Thursday, May 7, 2009

လွယ်အိတ်လေး

(၁)

တလောက မြန်မာပြည် ပြန်တော့မည့် သူငယ်ချင်းတယောက်က ကျနော့်ကို လာနှုတ်ဆက်ပါသည်။ ကော်ဖီဆိုင်ကလေး တခုတွင် ထိုင်ကြရင်း သူက ကျနော့်ကို လွယ်အိတ်လေးတခု အမှတ်တရ လက်ဆောင် ပေးပါသည်။ ချင်းအမျိုးသား ဖြစ်သော သူငယ်ချင်းက `ဒါ ချင်းရိုးရာ လွယ်အိတ်ပါ´ ဟု ပြောသည်။

ကျနော်က လွယ်အိတ်လေးကို ထုတ်၍ တယုတယ ကြည့်မိသည်။ အနီရောင်ပေါ်တွင် လိမ္မော်ရောင် ပန်းရောင်တို့ဖြင့် မန်ကျည်းကွက်ဆင် ဖောက်ထားသော လွယ်အိတ်လေးမှာ တောက်တောက်ပပ ကြွကြွရွရွ ရှိလှသည်။ အဖြူ အစိမ်း အပြာ ကွက်တုံးလေးများ ဒေါင့်ဖြတ်လိုင်းလေးများနှင့် အနုစိတ်ထားပုံမှာ အဆင်အသွေး စိုပြေလှပသည်။ ချုပ်လုပ်ထားပုံကလည်း သပ်ယပ်သည်။ အတွင်းဖက်က ပိတ်ပါးလေး တထပ်ပင် ခံထားလိုက်သေးသည်။ ကြည်နူးပီတိဖြင့် ကြည့်မိသော ကျနော့် မျက်လုံးထဲတွင် လွယ်အိတ်ကလေးက ပန်းချီကားတချပ်နှယ်။ နှစ်သက်မြတ်နိုးဖွယ်။ ခင်မင်ခြင်း လေးစားခြင်း အသိအမှတ်ပြုခြင်းတို့ဖြင့် ပြည့်လျှံနေသည့် လွယ်အိတ်လေးကို ကြည့်ရင်း ကျနော် သူ့ကို မေးခွန်းတခု မေးလိုက်သည်။

``ခင်ဗျား ဒါကို ချင်းရိုးရာ လွယ်အိတ် အစစ်လို့ ပြောနိုင်သလား။´´

သူ ရုတ်တရက် ကြောင်သွားပြီး ဘာဖြစ်လို့လဲဟု ပြန်မေးသည်။

``အဆင်အသွေး ဒီဇိုင်းကတော့ ချင်းရိုးရာ ဆိုတာ သိသာပါတယ်။ လွယ်အိတ်ပုံစံ အချိုးအစားနဲ့ ရက်လုပ်ပုံတွေက ရိုးရာအတိုင်းပဲလား၊ ခေတ်ဟန် ခေတ်နည်းလားလို့ သိချင်လို့ပါ။´´

``ကျနော် အဲသလောက်တော့ မသိဘူးဗျ။ ကျနော်တို့ ရိုးရာပစ္စည်းတွေက ဈေးကြီးတယ်။ ရှားတယ်။ ဒါကို အလွယ်တကူ ၀ယ်လို့ မရဘူး။ နေရာတိုင်းမှာ တင်ရောင်းတာမျိုး မဟုတ်ဘူး။ ရိုးရာပစ္စည်းဆိုင်တွေမှာ တကူးတက သွားဝယ်ရတာ။ အခုတော့ ဒါတွေကိုပဲ ရိုးရာပစ္စည်းအဖြစ် သုံးနေကြတာပါပဲ။ ခင်ဗျား ဘာပြောချင်တာ ရှိလို့လဲ´´ ဟု ဖြေလည်းဖြေ မေးလည်းမေးပါသည်။

ကျနော်က ``ဒီလိုပါ။ ကျနော်တို့ ကြားနေကျက ကချင်လွယ်အိတ် ကိုးဗျ။ အခု ချင်းလွယ်အိတ် ဆိုတော့ ဗြုန်းခနဲ နားထဲ ဆန်းသလို ဖြစ်သွားတယ်။ လွယ်အိတ်တွေမှာ အဆင်အသွေး ကွဲပြားသလို အရွယ်အစားနဲ့ ချုပ်ပုံဟန်ပန်လည်း မတူကြဘူးဗျ။ ဥပမာ ရှမ်းလွယ်အိတ်ဆိုရင် အောက်က ပန်းပွား မပါဘူးဗျာ။ ကရင်လွယ်အိတ်ဆိုရင် ကြိုးရှည်တယ်။ အဲသလိုပဲ ချင်းလွယ်အိတ်မှာကော ကိုယ်ပိုင်ဟန် ရှိသလားလို့ သိချင်တာပါ။´´ ဟု ရှင်းပြသည်။

