ရေးသားသူ — ကိုကြီးပေါ်
`ကမ္ဘာမီးလောင်၊ တောကြောင် လက်ခမောင်းခတ်´ ဆိုတဲ့ မြန်မာဆိုရိုးတခု ရှိပါတယ်။ အခက်အခဲ အကြပ်အတည်းတွေ ဖြစ်တဲ့အခါမျိုးမှာ အခွင့်အရေးသမားတွေ အကြိုက်တွေ့တတ်တယ်လို့ ဆိုလိုတာပါ။ ဘယ်ကမ္ဘာမှာ ဘယ်မီးလောင်တုန်းက ဘယ်တောက ဘယ်ကြောင် ဘယ်လို လက်ခမောင်းခတ်တယ်တော့ မပြောတတ်ပါဘူး။ ကိုကြီးပေါ်တို့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာဖြင့် `ဘ၀လောင်မီးကျ´ တဲ့အခါ ကြားသိမြင်တွေ့ ရသမျှမှာတော့ `ဗေဒင်ကြောင်´တွေ လက်ခမောင်းခတ်ကြတာပါပဲ။ မြန်မာတွေရဲ့ ဘ၀တွေကလည်း လောင်းမီးတွေ ကျပြီးရင်းကို ကျနေလေတော့၊ ဗေဒင်ကြောင်တွေကလည်း လက်ခမောင်းတွေ ခတ်ပြီးရင်းကို ခတ်နေကြတော့တာ။ မော မောလောက်ပါပေရဲ့။
ကံတရားကို လာဘ်ထိုးမယ်
ရွှေပြည်တော်ကြီးကို ခြောင်းကြည့်လိုက်တိုင်း အလှူဒါနတွေ, ဆုတောင်းပတ္ထနာတွေ, ပျော်ပွဲရွှင်ပွဲတွေက ခြိမ့်ခြိမ့်ညံညံ ရှိလှပါတယ်။ ဒါတွေ အားလုံးလိုလိုကို မြန်မာပြည်သားတွေက `ယတြာချေ´နေတာတွေလို့ ယေဘုယျ မှတ်ယူကြပါတယ်။ ဗိုလ်ချုပ်မင်းများ ဘုရားတက်တာ ယတြာ။ ဘုန်းကြီးလှူတာ ယတြာ။ ဆင်းတုထုတာ ယတြာ။ လမ်းပြင်တာ ယတြာ။ ထားပါတော့ ဒီလိုလုပ်တာတွေက ဗိုလ်ချုပ်မင်းတွေမှ မဟုတ်ပါဘူး။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ကအစ နာမည်ကျော် သရုပ်ဆောင်တွေ အဆုံး လုပ်နေကြတာပဲ မဟုတ်လား။
ယုံကြည်မှုကြောင့်ပဲ လုပ်လုပ်၊ ရလိုမှုကြောင့်ပဲ လုပ်လုပ် ဒီလို လုပ်တာမျိုးကိုတော့ မြန်မာတွေက အပြစ်လို့ မယူဆတတ်ကြပါဘူး။ အချို့က ဒါမျိုးကို ဗုဒ္ဓယတြာ လို့တောင် ခေါ်ကြသေးရဲ့။ ကိုကြီးပေါ်ကလည်း အပြစ်လို့ မပြောလိုပါဘူး။ အခြားသူတွေကိုလည်း မထိခိုက်၊ အကျိုးလည်း ဖြစ်စေမယ့် အလုပ်မျိုးကို ယုံကြည်မှုလေး ကပ်ပြီး လုပ်လိုက်တော့ ကျေနပ်စရာ တမျိုးတော့ ဖြစ်သွားတာပေါ့။ မဟုတ်ဘူးလား။ သို့သော်လည်းပေါ့လေ… ဘုန်းကြီးတပါးက အိပ်မက်ရလို့ ဆိုပြီး ကျိုက်ထီးရိုး အတက်လမ်းကို ကားလမ်းဖောက်လိုက်တော့…။ ဟုတ်ကဲ့ ကားနဲ့တက်တော့ မြန်မြန်ရောက်တာပေါ့။ ဒါပေမဲ့ သဘာ၀၀န်းကျင် ပျက်သွားတာကျတော့ ဘယ်လိုပြောရပါ့…။ ဟုတ်ကဲ့ ဒါလည်း မြန်မြန်ရောက်တာလို့ပဲ ထားလိုက်ကြပါစို့။
