ရေးသားသူ — ကိုကြီးပေါ်
ခြောင်းလေခြောင်းလေ၊ ခြောင်းမပြေသည်၊ ခြောင်းလေမှားလေပါတကား… လို့ သံပေါက်ထုတ်ရမယ် ထင်ပါရဲ့။ ကိုကြီးပေါ် တယောက်တော့ဖြင့် ခြောင်းလိုက် မှားလိုက် တလည်လည်ပါပဲ ခင်ဗျာ။ ဒါတောင်မှ ခြောင်းသမျှ မှားသမျှကို စာဖွဲ့တာ မဟုတ်သေးပါဘူး။ မိုးသောက်ကြယ်က တလတခါထုတ် ဆိုတော့ တလမှ တခါပဲ ခြောင်းရ မှားရတာ။ အခြားမှာ လျှောက်ရေးရင် အယ်ဒီတာမင်းများက ငြိုငြင်တော်မူမှာ ကြောက်ရပါသေးတယ်။ အခုခေတ်မှာက အင်တာနက်ပေါ်မှာ ရေးမယ်ဆိုရင် အလွန်လွယ်ပါတယ်။ ဘလော့တော်များလည်း အလွန်ပေါပါတယ်။ သို့သော် မိုးသောက်ကြယ် အယ်ဒီတာများက စာအုပ်ထုတ်ပေးမယ်လို့ ပြောတော့ ကိုကြီးပေါ်လည်း ဘယ်ငြင်းလို့ ကောင်းပါ့မလဲ၊ အဟဲ…။ (အိပ်မက်ထဲမှာ အဲသလိုပြောတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။)
ဒီတလမှာတော့ ကိုကြီးပေါ်ရဲ့ မှန်ပြောင်းက ၃၆၀ ဒီဂရီ လည်သွားတယ် ခင်ဗျ။ ဒီတော့ တိုင်းဗာရာ မြန်မာဏသီ ပြည်တော်ကြီးသာ မကဘဲ ကမ္ဘာတ၀ှမ်းက `ရွှေ´ ဆိုတဲ့ ပြည်တော်သားတွေဆီပါ ရောက်သွားခဲ့ပါတယ်။ အင်း… ကိုကြီးပေါ်ဖြင့် အကြီးအကျယ် မှားခဲ့လေပြီ။ တောသားမြို့ရောက် ထန်းခေါက်ရွှေချ သလိုများ ဖြစ်နေပြီလား။ လူဝင်မဆံ့ လူနံ့မ၀င်များ ဖြစ်နေပြီလား။ ကဲ ဘာများ ခြောင်းမိလို့ ဘာများ မှားမိသလဲ ဆိုတော့…
ခမ်းနားတော်ဝင် ပွဲသဘင်၊ ဆင်ယင်ဟန်ပေး နိုင်ငံရေး
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူကြကုန်သော အကြင်အထိုထို စစ်ဗိုလ် စစ်သား စစ်မယားနဲ့ စစ်ဖော်လံဖား အသီးသီးတို့ကို မီဒီယာပေါ်မှာ နေ့စဉ်နေ့တိုင်း တွေ့ကြ မြင်ကြ ကြားကြရပါတယ်။ တိုင်းပြည်အတွက် ကျရာတာဝန်ကို ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား မဟားဒရား ဆောင်ရွက်နေကြတဲ့ မှတ်တမ်းမှတ်ရာတွေပေါ့ ခင်ဗျာ။ နေ့စဉ် သတင်းမီဒီယာတွေက တာဝန်ကျေကျေ ထုတ်ပြန်ပေးနေလို့ မမြင်ချင်လည်းမြင်နေရတဲ့ ရုပ်ပုံမှတ်တမ်းတွေပေါ့။ ဗိုလ်ချုပ်မင်းများရဲ့ တိုင်းပြည်အတွက် ပေးဆပ်နေတဲ့ သမိုင်းတွေပေါ့။ အဲဒါတွေက ငါးနှစ်တကြိမ် ဆယ်နှစ်တကြိမ် ဆိုသလို ထုတ်ဝေတဲ့ `တိုင်းကျိုးပြည်ပြု´ တို့၊ `ဖွံ့ဖြိုးတိုးတက်လာသော…´ တို့ စတဲ့ ငါးပိဿာလောက်လေးတဲ့ စာအုပ်ကြီးတွေမှာ ထည့်သွင်းဖော်ပြဖို့ အကြောင်းအရာတွေ ဆိုပါတော့။