သူငယ်ချင်းက တချက်စဉ်းစားပြီး သူ သေသေချာချာ မသိကြောင်း၊ အားလုံးကတော့ ဒီလိုပုံစံမျိုးကိုပဲ ရိုးရာလွယ်အိတ်အဖြစ် သုံးနေတာ ကြာပြီ ဖြစ်ကြောင်း၊ ရက်ပုံချုပ်ပုံ တွေကတော့ ခေတ်နည်းခေတ်ဟန်ပဲ လုပ်ကြတော့မှာ ဖြစ်ကြောင်း ပြန်ရှင်းပြပါသည်။

သူနှင့်ကျနော် လွယ်အိတ်အကြောင်း စကားဆက်မိကြရာ မြန်မာတိုင်းရင်းသားတိုင်းတွင် လွယ်အိတ်ကိုယ်စီ ရှိကြပြီး၊ မတူကွဲပြားသည့် ပုံစံ အဆင်အသွေး အစုံအလင် ရှိကြကြောင်း၊ ခုခေတ်မှာတော့ ဘယ်သူ့မူရယ်လို့ ခွဲခြားပြောဖို့ပင် ခက်လိမ့်မည် ထင်ကြောင်း၊ သေချာသည်မှာ ကျနော်တို့ မြန်မာတိုင်းရင်းသားများ အားလုံး လွယ်အိတ်ကို နှစ်နှစ်ကာကာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြကြောင်း စသဖြင့် ပြောဖြစ်ခဲ့ကြပါသည်။


(၂)

ကျနော်၏ ပထမအရွယ်သည် လွယ်အိတ်နှင့် လက်ပွန်းတတီး နေခဲ့ရသော ကာလများ ဖြစ်ပါသည်။ ကျောင်းသားဘ၀တွင် ချည်လွယ်အိတ်, ယောလွယ်အိတ်, ကချင်လွယ်အိတ်, ကရင်လွယ်အိတ် စသည်တို့ကို အမြဲကိုင်ခဲ့ရသည်။ အမဖြစ်သူ ရက်လုပ်ပေးသည့် ပိုးလွယ်အိတ် သိုးမွေးလွယ်အိတ် ပလတ်စတစ် လွယ်အိတ်များကိုလည်း ကိုင်ခဲ့ရဖူးသည်။ ထူးထူးခြားခြား ကိုင်ခဲ့ရဖူးသည်မှာ ပလတ်စတစ် ဇကာလွယ်အိတ် ဖြစ်သည်။ ထိုစဉ်က မဆလ ၀န်ကြီးတပါး နိုင်ငံခြားသွား၍ သံဇကာဝယ်ရာတွင် ပလတ်စတစ်ဇကာနှင့် မှားဝယ်လာသော ပစ္စည်းများဟု လူကြီးများက ပြောကြပါသည်။ ဘာလုပ်ရမှန်းမသိ၍ အပြင်ထုတ်ရောင်းရာ လေလံဆွဲသူတို့က အိတ်ချုပ်၍ ပြန်ရောင်းကြခြင်း ဖြစ်သည်။ ပလတ်စတစ်ဇကာ အစိမ်းရောင် အိတ်မျိုးစုံအနက် လွယ်အိတ်လည်း တပါး အပါအ၀င် ဖြစ်တော့သည်။

ကျနော်တို့ ဆယ်ကျော်သက်လောက်တွင် လွယ်အိတ်ဆိုင်ကြီးများ ပေါ်လာပြီး လွယ်အိတ် ဈေးကွက်လည်း အတော်ကြီးကျယ်လာသည်ကို သတိထားမိပါသည်။ အမျိုးအစားလည်း အတော် စုံလင်လာသည်။ အရောင်အသွေးလည်း ပိုမို များပြားလာသည်။ လွယ်အိတ်တွင် အလှအပ အဆင်တန်ဆာများလည်း တပ်ဆင်လာကြသည်။ ပန်းပွားများ, ချည်လုံးလေးများ, အရုပ်ကလေးများ, ခေါင်းလောင်း ခြူလုံးလေးများ အစုံအစုံ အပုံအပုံ ဖြစ်သည်။