အိပ်မက်ရလို့, ဓာတ်ကျလို့, ကိန်းခန်းရောက်လို့, န၀င်းကိုက်လို့ ဆိုတဲ့ ဗေဒင်ဆရာတွေ ဘိုးတော်တွေပေးတဲ့ ယတြာ ဆိုတာတွေကလည်း စုံမှစုံပါပဲ။ နအဖခေတ်မှာ အထင်ကရ ရှိခဲ့တဲ့ ယတြာတွေကို နိုင်ငံခြားက ပညာရှင်တွေကတောင် လေ့လာဆန်းစစ် သုတေသန လုပ်ကြရတဲ့ အထိပါပဲ။ မြန်မာတွေ ဘယ်လောက် ယတြာ ယုံကြည်သလဲ ဆိုတာ လေ့လာတော့ နေ့စဉ်ဘ၀ ခါးနာ ခေါင်းကိုက် ဖြစ်တာကအစ၊ စီးပွားရေး ပညာရေး အလယ်၊ နိုင်ငံရေး သံတမန်ရေး အဆုံး ယတြာမပါရင် ဘာမှ မလုပ်ကြဘူးတဲ့။
ဟုတ်ကော ဟုတ်ရဲ့လားလို့ စဉ်းစားကြည့်တော့ ကိုကြီးပေါ် ငယ်ငယ်တုန်းကလည်း ယတြာနဲ့ တတွဲတွဲ ရှိခဲ့ပေတာပဲလို့ ပြန်အောက်မေ့မိပါရဲ့။ ကိုယ်တိုင်လုပ်တာတော့ မဟုတ်ပါဘူး။ အမေက လုပ်တာပါ။ စာမေးပွဲ ဖြေခါနီးချိန်ဆိုရင် ဘုရားစဉ်မှာ ပန်းတွေတင်ထားတာ အမျိုးကို စုံလို့။ မောင်နှမတွေအတွက် နေ့သင့်နံသင့် ကပ်ထားတာလေ။ အမေနဲ့အမ နှစ်ယောက်တွဲပြီး ဘုရားသွားတယ်ဆိုရင် ဒါ ယတြာသွားချေတာလို့ တွက်လို့ရပြီ။ နောက်တော့ ညီအကိုတွေ လုပ်ငန်းကိုင်ငန်းတွေနဲ့ ရုန်းကန်နေချိန်မှာ အမေကလည်း ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရှုပ်နေတာပါပဲ။ သြော်… ဒါကြောင့်လည်း ပညာရှင်တွေက မြန်မာတွေရဲ့ ဘ၀ထဲမှာ ယတြာက ထဲထဲဝင်ဝင် ရှိနေတယ်လို့ ဆိုပေတာကိုး။
မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မင်းတွေက ယတြာမပါဘဲ ဘာမှမလုပ်ဘူး ဆိုတာကိုတော့ နိုင်ငံခြားသား ပညာရှင်တွေထက် မြန်မာတွေက ပိုသဘောပေါက်ကြပုံ ရပါတယ်။ သူတို့ ဘာပဲလုပ်လုပ် ယတြာချေတာပဲလို့ လုံးဝကို သတ်မှတ်ထားကြတာပါ။ ရွှေပြည်တော်က နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗေဒင်ယတြာကို အလွန်အမင်း ယုံကြည်ကြတယ်လို့ ပြင်ပကမ္ဘာကလည်း မှတ်ချက်ပေးထားပါတယ်။ ပြန်ကြည့်ရင် ဒီလို `ယတြာကိုးကွယ်မှု´ စွဲကပ်နေတာကလည်း သမိုင်းနဲ့ ရာဇ၀င်နဲ့ပါပဲ။ မြန်မာရာဇ၀င်မှာ ယတြာမချေတဲ့ ဘုရင်ရယ်လို့ မရှိပါဘူး။ ဗေဒင်ဆရာမရှိတဲ့ နန်းတော်လည်း မရှိပါဘူး။ ထားပါတော့။ ဒါက ရှေးခေတ်က ရှေးအယူ ရှေးပညာ။ ခေတ်သစ်မှာ ကျတော့ရော…။