အဲဒီ သတင်းတွေ, မှတ်တမ်းတွေ ရှိသမျှအားလုံးကို စုဆောင်းကြည့်ပါ။ သိန်းနဲ့သန်းနဲ့ချီပြီး ရနိုင်ပါတယ်။ ပြီးရင် အဲဒီမှတ်တမ်းတွေကို အမျိုးအစား တူရာအလိုက် မျိုးတူစုကြည့်ပါ။ မျိုးတူစု ဘယ်နှစ်ခုရမယ် ထင်ပါသလဲ။ ကိုကြီးပေါ် စုကြည့်တာတော့ မျိုးတူစု တခုတည်းပဲ ရပါတယ်။ အဲဒါကတော့ `အခမ်းအနား´ ဆိုတဲ့ အမျိုးအစားပါ ခင်ဗျာ။
အခမ်းအနားတွေက အမျိုးမျိုး ရှိပါတယ်။ နိုင်ငံရေးဆိုင်ရာ, ဘာသာရေးဆိုင်ရာ, လူမှုရေးဆိုင်ရာ, ယဉ်ကျေးမှုဆိုင်ရာ စသဖြင့် အမျိုးမျိုးပေါ့။ လုပ်တာကိုက အခမ်းအနား ဖြစ်လို့မို့ အခမ်းအနား တက်ရောက်ကြောင်း သတင်းရေးတာ ဘာဖြစ်သလဲကွလို့ ပြောမယ်ဆိုလည်း၊ ဟုတ်ကဲ့… ကိုကြီးပေါ် ဘာမှ မပြောလိုပါဘူး။ အခမ်းအနား ဆိုတော့ အခမ်းအနားပဲပေါ့။
အဲ သို့ပေမဲ့ စောဒကလေးတော့ တက်ပါရစေဦး။ နိုင်ငံတကာမှာတော့ဖြင့်ရင် အဲသလို အထိမ်းအမှတ် အခမ်းအနားတွေ လုပ်တဲ့အခါ `ရှေ့ကို ဘာဆက်လုပ်ကြမယ်´ လို့ ပြောဆိုဆွေးနွေးကြ ဆုံးဖြတ်ချက်ချကြတဲ့ အကြောင်းကို ဦးစားပေးကြတယ်လို့ ကိုကြီးပေါ် မှတ်သားမိပါတယ်။ အခမ်းအနားသို့ မည်သူမည်ဝါ တက်ရောက်ကြောင်း၊ အမှာစကား ပြောကြားကြောင်း၊ လူဘယ်လောက်လာကြောင်း စတာတွေက ရှေ့တန်းမှာ မရှိပါဘူး။ ဒါကြောင့်မို့ ထင်ပါရဲ့၊ ဗိုလ်သန်းရွှေရဲ့ မိနစ် ၄၀ လောက်ကြာတဲ့ မိန့်ခွန်းကို နိုင်ငံတကာ သတင်းဌာနတွေက ရေးတော့ စာနှစ်ပိုဒ်တည်း ရှိရဲ့။ စာနှစ်ပိုဒ်ဆိုတာ သတင်းရေးတဲ့ စနစ်အရ ၀ါကျတကြောင်းကို စာတပိုဒ်ခွဲတာမို့ နှစ်ပိုဒ် ဖြစ်သွားတာပါ။ တနည်းပြောရင် ၀ါကျ နှစ်ကြောင်းတည်းရယ်။
သတင်းသမားတွေလည်း အတော်ပင်ပန်းရှာမှာပါ။ မိနစ်လေးဆယ်စာထဲက စက္ကန့် ၄၀ စာကို ရွေးရ ရှာရတာဆိုတော့။ အင်း သူ့ ဒုက္ခနဲ့ သူပေါ့လေ။ မြန်မာ့အလင်းတို့ ကြေးမုံတို့ မြန်မာ့ရုပ်သံ တို့က ၀န်ထမ်းတွေကတော့ အဲသလို သတင်းရှိတဲ့နေ့ဆိုရင် အင်မတန် ပျော်တယ် ဆိုပဲ။ ဘာကြောင့်လဲဆိုတော့ မိန့်ခွန်း အပြည့်အစုံကို သက်ဆိုင်ရာက စာရိုက်ပေးလိုက်ပြီးသား။ အဲဒါကို ဒီအတိုင်း အပြည့်အစုံ ပြန်ကူးထည့်လိုက်ရုံပါပဲ။ ကွန်ပျူတာခေတ်ဆိုတော့ စာပြန်ရိုက်စရာတောင် မလိုတော့ပါဘူး။ မိန့်ခွန်းက စာ ရှစ်မျက်နှာလောက် ယူမယ်၊ ဓာတ်ပုံက လေးမျက်နှာလောက် ယူမယ်။ ကျန်တာက ကြော်ငြာနဲ့ အာကလံပါကလံ။ ဒီတော့ ၀န်ထမ်းတွေ အမြီးမြှောက်လိုက် အီးပေါက်လိုက်။ ကျားထိုး ချဲတွက် နေ့တွက်ကိုက်တဲ့နေ့ပါပဲ။