ကျောင်းသားနှင့် လွယ်အိတ် ခွဲခြားမရသည့် ကာလတွင် လွယ်အိတ် ဖက်ရှင်တွေလည်း အမျိုးမျိုး ပေါ်လာခဲ့သည်ကို မှတ်မိနေသည်။ အစောပိုင်းက လွယ်အိတ်ကြိုးကို မကျေအောင် အပြားလိုက် ပခုံးစွန်းမှာ တင်ရုံလေး လွယ်သည်။ အချို့က ကော်တင်၍ မီးပူတိုက်ထား တတ်သေးသည်။ နောက်တော့ ကြိုးရှည်ရှည်ကို အထုံးထုံးပြီး လွယ်သည်။ အထုံးကို ပခုံးပေါ်မှာ မထား၊ ရှေ့ဖက်နားခပ်ကျကျမှာ ထားသည်။ တခါ လွယ်အိတ်သေးသေးကို ကြိုးအရှည်ကြီးနှင့် ဒရွတ်တိုက် လွယ်ကြသေးသည်။ တဖန် အိတ်ကြီးကြီးကို ကြိုးတိုတိုနှင့် လွယ်ကြပြန်သေးသည်။ အရွယ်ရောက်သည့် ကျောင်းသူတွေက လွယ်အိတ်ကို ပခုံးမှာလွယ်, လွယ်တဲ့ဖက်က လက်နဲ့ စာအုပ် နှစ်အုပ်လောက်ကို ကိုင်၍ ရင်မှာချပ်ထားသည်ကပင် ဖက်ရှင်တမျိုး ဖြစ်တော့သည်။ တချို့က ထမင်းဘူးကို တည့်တည့်လေးကိုင်၍ တောက်ဆတ်တောက်ဆတ် လျှောက်ကြသည်။

ကျနော် ငယ်ငယ်က လွယ်အိတ်ကို စလွယ်သိုင်းရမှ အားရသည်။ တခါတရံ ကြိုးကို ချိုင်းအောက်မှ လျှို, အိတ်ကို ခေါင်းမှကျော်, ကျောမှာချ၍ ကျောပိုးအိတ်လို လွယ်သည်။ ကျောင်းသားကြီး ဖြစ်လာတော့ လွယ်အိတ် ကြိုးရှည်ရှည်ကို ရွေး၍ ယင်းကြိုးတွင် ထီး, ထမင်းဗူး, အင်္ကျီ တခုခုကို ချည်ထားတတ်သည်။ ဒီစတိုင်မျိုး ထိုစဉ်က ခေတ်စားခဲ့သေးသည်။

ထိုကာလများက ကျောင်းသားတွေသာ မဟုတ် လူအများစုမှာ လွယ်အိတ်ကို ခုံခုံမင်မင် သုံးခဲ့ကြပါသည်။ ရုံးသူရုံးသား ၀န်ထမ်းလောက်ကလွဲ၍ ကျန်အလွှာအများစုက လွယ်အိတ် သုံးသည်ဟု ပြောနိုင်မည် ထင်ပါသည်။ စာရေးဆရာ ပန်းချီဆရာ အများစုကလည်း လွတ်အိတ်နှင့်။ ဈေးသည် စပယ်ယာတွေလည်း လွယ်အိတ်နှင့်။ ရဟန်းတော်များလည်း လွယ်အိတ်နှင့်။ တိုင်းရင်းသားတွေလည်း လူမျိုးတိုင်း လွယ်အိတ်ကိုယ်စီနှင့်။ အမေ့ရွာက လာကြသော ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေးတွေလည်း လွယ်အိတ်နှင့်။ မြို့မှာ အနေကြာပြီဖြစ်သော ကြီးတော် တယောက်သည်ပင် လွယ်အိတ်နှင့်။ ကြီးတော်က လွယ်အိတ်ကြိုးကို အိတ်နှင့် ကပ်သည်အထိ ချည်ထုံးပြီးမှ လက်က ဆွဲသည်။ သူ့မှာ ဖဲထီးတလက်လည်း အမြဲပါသည်။ နေ့စဉ်လိုလို အပြင်ထွက်နေရတတ်သည့် ကြီးတော်ကို ဘယ်တော့ကြည့်ကြည့် လွယ်အိတ်ချည်လျက် ဖဲထီးဆွဲလျက် တွေ့ရတတ်သည်။ ကြီးတော်သည် ခေါင်းချသည်အထိ စလင်းဘက် မကိုင်၊ လွယ်အိတ်ကိုသာ မြတ်နိုးစွာ ကိုင်သွားခဲ့သည်။

လွယ်အိတ်သည် မြို့အနှံ့ နယ်အနှံ့ ကျယ်ပြန့်စွာ ကိုင်ခဲ့ကြသည့် အသုံးအဆောင် ပစ္စည်းတခု ဖြစ်ပါသည်။ ပစ္စည်းထည့်စရာ အိတ်ဟူသည်မှာ လိုအပ်ချက်အရ ပေါ်လာသော အသုံးအဆောင် တခုဖြစ်ပါသည်။ မြန်မာတို့တွင် အိတ်ထောင်, ကြိုးအိတ်, ရှုံ့အိတ်, ကျောပိုးအိတ်, သားရေအိတ် စသဖြင့် များစွာ ရှိပါလိမ့်မည်။ နိုင်ငံခြားမှ ရောက်လာသော အိတ်မျိုးစုံကိုလည်း မြန်မာတို့ သုံးခဲ့ကြသည်သာ ဖြစ်ပါသည်။ ဘယ်လိုပင် အိတ်မျိုးစုံကို သုံးခဲ့ကြသည် ဖြစ်စေဦးတော့ လွယ်အိတ် အသုံးကတော့ တွင်ကျယ်မှု ကျမသွားခဲ့ဟု ထင်ပါသည်။