မြန်မာပြည် လွတ်လပ်ရေးယူတဲ့ နံနက် ၄ နာရီ ၂၀ မိနစ်ဆိုတာ ဗေဒင်ဆရာတွေ တွက်ပေးတာတဲ့။ ၀န်ကြီးချုပ် ဦးနုရဲ့ ဗလိနတ်စာ ကျွေးတာတို့၊ နိုင်ငံအနှံ့ သဲပုံစေတီတည်တာတို့ ဆိုတာတွေကလည်း ပြောမဆုံးတဲ့ ဇာတ်လမ်းတွေပေါ့။ ဗိုလ်နေ၀င်း တယောက် နန်းဝတ်နန်းစားဝတ်ပြီး မန္တလေးနန်းတော်ဟောင်းထဲ ၀င်သွားတယ် ဆိုတာလည်း ကြားဖူးပါရဲ့။ ရခိုင်လူမျိုး မိန်းကလေးငယ်ငယ်လေးနဲ့ လက်ထပ်ပွဲယတြာ လုပ်တယ်ဆိုတာလည်း ကြားဖူးပါရဲ့။ အဲ သူ့တပည့် သွားလေသူ ဗိုလ်ခင်ညွန့်ကတော့ အမျိုးသမီးလို ၀တ်ပြီး ဘုရားပေါ်က ဆင်းလာသတဲ့။ ဗိုလ်စောမောင်ကတော့ ပုတီးကြီးနဲ့ ဟိုလူ့တို့ ဒီလူ့တို့။
ဗိုလ်သန်းရွှေကတော့ သူ့မျက်နှာနဲ့ တူတဲ့ ကျောက်စိမ်းဆင်းတု ထုပြီး လူတွေကို ရှိခိုးခိုင်းသတဲ့။ အဲဒီဆင်းတုကို ဓာတ်တွေဆေးတွေ စီရင်ထားသေးတယ်လို့လည်း ဆိုရဲ့။ ဒါကြောင့် ဂမ်ဘာရီ နဲ့ ဘမ်ကီမွန်း နှစ်ယောက်ဟာ ဗိုလ်သန်းရွှေနဲ့တွေ့တော့ အာစေးမိပြီး အညံ့ခံသွားကြရတာလို့လည်း သက်သေထူကြပါတယ်။ ဟုတ်တယ် မဟုတ်တယ်တော့ မပြောတတ်ပါဘူး။ လူတွေကတော့ ဒီအကြောင်းတွေကို လက်ဖက်ရည်နဲ့ မြည်းလိုက် ယမကာနဲ့ မြည်းလိုက်ပါပဲ။ ရွှေပြည်တော်မှာကလည်း လေမြည်းလေသောက် နဲ့ လေမူးလေအော်ပဲ လုပ်နိုင်ကြတာ မဟုတ်လား။
ဟိုတလောကတော့ ဗေဒင်ဆရာတယောက်က ရေးပါတယ်။ ဗိုလ်သန်းရွှေ ကြပ်ပြေးကို ပြောင်းတာဟာ ယတြာချေတာတဲ့။ ဗေဒင်ကိန်းခန်းအရ မင်းအစိုးရ ပြုတ်ကျမယ့် အန္တရာယ် ရှိတယ်တဲ့။ ဒီကိန်းကို ကြေဖို့အတွက် မြို့တော်ကို ပြောင်းပြေးတာတဲ့။ ဒါကြောင့် ကျရောက်လာတဲ့ အန္တရာယ်က မင်းအပေါ် မကျတော့ဘဲ နာဂစ် အဖြစ်နဲ့ ၀င်ရောက်လာပြီး ပြည်သူတွေအပေါ် ကျသွားတာတဲ့။ သူ့ရဲ့ အယူခံဝင်ချက်ကတော့ ဗိုလ်သန်းရွှေဟာ ပြည်သူ့သွေးနဲ့ နန်းဆက်တာလို့ ဆိုပါတယ်။
ကိုကြီးပေါ်တို့ ဆီမှာ အဲသလို `ပေါက်ဖော်လောဂျစ်´ တွေ အလွန်ပေါပါတယ်။ လူထုအကြိုက် ချဲထီလိုပါပဲ။ ပေါက်ဂဏန်းထွက်ပြီးရင် ထွက်လာတဲ့ တွက်နည်းက အတိအကျ။ ဖြစ်ပြီးသွားပြီဟေ့ ဆိုတာနဲ့ ဇာတ်ကွက် ဇာတ်လမ်းတွေက အစီအရီ ဖွယ်ဖွယ်ရာရာ။ အခုမှ မဟုတ်ပါဘူး။ မြန်မာရာဇ၀င်တွေထဲမှာလည်း အဲသလိုပါပဲ။ အဖြစ်အပျက်တွေကို ဗေဒင်ယတြာနည်းနဲ့ အချိတ်အဆက်လုပ်ပြီး ဇာတ်လမ်းဆင်ထားတာတွေ မနည်းမနောပါ။ အခုလည်း ဗိုလ်သန်းရွှေ မကောင်းဘူး ဆိုတဲ့ သကြားလေးအုပ်ပြီး ယတြာချီးမွမ်းခန်း ထုတ်သွားပါတယ်။ သူ့အဆိုအရ ဗိုလ်သန်းရွှေရဲ့ ယတြာက သိပ်မှန် သိပ်ကောင်းနေတယ်လို့ ဆိုရမလို၊ အဲသလို ဟောတဲ့ ဉာဏ်ကြီးရှင်ကိုလည်း ရွှေချထားရမလို ဖြစ်နေပါတယ်။ တနည်းပြောတော့ ယတြာယုံတဲ့ လူထုကို ပိုယုံကြလို့ ပြောနေသလိုပါပဲ။ အနှစ်ချုပ်တော့ ဗေဒင်ဆရာက `သုတေသီ´ အမည်ခံပြီး စာရေးပေမယ့် စာဖတ်သူကို အသိပညာပေးတာ မဟုတ်ဘဲ ဗေဒင်ယုံဖို့ ကြော်ငြာထိုးသွားတာပါပဲ။