အခြား လှုပ်ရှားမှုတွေ သတင်းတွေကို ကြည့်ဦးမလား။ … ထီးတော်တင်ပွဲသို့ တက်ရောက်။ … ဖွင့်လှစ်ပွဲသို့ တက်ရောက်။ … သင်တန်းဆင်းပွဲသို့ တက်ရောက်။ … လုပ်ငန်းခွင် ကြည့်ရှု။ … နှင့် လက်ခံတွေဆုံ။ … ကြွရောက်စစ်ဆေး။ … ဆိုင်ရာ အစည်းအဝေး ကျင်းပ။ … အလှူငွေပေးအပ်ပွဲ။ … ညစာစားပွဲ။ … ဂုဏ်ပြုအမှာစကားပြော။ စတဲ့စတဲ့ အဲသည့် ခေါင်းစဉ်တွေထဲက မထွက်ပါဘူး။ အားလုံးဟာ အခမ်းအနား သဘောသက်ဝင်တဲ့ လုပ်ရပ်တွေ ချည်းပါပဲ။ လုပ်ငန်းခွင် ကြည့်ရှုတာတို့ စစ်ဆေးတာတို့ ဆိုတာလည်း မင်းခမ်းမင်းနားနဲ့ အခြွေအရံ အသင်းအပင်းနဲ့ ကြိုတဲ့သူ ပန်းစည်းပေးတဲ့သူနဲ့ ဆိုတော့ အခမ်းအနား တမျိုးပါပဲ။ နာဂစ် လေဘေးရေဘေး ဒုက္ခသည်တွေဆီ သွားရောက်အားပေးတယ် ဆိုတာကိုပဲ နမူနာကြည့်ပါ။ ဗိုလ်ချုပ်မင်းကြီးက ခါးကြီးထောက်လို့၊ ရံရွေတော်သားတွေက သတိနဲ့ စောင့်လို့၊ ဒုက္ခသည်တွေက လက်အုပ်လေးတွေ ချီလို့။
ရွှေပြည်တော်ကြီးမှာက ဘာပဲလုပ်လုပ် အခမ်းအနားနဲ့ လုပ်တတ်တာ အကျင့်ပါနေပါပြီ။ ရပ်ကွက်ထဲမှာ မြောင်းထဲကနုံးကို လမ်းပေါ်တင်တဲ့အလုပ် လုပ်ကြတာတောင်မှ အခမ်းအနားနဲ့ ဓာတ်ပုံရိုက် သတင်းစာထဲ ထည့်ကြတာ မဟုတ်လား။ ဘုန်းကြီးက အလယ်က ပလ္လင်မှာထိုင်၊ လူနှစ်ယောက်က အထုပ်ကလေး တခုကို ဟိုဖက်ဒီဖက်ကိုင်၊ အောက်မှာ အလှူဒါန ပြုကြသူငါ ဆိုတဲ့စာလေးကပ်၊ အဲဒါတွေကလည်း မမြင်ချင်မှ အဆုံး။ လူတယောက်က စကားပြောနေပုံ၊ လူတစုက အောက်မှာထိုင်နေပုံ အဲသည် နှစ်ခုတွဲပြီး သတင်းဓာတ်ပုံ လုပ်ထားတာတွေကလည်း မနည်းမနော။ (အဲဒီလို သတင်းဓာတ်ပုံမျိုးက ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဘယ်မှာမှ မသုံးကြတော့ပါဘူး။) ထားပါတော့ ဒါတွေပြောနေရင် ဆုံးမှာ မဟုတ်ပါဘူး။ ပြောချင်တာက …