မြန်မာတို့၏ လွယ်အိတ် အသုံးတွင်ကျယ်မှု, နှစ်သက်မြတ်နိုးမှုကြောင့် လွယ်အိတ်သည် မြန်မာ့သင်္ကေတ တခု ဖြစ်လာခဲ့သည်။ လက်ဆောင်ပေး၍ ကောင်းသော ကိုယ်ပိုင်ပစ္စည်းတခု ဖြစ်လာခဲ့သည်။


(၃)

လွယ်အိတ်သည် လက်ဆောင်ပေး၍ ကောင်းသော ပစ္စည်း ဖြစ်လာချိန်မှစ၍ အသုံးမတွင်သော ပစ္စည်းတခု ဖြစ်လာခဲ့လေသလားဟု ကျနော် အတွေးပွားနေမိပါသည်။

ပြောင်းလဲလာသော ဘ၀နေဟန်က အရာရာတွင် တစိမ့်စိမ့် တအိအိ။ စားရေးသောက်ရေးတွင် မီးဖိုချောင် အချိန်ကို တတ်နိုင်သမျှ ချုံ့လို၍ ရယ်ဒီမိတ်တွေ ဗူးတွေ အထုပ်တွေကို အားကိုး လာရပြီ။ ၀တ်ရေးတွင် ပိတ်စ၀ယ်၍ ဆိုင်မှာ ချုပ်မ၀တ်ကြတော့။ ချုပ်ပြီးသားကို ကိုယ်နှင့်တော်တာ ရွေးဝယ်လိုက်ရုံဖြင့် ချက်ချင်း ၀တ်လို့ရလာပြီ။ နည်းနည်းပါးပါး အမြင်ရှိလျှင် ဖက်ရှင်ဝတ်လို့ ရလာပြီ။ သို့နှင့်တပါတည်း အခြား အသုံးအဆောင်များကိုလည်း ဖက်ရှင်ကျအောင် ၀ယ်လို့ ရလာပြီ။ မြန်ဆန်သည်။ လွယ်ကူသည်။ အသုံးတွင်သည်။ ဘ၀နေဟန်ကိုက မြန်ဆန် လွယ်ကူ အသုံးတွင်မှုကို ဦးစားပေး ရွေးချယ်သည့် စတိုင် ဖြစ်လာသည်။ ထိုရွေးချယ်မှု စတိုင်အရ လွယ်အိတ်သည် လူကြိုက်နည်း ပစ္စည်းစာရင်းသို့ တစတစ ရောက်လာရတော့သည်။

မူလတန်းမှစ၍ တက္ကသိုလ်အထိ ကျောင်းသား အများစု၏ ရွေးချယ်ချက်က ကျောပိုးအိတ် ဖြစ်လာသည်။ အရောင်အသွေး အဆင်ဒီဇိုင်း စုံလင်သော ကျောပိုးအိတ်များက ကလေးတွေကို ကောင်းကောင်း မြှူဆွယ်နိုင်ကြသည်။ နာမည်ကျော် တံဆိပ်တွေ ဖက်ရှင်တွေက ဆယ်ကျော်သက်တို့ အသည်းစွဲ ဖြစ်လာကြသည်။ မိဘများကလည်း လုံခြုံပေါ့ပါး ဈေးမများသော ကျောပိုးအိတ်ကိုပဲ အလွယ်တကူ ၀ယ်ပေးလိုက်ကြတော့သည်။ ရေစိုမခံ, အဖုံးမလုံသော ချည်လွယ်အိတ်များက အဖုံးပါသည့် ပလတ်စတစ်တို့ သားရေတို့ကို မယှဉ်နိုင်တာလည်း အမှန်ပင်။

ကျနော်ကိုယ်တိုင်ပင် စာသင်ခန်းများကို ကျော်ဖြတ်ခဲ့ပြီးနောက် လွယ်အိတ်အသုံးမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ လုပ်ငန်းခွင်၏ လိုအပ်ချက်အရ လွယ်အိတ်မဟုတ်သော အခြားအိတ် အမျိုးမျိုးကို အခါခါ ပြောင်းလဲ သုံးစွဲခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ ထုတ်လုပ်သော လက်ဆွဲ, ကျောပိုး, ပခုံးသိုင်း, အချို့ နှစ်မျိုးသုံးမျိုးရ စသည့် အိတ်တွေကလည်း အမျိုးမျိုး အဖုံဖုံ စုံမှစုံ။ ဈေးတွေထဲမှာလည်း ထိုထိုသော အိတ်မျိုးစုံ အရောင်းဆိုင်တွေက များများလာပြီး, လွယ်အိတ်ဆိုင်တွေက နည်းနည်းလာသည်ကို သတိထားမိသည်။ အလွှာအသီးသီးမှာ ကျင်လည်ကြရသူ အများစုသည် လွယ်အိတ်နှင့် အံဝင်ခွင်ကျ မဖြစ်တော့တာ အတော်ပင် ကြာခဲ့ပြီ ထင်သည်။