ကြော်ငြာဆိုလို့ မိုးသောက်ကြယ်မှာပါတဲ့ ကြော်ငြာတခုကလည်း အတော်သင်းပါတယ်။ `စိတ်နှင့်မေးလျှင် စိတ်ဖြင့်ဖြေမည်´တဲ့။ ကိုကြီးပေါ်ကတော့ နှုတ်နဲ့ပြောမှ, စာနဲ့ရေးမှ ကြားနိုင် သိနိုင်သူမို့ မမေးရဲတော့ပါဘူး။ တခါကလည်း စာစောင်တခုမှာ `သင့်ဘ၀ကို ဗေဒင်ပညာဖြင့် ပြောင်းလဲပေးမည်´ ဆိုတဲ့ ကြော်ငြာတခု ဖတ်လိုက်ရပါသေးတယ်။ ခင်ဗျားဘ၀ကိုကော ဘယ်နှစ်ခါ ပြောင်းခဲ့ပြီးပြီလဲလို့ နားရွက်ဆွဲပြီး မေးလိုက်ချင်ရဲ့။
ဗေဒင်ဆရာတွေ ဘိုးတော်တွေက လူထုကြားမှာ ကြော်ငြာလှိုင်လှိုင်ထိုးပေမဲ့ အာဏာရှင်ကိုတော့ မလွန်ဆန်နိုင်ပါဘူး။ ကောက်ထားလို့ မြှောက်စားခံရချိန်မှာတော့ ရွှေစလွယ်သိုင်းပြီး ဟန်ရေးပြပြ ဘောင်းတော်စ တလူလူ။ မျက်မာန်တော်ရှလို့ ဒဏ်ထိတော့ ခြေကျင်းနဲ့ ဒေါက်နဲ့ ရဲဘက်မှာ ကျောက်ထုလျက်။ ဒီနှစ်မှာတော့ သင်္ကြန်စာ ဟောစာတမ်းမှာတောင် အာဏာရှင်အလိုကျ ဟောကိန်းတွေ ထွက်ပြရသေးသပ။ ကဲ ဘယ့်နှယ်ရှိစ။
ဗိုလ်ချုပ်မင်းတွေ အပါအ၀င် တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်သားတွေ အားလုံးလိုလို `ယတြာရူး´ ကြပေမယ့် `ယတြာဆိုတာ ဘာလဲ´ လို့မေးရင် အ အာ အိ အီ နဲ့ ဖြေနိုင်သူ အတော် ရှားပါတယ်။ ယတြာဆိုတာ `ကံတရားကို လာဘ်ထိုးတာပါ´။ မြန်မာအဘိဓာန်ထဲမှာ ဖွင့်ဆိုထားပုံက `ဖြစ်ပေါ်လာနိုင်သော မကောင်းကျိုးကို ပျက်ပြယ်စေရန် ဗေဒင်ပညာအရ ဆောင်ရွက်သော အစီအရင်´ တဲ့။ ဒီဖွင့်ဆိုချက်အရကိုပဲ မကောင်းကျိုးကိုပဲ ပျက်ပြယ်အောင် လုပ်နိုင်ပါတယ်။ ကောင်းကျိုးကို ဖြစ်အောင် လုပ်နိုင်တယ်လို့ မဆိုလိုတာ တွေ့ရပါမယ်။ ဒါကိုက `ယထာဘူတ´ မကျဘူးဆိုတာ သိပ်ထင်ရှားနေပါတယ်။ စွမ်းအင်တခုဟာ ဒွန်တွဲနေတဲ့ သဘောနှစ်စလုံးနဲ့ ဆက်စပ်နိုင်မှသာ ယထာဓမ္မ ဖြစ်ပါလိမ့်မယ်။ ဥပမာ - မီး ဟာ ကောင်းကျိုး ဆိုးကျိုး နှစ်ခုစလုံးကို ဖြစ်စေနိုင်တယ်။ သီလ ဟာ မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုကို အားပေးတယ်။