အခမ်းအနားတွေ တွင်တွင်ကြီး လုပ်ပြနေတာကို ကြည့်ပြီး တိုင်းပြည်အတွက် တကယ် အလုပ်တွေ လုပ်နေတယ်လို့ ဘယ်သူကများ မှတ်ယူကြပါလဲ။ ဖန်တရာတေနေတဲ့ ဓာတ်ပုံတွေ သတင်းတွေကို ဘယ်သူကများ စိတ်ဝင်တစား ကြည့်နေကြပါသလဲ။ ကြီးကျယ်တဲ့ အခမ်းအနားတွေ, လူတွေ သိန်းချီတက်တဲ့ အုတ်အော်သောင်းတင်းတွေ, မိုးမဆုံး မြေမဆုံးတဲ့ မိန့်ခွန်းတော်ကြီးတွေ, ပြောင်လက်တောက်ပနေတဲ့ အဆင်တန်ဆာတွေ … အဲဒီအရာတွေက တိုင်းပြည်အတွက် ဘာများ အသုံးကျပါသလဲ။
ဒီမေးခွန်းတွေကို မြန်မာ့ဒီမိုသမားတွေက အလွယ်တကူပဲ ရယ်ရယ်မောမော ဖြေပြကြပါလိမ့်မယ်။ ဒါတွေက တိုင်းပြည်အတွက် ဘာမှ အသုံးမ၀င်ပါဘူးကွာ… လို့။ ဒီတသံတည်း ဖြေကြမှာပါ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုကြီးပေါ်ကတော့ မအီမလယ်ကြီး ဖြစ်နေတာ ရှိတယ် ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကိုကြီးပေါ် မျက်လုံးထဲမှာ ပြည်ပက မြန်မာ့ဒီမိုသမားတွေကလည်း အဲသလို အခမ်းအနားတွေကိုပဲ အကြီးအကျယ် လုပ်နေကြတာ မြင်နေရလို့ပါပဲ ခင်ဗျာ။
ဒီမိုသမားတွေဆိုတော့ လုပ်ငန်းကတော့ အကန့်အသတ် ရှိသပေါ့။ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ ပြည်ပရောက် မြန်မာ့ဒီမိုသမားတွေက တက်တက်ကြွကြွ လုပ်ကြတာ ကမ္ဘာမှာ ချန်ပီယံပါပဲ။ အရင်ကတော့ လမ်းပေါ်မှာ လက်သီးလက်မောင်းတန်းပြီး ဟစ်အော် ဆန္ဒပြကြတာကို အမြဲလိုလို တွေ့ရတတ်ပေမဲ့ အခု နောက်ပိုင်းမှာတော့ ခန်းမတွေထဲမှာ ခမ်းခမ်းနားနား သားသားနားနားတွေ လုပ်ကိုင်လာကြတာ တွေ့လာရပါတယ်။ အထိမ်းအမှတ်နေ့ ဆိုင်ရာ ပွဲတွေဆိုရင် ဟိုတယ်တို့ ခန်းမတို့မှာ တကယ့်ကို အကျအနပါ။ စင်မြင့်နဲ့ နဖူးစည်းနဲ့ သဘာပတိနဲ့ လုံခြုံရေးနဲ့ တကယ့်ကို အဟုတ်။ သဘာပတိကြီးတွေများ စင်မြင့်ထက်မှာ မိန့်မိန့်ကြီး ထိုင်နေတော်မူကြတာ လင်ကွန်းကျောက်ရုပ်ကြီး ကျနေတာပါပဲ။ ခေါင်းပေါင်းစတွေလည်း တလူလူလွင့်။ ရိုးရာ အ၀တ်အစားကလည်း ဖက်ရှင်အပြည့်။ အလံတွေ ပိုစတာတွေ ကြွေးကြော်သံတွေကလည်း အပြည့်။ အဲ ဓာတ်ပုံတွေလည်း အပြည့်။
ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ အထိမ်းအမှတ်နေ့မို့ ခမ်းခမ်းနားနား လုပ်တာ မင်းက ဘာနားလည်လို့ လာပြောနေရတာလဲ…လို့ ငေါက်မှာ ငန်းမှာလည်း ကြောက်ရပါသေးတယ်။ ဒီတော့ မကောင်းဘူးလားလို့ မေးရင်…။ ဟုတ်ကဲ့ `ကောင်ပါ၏ခင်ဗျာ´လို့ပဲ ဖြေပါရစေ။ အခမ်းအနားကြီး အောင်မြင်စွာ ပြီးဆုံးသွားလေသတည်း … ဖြောင်း ဖြောင်း ဖြောင်း ဆိုတာနဲ့ ဒီမိုကရေစီကြီးနဲ့လည်း နည်းနည်းတော့ နီးလာမယ် ထင်ရတာပါပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် အဲသလိုလေး ထင်လိုက်တော့ နည်းနည်းတော့ ဘ၀င်မြင့်လို့ ရသွားတာပေါ့။
ပြည်ပက ဒီမိုသမားတွေ ဆိုတာက နိုင်ငံတကာ ၀င်ဆန့်နေသူတွေပဲ။ ဘယ်ညံ့ပါ့မလဲ။ ဒီလို အခမ်းအနားတွေကနေ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို ချမှတ် အကောင်အထည် ဖော်ကြတာတို့၊ ညီညွတ်ရေး တည်ဆောက်ကြတာတို့၊ မဟာဗျူဟာ ဖော်ထုတ်ကြတာတို့ ဆိုဒါတွေလည်း မဖြစ်မနေ လုပ်ကြမှာပဲလို့ ယုံကြည်ပါတယ်။ အနည်းဆုံး စာတရွက်လောက်တော့ ထွက်လာမှာပါ။ စာတရွက်ဆိုလည်း နည်းတာလိုက်လို့။ လိုအပ်ရင် လက်သီးတွေ လက်ဝါးတွေ ခုံပျံတွေ ထုတ်သုံးကြမယ်လို့လည်း ယုံကြည်ပါတယ်။ လက်တွေ့ကျတဲ့ တိုက်ပွဲတွေပေါ့ ခင်ဗျာ။ ဒီမိုသမားတွေရဲ့ အခမ်းအနားတွေက ဒီလို အနှစ်သာရတွေနဲ့ ပြည့်လျှံနေမှာပါ။
သို့သော်လည်း ရွှေပြည်တော်က အခမ်းအနားတွေနဲ့ ပြည်ပက အခမ်းအနားတွေမှာ ဘုံတူညီနေတဲ့ အချက်ကတော့ `ပုံစံသေ´ ကြီးနဲ့ `ဟန်ရေးပြ´ ကြတာပါပဲ။ ပုံစံကျ အစီအစဉ်နဲ့ ကျင်းပတဲ့ ပုံစံခွက် အခမ်းအနားကြီးမှာ သဘာပတိကြီးက ပုံစံမိန့်ခွန်းကြီးကို ပြောလို့။ တက်ရောက်သူများက ပုံစံလက်ခုပ်တွေ တီးလို့။ ပုံစံကျ ထုတ်ပြန်ချက်ကြီး ကျေညာလိုက်တဲ့အခါ ဒီမိုကရေစီကြီးလည်း ပုံစံတကျ ဖြစ်သွားပါလေရော။
ပုံစံ အခမ်းအနားတွေမှာ အရေးပါတဲ့ အချက်တခုက ၀တ်စားဆင်ယင် ထုံးဖွဲ့မှု ဖြစ်နေကြောင်းကိုလည်း ကိုကြီးပေါ်ရဲ့ မှန်ပြောင်းထဲမှာ ပေါ်လာသေးတယ် ခင်ဗျ။
လွတ်လပ်ရေးနေ့ ဆိုရင် ခေါင်းပေါင်းနဲ့ တိုက်ပုံနဲ့ မြင်ကြရမယ်။ ပြည်ထောင်စုနေ့ ဆိုရင် တိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ မြင်ကြရမယ်။ တော်လှန်ရေးနေ့ ဆိုရင် စစ်ဝတ်စစ်စားတွေနဲ့ မြင်ကြရမယ်။ ကဆုန်လပြည့်နေ့ ဆိုရင် တဘက် အဖြူ အညို ကလေးတွေ ပုခုံးမှာ သိုင်းထားကြမယ်။ သင်္ကြန်ရောက်တော့ ဟာဝိုင်ရီရှပ်နဲ့ မြက်ဦးထုပ်နဲ့။ ကြံ့ဖွတ်ကလည်း ၀တ်စုံနဲ့။ မိခင်နဲ့ကလေးကလည်း ၀တ်စုံနဲ့။ ၀န်ထမ်းတွေကလည်း ၀တ်စုံနဲ့။ ကုမ္ပဏီက အရောင်းစာရေး ကောင်မလေးတွေလည်း ၀တ်စုံနဲ့။