တကယ်တော့ လွယ်အိတ်မှသာ မဟုတ်ပါ ကျနော်တို့တတွေ နေ့စဉ် သုံးစွဲနေသော သံမဏိ ကြာရှည်ခဲ့သည့် အသုံးအဆောင် အတော်များများသည် တဖြည်းဖြည်းနှင့် အငြိမ်းစားယူဖို့ တာစူနေကြပြီ ဖြစ်သည်။ ပုဆိုးနှင့် ထမီသည် ဘောင်းဘီကို နေရာပေး၍ အိမ်တွင်းပုန်းရန် ပြင်ဆင်နေသည်။ တိုက်ပုံလည်း ခပ်နွမ်းနွမ်းနှင့် ချောင်မှာ ကုပ်နေတာ ကြာပြီ။ ရင်ဖုံး ရင်စေ့ အင်္ကျီလည်း မျက်နှာမသာယာတော့။ ညှပ်ဖိနပ်ကတော့ ရှူးဖိနပ်တို့ ဝေါ့ကင်းရှူးတို့ကို တချိန်က ယှဉ်ထိုးနိုင်ခဲ့သေးသည်။ ခုတော့ သားရေ ပလတ်စတစ် ကွင်းထိုး, ညှပ် စသည့် အပေါင်းအဖော် အစုံအလင်၏ ထိုးနှက်ချက်ကြောင့် ပြိုင်ပွဲမှ ထွက်ရတော့မည်။ လွယ်အိတ်လေးလည်း ကျောပိုးအိတ်ကို နေရာပေး၍ လက်ဆောင်ဘ၀သို့ မြန်းရပေတော့သည်။

နောက်ကြောင်းကို ပြန်ကြည့်တော့ ပုဆိုး, ထမီ, တိုက်ပုံ, ညှပ်ဖိနပ် ဆိုတာတွေလည်း သူ့ရှေ့က တောင်ရှည်ပုဆိုး, ပလာထမီ, ရင်ဖုံးအင်္ကျီ, ခြေနင်း ဆိုတာတွေကို အလဲထိုး နေရာယူခဲ့ကြတာပဲ မဟုတ်ပါလား။ တောင်ရှည်ပုဆိုးရဲ့ ရှေ့ကိုကြည့်ရင်လည်း သူ့ခေတ်နဲ့သူ ရှိခဲ့ဦးမှာ ဖြစ်ပါသည်။ ခေတ်အလျောက် လိုအပ်ချက်အရ လူ့အကြိုက်ရ အရာရာကတော့ ပြောင်းလဲစီးဆင်းနေမည် ဖြစ်ပါသည်။

အသစ်အသစ်တို့ နေရာရလာတော့ အဟောင်းအဟောင်းတို့ ဖယ်ပေးကြရသည်မှာ ဓမ္မတာပဲ ဖြစ်ပါသည်။ ထိုအခါ အဟောင်းအဟောင်းတို့သည် `ရိုးရာ´ဟူသော သေတ္တာကြီး အတွင်း သွတ်သွင်းခြင်းဖြင့် အဆုံးသတ်ကြရလေတော့သည်။


(၄)

ရိုးရာ ဆိုသည်မှာ ထိန်းသိမ်းအပ်သော အရာလည်း ဖြစ်သလို၊ အသုံးဝင် တွင်ကျယ်အောင် မွမ်းမံ ချဲ့ထွင်အပ်သော အရာလည်း ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ ယနေ့ခေတ် ကမ္ဘာတ၀န်း တွင်ကျယ်နေသော အသုံးအဆောင် အများစုမှာ သူသူကိုယ်ကိုယ်တို့၏ ရိုးရာပစ္စည်းများမှ တဆင့်တိုးမြင့် ထုတ်လုပ်လာသော ပစ္စည်းများသာ ဖြစ်ပါသည်။

နမူနာပြ၍ အကောင်းဆုံးမှာ အားလုံးသိကြသည့် ဂျင်းဘောင်းဘီနှင့် ကန်းထရီးရှူး ဖြစ်ပါသည်။ သတ္ထုတွင်း လုပ်သားများ အတွက် ရည်ရွယ်ထုတ်လုပ်သည့် အကြမ်းခံ ဂျင်းဘောင်းဘီသည် ယနေ့ ဘယ်မျှ ကျယ်ပြန့် နေပြီနည်း။ အမေရိကန် နွားကျောင်းသားတို့၏ သားရေလည်မြင့် ထိပ်ချွန်ရှူးဖိနပ်ကလည်း အလွန် စမတ်ကျသည့် စတိုင်ဖြစ်နေပြီ။ တရုတ်ရိုးရာ ဂျင်ဆင်း, ဂျပန်ရိုးရာ ဆူရှီ, ကိုရီးယားရိုးရာ ကင်ချီ အစရှိသည်တို့လည်း ကမ္ဘာတလွှား နေရာယူလာကြပြီ။ ထိုပစ္စည်းများမှာ မူလ ရိုးရာအတိုင်း ထုတ်လုပ်နေကြခြင်း မဟုတ်တော့ပါ။ မွမ်းမံပြုပြင်၍ အသုံးဝင် တွင်ကျယ်အောင် ပြင်ဆင် ထုတ်လုပ်ထားကြခြင်း ဖြစ်ပါသည်။

