွေနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်နေပါတယ်။ အများအကျိုးစီးပွားရှေ့ရှုသူတို့ရဲ့ ဦးတည်ရာက သံသရာရဟတ်မဆုံးသရွေ့ မြင့်တဲ့မြတ်တဲ့ ဘုံဘ၀ကိုသာ အစဉ်ထာဝရ မျက်နှာမူလျှက်ရှိနေပါတယ်။ ။
Tuesday, February 3, 2009
၄၀ကျော်အတွေးများ(၄) ကိုယ်ကျိုးစီးပွားနဲ့ အများအကျိုးစီးပွား
Subscribe to:
Post Comments (Atom)
2 comments:
Thanks a lot!very nice eassay.I analysed myself after I read ur eassay.
စာကောင်းစာမွန်လေးတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်..။ တစ်လက်စတည်း သိက္ခာကို ရိက္ခာနဲ့ လဲကြတော့မှာလား စာမူလေးလည်း ဖော်ပြပေးစေချင်ပါတယ်..။
Post a Comment