ကောင်းကျိုးကို ဖြစ်အောင်မလုပ်နိုင်တဲ့ ယတြာကို မြန်မာတွေ ရူးနေသမျှ ဗေဒင်ကြောင်တွေ လက်ခမောင်း ခတ်နေကြပေမပေါ့။
တကယ်တော့ ယတြာရူးခဲ့ကြတဲ့ ရှင်ဘုရင်တွေလည်း အချိန်တန်တော့ လျှောသွားကြတာပါပဲ။ အာဏာရှင်တွေလည်း ဂိန်းသွားကြတာပါပဲ။ ညောင်ရမ်းခေတ်ရဲ့ မဟာဓမ္မရာဇာ မင်းလက်ထက်နဲ့ ကုန်းဘောင်ခေတ်ရဲ့ သီပေါမင်း လက်ထက်တွေမှာ တိုင်းပြည်ပျက်တော့မှာမို့ ရှင်ဘုရင်က စပြီး တနန်းတော်လုံး တပြည်လုံး ယတြာချေပွဲကြီးတွေကို အုံးအုံးခြိမ့်ခြိမ့် လုပ်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ ပျက်စရာရှိတာကတော့ ပျက်တာပါပဲ။ ကံတရားကို လာဘ်ထိုးလို့ မရပါဘူး။ ဗေဒင်ဆရာတွေ ဘိုးတော်တွေက ယတြာ မချေခိုင်းလည်း ဖြစ်မှု ပျက်မှုတွေက သူ့အကြောင်းနဲ့သူ သံသရာလည်နေမှာပါ။
၂၀၀၉ ခုနှစ်ကို `နက္ခတ္တဗေဒနှစ်´ လို့ သတ်မှတ်သတဲ့။ နေကို ကမ္ဘာက ပတ်နေတာဖြစ်ကြောင်း နက္ခတ်တွေကို မှန်ပြောင်းနဲ့ ကြည့်ပြီး ပထမဆုံးပြောခဲ့တဲ့ ဂယ်လီလီယို နှစ် ၄၀၀ ပြည့်ပွဲလည်း ကျင်းပမယ်တဲ့။ အမေရိကန် အာကာသသိပ္ပံက နက္ခတ်တာရာကြည့်ဖို့ အာကာသထဲမှာ လွှတ်တင်ထားတဲ့ ဟဗ်ဘဲလ်မှန်ပြောင်းကို မွမ်းမံမယ်။ ပြီးတော့ ခြောက်တန်ကျော်လေးတဲ့ ဂျိမ်းစ်ဝက် မှန်ပြောင်းအသစ်ကို ကမ္ဘာအထက် မိုင်းလေးရာကျော်မှာ တင်ထားမယ်တဲ့။ ရည်ရွယ်ချက်က စကြ၀ဠာကြီးကို အသေးစိတ် ပိုမြင်အောင်ပါတဲ့။
ဟုတ်ကဲ့။ ကမ္ဘာကြီးက စကြ၀ဠာထဲက နက္ခတ်တွေကြည့်ပြီး အလုပ်ရှုပ်ချင် ရှုပ်နေကြပါစေ။ ကိုကြီးပေါ် စိတ်မ၀င်စား အားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟိုတနေ့က ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ ရွှေတိဂုံမှာ ရွှေဆွဲကြိုးတွေ လာလှူတာ ဘာယတြာလဲလို့ အဓိပ္ပာယ်ဖွင့်ရပါဦးမယ်။ မကြာခင် ပေါ်ထွက်လာမဲ့ ကိန်းဂဏန်းတွေက ဘာယတြာလဲဆိုတာ လက်ဖက်ရည်ဝိုင်းမှာ မြည်းကြည့်ရပါဦးမယ်။
Sunday, February 1, 2009
ခြောင်းကြည့်သူရဲ့ အမှား ၁၂
Subscribe to:
Post Comments (Atom)
1 comment:
ဂွဒ်တယ်ဗျာ.. ကိုကြီးပေါ်ရေ..။ ချောင်းလက်စလေးနဲ့ ဆက်ချောင်းပေးပါဦး..။ မချောင်းတတ်တဲ့သူဆိုတော့ သူများချောင်းပြီး ပြောပြတာကိုပဲ စောင့်နေရတယ်ဗျို..။
Post a Comment