မည်သည့်လူမျိုး၏ မည်သည့် အသုံးအဆောင် ပစ္စည်း အနုပညာမဆို အသုံးဝင် တွင်ကျယ်လျှင် လက်ခံ သုံးစွဲကြစမြဲသာ ဖြစ်ပါသည်။ အာဖရိကန်တွေ တီးသည့်ဗုံကို အံဝင်အောင် ပြုပြင်ပြီး ရော့ခ်ဂစ်တာဝိုင်းထဲ ထည့်လိုက်တော့ မြန်မာတွေက အထူးအဆန်းလုပ်၍ တီးလာကြသည်။ ဗမာဗုံကို အဲသလိုထည့်ဖို့ ဘာကြောင့် မစဉ်းစားခဲ့သလဲဟု မေးခွန်းထုတ်ကြည့်ဖို့ ကောင်းပါသည်။

ကျနော်တို့သည် ဆန်စားသော လူမျိုးဖြစ်သည်။ ခေတ်မီပြီဆိုပြီး ဂျုံစားကြမည် မဟုတ်ပါ။ ဆန်သည် ရိုးရာ အစားအစာ ဖြစ်ပါသည်။ ထို့ကြောင့် ဆန်ထုတ်လုပ်မှုကို ရိုးရာအဖြစ် သဘောထား၍မရဘဲ ခေတ်အလျောက် တွင်ကျယ်အောင် မွမ်းမံ တိုးချဲ့ရမည် ဖြစ်ပါသည်။ ထိုနည်းတူပင် ကျနော်တို့တွင် ရှိသည့် အသုံးအဆောင်, ပစ္စည်း, အနုပညာ အစရှိသည်တို့ကို ရိုးရာစာရင်းထဲ ထည့်လိုက်ရုံဖြင့် တာဝန် ကျေပြီဟု ဆိုနိုင်မည် မထင်ပါ။ ထိုရိုးရာတွေထဲတွင် တွင်ကျယ်အောင် လုပ်နိုင်သည့် အရာတွေ အများကြီး ရှိနေသည်ကို သတိပြုအပ်ပါသည်။

မြန်မာ့ရိုးရာ သနပ်ခါးသည် အလှအပ ပစ္စည်းထုတ်လုပ်နိုင်သော အဓိက ကုန်ကြမ်း ဖြစ်ပါသည်။ သနပ်ခါးကို သွေးလူးသည့် အဆင့်မှ နိုင်ငံတကာ တန်းဝင် အလှကုန်ပစ္စည်း ထုတ်လုပ်နိုင်အောင် ကြိုးစားမည်ဆိုရင် မြန်မာ့ရိုးရာက ကမ္ဘာ့ရိုးရာ ဖြစ်လာနိုင်ပါသည်။ မြန်မာ့ လက်ဖက်သည်လည်း အလှကုန်ထုတ်သည့် အကောင်းစား ပစ္စည်းတမျိုး ဖြစ်ပါသည်။ ထန်းလျက်ကို ခေတ်မီ အစားအစာ ဖြစ်အောင် ပြုပြင်နိုင်လျှင် အညာက ထန်းသမားတို့ဘ၀ကို မြှင့်တင် ပေးနိုင်လာမည် ထင်ပါသည်။ အခြား ကုန်ကြမ်း များစွာလည်း မြန်မာပြည် တနံတလျားတွင် ရှိပါလိမ့်ဦးမည်။

ကိုယ့်ရိုးရာ ပစ္စည်းတွေကို ရိုးရာတံဆိပ်ကပ်၍ လက်ဆောင်ဖြစ်ရုံ ထုတ်လုပ်သည့် အဆင့်မှ အသုံးဝင် ပစ္စည်းဖြစ်အောင် ထုတ်လုပ်နိုင်လျှင်… ဟူသော အတွေးသည် လက်ဆောင်ရသော အနီရောင် လွယ်အိတ်လေးကို ကြည့်ရင်း ကျနော့်အာရုံတွင် အမျှင်တန်းနေမိသည်။


(၅)