ရွှေပြည်တော်ကြီးမှာ ဘယ်နား သွားကြည့်ကြည့် ၀တ်စုံတွေနဲ့ချည်းပါပဲ။ အမှိုက်ကောက်တဲ့ စည်ပင်ဝန်ထမ်းက စပြီး၊ ဂေါပကအဖွဲ့အထိ အားလုံး ၀တ်စုံတွေနဲ့ချည်းပါ။ မူကြိုကလေးက စပြီး ထိပ်ဆုံးက ပုဂ္ဂိုလ်ကြီးတိုင်အောင် ၀တ်စုံဝတ်ရတဲ့ ခေတ်ကို ရောက်နေမှကိုး။ ကိုကြီးပေါ်တောင်မှ ပြည်တော်မပြန်ခင် ၀တ်စုံတွေ ချုပ်ထားမလား စိတ်ကူးမိရဲ့။ ပိုက်ဆံတော့ အတော်ကုန်မယ့် ပုံပါပဲ။
အဲ… အန်အယ်ဒီဆိုတဲ့ ပြည်သူ့ပါတီကြီးကလည်း ၀တ်စုံနဲ့ပါပဲ ခင်ဗျ။ ၈၈ ကျောင်းသားများကလည်း ၀တ်စုံနဲ့ပါပဲ။ နာဂစ်မှာ ကူညီတဲ့ လူမှုအဖွဲ့အချို့လည်း ၀တ်စုံနဲ့ပါပဲ။ ပြည်ပက နိုင်ငံတကာ မြန်မာ့ဒီမိုသမားတွေလည်း ၀တ်စုံနဲ့ပါပဲ။ တိုင်းရင်းသားတွေလည်း ၀တ်စုံနဲ့ပါပဲ။ အခမ်းအနားနဲ့ ၀တ်စုံ၊ ၀တ်စုံနဲ့ အခမ်းအနား ညားခဲ့တာလည်း ကြာပါပြီကော။
ရွှေပြည်တော်ကြီးမှာတော့ ခေတ်မီဖွံ့ဖြိုး တိုးတက်၍ အေးချမ်းသာယာ ရှိကြောင်း, ဗိုလ်ချုပ်မင်းများကို တိုင်းသူပြည်သားများက လေးစာချစ်ခင်ကြောင်း ဖော်ပြနိုင်ဖို့ ခမ်းနားတော်ဝင် ပွဲသဘင်တွေကို ဆင်ယင်ကျင်းပ ဟန်ရေးပြကြရတာလို့ ဆိုပါတယ်။
ပြည်ပမှာတော့ ဒီမိုကရေစီကြီး နီးသထက်နီးအောင် ခမ်းနားထည်ဝါသော သဘင်ပွဲလမ်းများနဲ့ တောက်ပသစ်လွင်သော ရိုးရာ သို့မဟုတ် ၀တ်စုံများ ဆင်ယင်လျက် ဟန်ရေးပြကြရတယ်လို့ ဆိုရလေမလား။
ကိုကြီးပေါ်က ယောင်တိယောင်တနဲ့မို့ မှားချင်လည်း မှားမှာပေါ့လေ။
ကိုကြီးပေါ်
Sunday, April 5, 2009
ခြောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၄)
Subscribe to:
Post Comments (Atom)
1 comment:
ကိုကြီးပေါ်ရေ... မိုးသောက်ကြယ် အယ်ဒီတာများ ထုတ်မပေးလဲ အားမငယ်ပါနဲ့နော်..။ ကျွန်တော်တို့ သူကြီးမင်းက ထုတ်ပေးလိမ့်မယ် ထင်ပါတယ်...။ သူက အဲဒါမျိုးဆို အထုံပါတယ်ဗျို...။ အဲ.. ဒါနဲ့ ကိုကြီးပေါ် ပြောသလို ၃၆၀ ဒီဂရီ လှည့်ကြည့်တာ မူးသွားတယ်..။ ဘယ်အရပ်ရောက်နေလဲ မသိဘူး...။ အခုတစ်လော ဆုတောင်းနေတယ်ဗျို...။ ရွာထဲ မခြောင်းမိပါစေနဲ့လို့...။ ခြောင်းလေ မှားလေပါတကား...လို့ ပြောနေမှာ စိုးလို့ပါ...။
Post a Comment