ချစ်သူရဲ့ မျက်ဝန်းမှာ
ရတနာပုလဲတွေ
ငါ စီခြယ်ပေးခဲ့တယ်
ကြယ်တွေလို တွဲရွဲခိုလို့။
ကြက်သွေးရောင် လျှပ်စီးတွေကို
ပန်းကမ္ဗလာအဖြစ် ဖွဲ့ယှက်
ပါးပြင်မှာ ခင်းကျက်ပေးခဲ့တယ်
စိန်တွေလို ပြိုးပြက်လက်လို့။
မြားတစင်းက ခြေစုံကန်
ထားရစ်ခံခဲ့ရတဲ့ လေးညှို့ကို
ချစ်သူရဲ့ စကားလုံးတွေနေရာမှာ
ခဏ အစားထိုးခဲ့တယ်
ပတ္တမြားတပွင့်လို ရွှန်းလဲ့လို့။
အချစ်ဆုံးဆိုတဲ့ အဓိပ္ပာယ်ကို
ကမ္ဘာမြေ တုန်ဟည်းမှုနဲ့
ထပ်တူပြုလိုက်ပြီ
ချစ်သူ...
မင်းရင်ခုန်တော့
တော်လဲသံတို့ ပြိုမကျမီ
ရင်ခုန်ဖြစ်အောင် ခုန်လိုက်တော့။
ပဉ္စသိင် တေးသွားအဆုံးမှာ
မုန်တိုင်းတွေ စီးဝင်ခဲ့တဲ့လက်
မနက် မိုးမသောက်မီ
သူ့ကိုယ်သူ တရားစီရင်လိမ့်မယ်။
ရှင်ပြန်ထမြောက်ခြင်းတို့
အိပ်မောကျလေပြီ။ ။
ဝင်းပေါ်မောင်
No comments:
Post a Comment