လွန်ခဲ့သည့် လေးငါးနှစ်က မိတ်ဆွေအချို့ လွယ်အိတ်လွယ်သည်ကို မြင်၍ `ကျနော်လည်း လွယ်ချင်လိုက်တာဗျာ´ဟု ပြောမိခဲ့ဖူးသည်။ နိုင်ငံရပ်ခြားတွင် ကိုယ့်ရိုးရာ ပစ္စည်းတွေနှင့် ဝေးကွာနေသော အချိန်၌ အမှတ်မထင် မြင်လိုက်ရသောအခါ ငယ်ပေါင်းတယောက်နှင့် ပြန်တွေ့ရသလို ကြည်နူးမိသည်။ အခြားအိတ်များနှင့်မတူ တဘာသာဆန်းသော အဆင်ဒီဇိုင်းက ချစ်စရာ ဖြစ်နေသည်။ ဆွဲဆောင်မှု ရှိသည် ထင်သည်။ သို့သော် ကျနော် မလွယ်ဖြစ်ခဲ့ပါ။

ပြည်ပတွင် ကိုယ့်ရိုးရာ ပစ္စည်းတခုကို ကိုင်ဆောင်ဖို့ အလွယ်တကူ မဖြစ်နိုင်ကြောင်း လက်တွေ့ကြုံမှ သိရပါတော့သည်။ ပထမအချက်က အမြင်ဆန်းနေ၍ လူဝိုင်းကြည့်ခံရခြင်း ဖြစ်သည်။ လူကြည့်ခံရသည့် ဒုက္ခက အချို့ ပြဿနာ မရှိနိုင်သော်လည်း အချို့မှာတော့ အတားအဆီးတခု ဖြစ်နေတတ်သည်။ အထူးသဖြင့် တရားမ၀င် နေထိုင်ကြရသူတွေအဖို့ မလိုအပ်ဘဲ မြင်သာမည့် ကိစ္စကို ရှောင်ကြရသည်။ ဒုတိယအချက်က ကိုယ့်ပစ္စည်းက သေးနုပ်နေသလို ခံစားနေရတတ်သည်။ ကိုယ့်ဆီက လက်ဖြစ် ချုပ်လုပ်ရတာ ဖြစ်၍ မသေမသပ်, မလှမပတာတွေ ရှိနိုင်သည်။ အမျိုးအစား ညံ့နိုင်သည်။ အခြား ဈေးကွက်ဝင် ပစ္စည်းတွေနှင့် ယှဉ်လိုက်လျှင် သိသိသာသာ ကွာခြားနေတတ်သည်။ တတိယအချက်က စပ်စုခံရတတ်သည်။ အချို့က အားမနာတမ်း စပ်စုသည်။ အချို့က မြန်မာလည်း မသိ၊ ဗမာလည်း မသိ။ ကိုယ် ရှင်းပြလို့လည်း လိပ်ပတ်မလည်။ တခါတရံ စိတ်တိုစရာမျိုးနှင့် ကြုံရတတ်သည်။

ထိုအခက်အခဲများကို ရင်ဆိုင်ရန် အတော်အတန် အားမွေးပြီးနောက် ကချင်လွယ်အိတ် အစိမ်းရောင်လေး တခုကို ကျနော် ၀ယ်ကိုင်ပါသည်။ သို့သော် နေရာတကာ ကိုင်နိုင်သည်တော့ မဟုတ်ပါ။ လွယ်အိတ်ကလေးက သယ်ဆောင်နိုင်သည်မှာ စာအုပ် တအုပ်နှစ်အုပ်, မျက်မှန်, မှတ်စု, ဘောပင်, လက်ကိုင်ဖုန်း ဒီလောက်မျှသာ ဖြစ်သည်။ လွယ်အိတ်က ကွန်ပျူတာလည်း ထည့်လို့ မရ။ ပစ္စည်းများများ သယ်စရာရှိလျှင် အခြား အိတ်ကိုသာ ကိုင်ရပြန်သည်။ လွယ်အိတ်ကိုင်နိုင်မည့် အခွင့်အလမ်းက အတော်နည်းပေသား။

အသုံးဝင်မှုအရ ကြည့်လျှင် လွယ်အိတ်ကလေးသည် ဘီဒိုထဲမှာပင် နိဂုံးချုပ်ရမည့်ကိန်း ဖြစ်သည်။ သို့ရာတွင် ပစ္စည်းများများ သယ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး အလွယ်တကူ သွားလာလိုသည့် အခါမှာတော့ လွယ်အိတ်က အလွန် အသုံးဝင်ကြောင်း လက်တွေ့ သိလာရပါသည်။ အခြားအိတ်တွေက ခမ်းခမ်းနားနား အိတ်ကြီး တကားကားနှင့် ဖြစ်နေတတ်သည်။ ပေါင်ပေါ်တင် မရ။ ဘေးမှာ ချရ။ ဟိုပေါ်တင်ရ ဒီပေါ်တင်ရ။ လွယ်အိတ်ကတော့ ကိုယ်မှာ ချပ်လို့။ ထိုင်လျှင် ပေါင်ပေါ်တင်, ရပ်လျှင် ပခုံးမှာချိတ် အတော် နိပ်သည်။ ယူစရာ ငင်စရာရှိလျှင် လက်တနှိုက်နှင့် ပြီးသည်။ ဘာဇစ်မှ ဖွင့်စရာ မလို။ ခလုတ်တွေ နှိပ်စရာ မလို။ ဖျပ်ခနဲ ချပ်ခနဲ။

ပြီးတော့ လွယ်အိတ်ကလေးက ကျနော့်ကို ကြည်နူးစရာကလေးများ မကြာခဏ ဆောင်ယူလာ ပေးတတ်ပါသည်။ အခမ်းအနား အချို့တွင် လွယ်အိတ်လွယ်ထားရုံနှင့် ကျနော့်ကို မြန်မာမှန်း သိကြပြီ။ ခင်မင်သူ မြန်မာများက အခုမှ စာရေးဆရာနဲ့ ပိုတူလာပြီလို့ နောက်တတ်ကြသည်။ အသိသာဆုံးကတော့ မြင်သူတိုင်းက ကျနော့်ကို နိုင်ငံခြားသားမှန်း တန်းခနဲ သိပြီ။ ဒီတော့ အချို့ကိစ္စတွေ အလွယ်တကူ ပြေလည် ရပြန်သည်။ စပ်စုသူအချို့က `အိတ်ကလေးက လှလိုက်တာ´လို့ ဆိုလာရင် ကိုယ်က ခပ်ကြွားကြွားနဲ့ `ဒါ ငါတို့ ရိုးရာ´လို့ ပြောတတ်လာပြီ။ အချို့က `ဘယ်မှာ ၀ယ်လို့ရလဲ´လို့ မေးလာရင်တော့ သိပ်မဖြေချင်။ ရင်ထဲက `ဘယ်မှာမဆို ၀ယ်လို့ရတယ်´ လို့ ပြောချင်ပေမဲ့ `အိမ်က ပို့ပေးတာ´ပါလို့ ခပ်ဆိတ်ဆိတ် ဖြေရသည်။

နှစ်အတန်ကြာ ကွဲကွာနေသော လွယ်အိတ်ကို ပခုံးမှာ ချိတ်၍ အပြင်ထွက်သည့်အခါ ကိုယ့်ပြည် ကိုယ့်ရွာမှာပဲ လျှောက်သွားနေသလိုလို၊ ကိုယ့်တိုင်းပြည်က လေပြေအေးကို ရှူလိုက်ရသလိုလို၊ ကြည်နူးနေမိသည်ကတော့ အမှန်ပင်။ ခုဆိုရင် ကျနော့်မှာ ကချင်လွယ်အိတ် တလုံး၊ ချင်းလွယ်အိတ် တလုံး၊ နှစ်လုံး ရှိပြီ။ အစိမ်း နဲ့ အနီ။ အပြင်ထွက်သည့်အခါ တလှည့်စီ ကိုင်ရမည်။ နောင် အကြောင်းသင့်လို့ ယောလွယ်အိတ်, ရှမ်းလွယ်အိတ်, ရခိုင်လွယ်အိတ် စသည့် အရောင်စုံ အသွေးစုံ ကိုယ့်တိုင်းရင်းသား လွယ်အိတ်လေးတွေ ၀ယ်လို့ရရင်လည်း ၀ယ်ကိုင်ရဦးမည်။

ခေတ်မီ အိတ်တွေက ကောင်းလည်းကောင်း အသုံးလည်းဝင် ပါသည်။ သူတို့ကို သူ့နေရာနှင့်သူ သုံးရမည်။ လွယ်အိတ်လေးကတော့ ကိုယ်ပိုင် ပစ္စည်းအဖြစ် ပခုံးထက်မှာ ထာဝစဉ် ရှိနေပေလိမ့်မည်။ ။

ဝင်းပေါ်မောင်

3 comments:

Salai KyawKyaw said...

ကိုပေါ်ရေ ဆောင်းပါးတော့ကောင်းပါတယ်။ချင်းလွယ်အိတ်လေးအကြောင်းသိချင်ရင်တော့ ပြောပြလို့ရပါတယ်။ချင်းလူမျိုး၊ လူမျိုးကြီး(၇)မျိုးစလုံးမှာ ဘိုးဘေ ကတည်းကရှိပါကြောင်း ပြောပါရစေ။

Anonymous said...

ချင်းလွယ်အိတ်က ဘေးမှာ ကန့်လန့်ကြီးမဟုတ်လားဗျ။

အောင်ခိုင်(မန်း) said...

ကိုကြီးပေါ်.....ရေ
GOOD တယ် ဗျာ။^_^
မိုးမခမှာ ဖတ်ပြီးကတည်းက comment ၀င်ရေးမယ်လို့
စဉ်းစားထားတာ။ကောင်းလိုက်တာ ဗျာ။ကျောင်းသားဘ၀ ကချင်လွယ်အိတ် အနီလေးကို သတိရလိုက်တာ လွန်ပါရော ဗျာ